News

POST TYPE

FEATURE

ကျောက်စိမ်းမြေ တိုက်ပွဲရှောင်စခန်းက ဂျာနန်
20-Jan-2020

နှင်းငွေ့ဝေနေသည့် ဆောင်းနံနက်ခင်းတွင် ထိုးထွက်လာသောနေရောင်သည် ဖားကန့်ကျောက်စိမ်းရတနာမြေပေါ် ဖြာကျလာသည်။ ဖားကန့်မြို့နှင့် တစ်မိုင်ခန့်အကွာ ရွာအစွန်နားရှိ ဘုရားကျောင်းတစ်ခုတွင် ခရစ္စမတ်နေ့အတွက် ပြင်ဆင်နေကြသည်။ ဘုရားကျောင်းဝင်းဘေးနားတွင် အဆောင်တန်းလျားရှည်များကို ၁၅ ပေအခန်းများ ကန့်ထားသည်။အမျိုးသမီးအချို့ နေပူဆာလှုံနေကြသည်။

ထိုအချိန်တွင် ဆယ်ကျော်သက်အမျိုးသမီးသည် ဖြာထွက်နေသောနေရောင်ကို လက်ကလေးဖြင့်ကာ၍ လမ်းလျှောက်လာသည်။ သူ့ပုံစံက သွက်သွက်လက်လက်။

သူကားဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ ရိုမန်ကက်သလစ်ဘုရားကျောင်းရှိ တိုက်ပွဲရှောင်စခန်းတွင် ၈ နှစ်ကြာ နေထိုင်လာသူဖြစ်သည်။ ထိုတိုက်ပွဲရှောင်စခန်းတွင် တစ်ဦးတည်းသောတက္ကသိုလ်တက်နေသူ။သူ့အမည်က ဂျာနန်။လက်ရှိတွင် အဝေးသင်တက္ကသိုလ်ကို ဒဿနိကဗေဒဘာသာရပ်ဖြင့် ပထမနှစ်ကို မြစ်ကြီးနားတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီးဖြစ်သည်။

ဂျာနန်သည် ဖားကန့်မြို့နှင့် နာရီဝက်ခန့်ကားဖြင့်သွားရသော ဆတ်ခတ်ခူးရွာတွင် မွေးဖွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သတ္တမတန်းကျောင်းတက်နေသည့်အခါ တပ်မတော်နှင့် ကေအိုင်အေ တို့တိုက်ပွဲများဖြစ်ပွားသောကြောင့် သူတို့မိသားစုသည် နေရပ်ကိုစွန့်ခွာကာ နမ္မဖြစ် ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် တိုက်ပွဲရှောင်ဒုက္ခသည်များအဖြစ် လာရောက်ခိုလှုံခဲ့ကြသည်။

ထိုအချိန်က ဂျာနန်သည် ၁၂ နှစ်အရွယ်။သူတို့ ရွာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားတော့မည်ကို ကြိုသိကြသည်။ရွာလူကြီးက အထုပ်အပိုးများ ပြင်ထားကြရန် ကြိုသတိပေးထားသည်။ဆတ်ခတ်ခူးရွာသည် တောင်အောက်၌တည်ရှိသော ရွာလေးဖြစ်ပြီး တစ်ညတွင် တောင်ပေါ်၌ သေနတ်ပစ်ခတ်သံများ စကြားရသည့်အချိန်မှာ တစ်ရွာလုံးကိုယ့်အထုပ်ကိုယ် တစ်နိုင်တစ်ပိုင်ဆွဲပြီး ပြေးကြသည်။

အချို့က ဆိုင်ကယ်နှင့်ပြေးသည်။အချို့က ခြေလျင်။အချို့မိသားစုများက တောထဲသို့ဝင်ပြေးကြသည်။ဂျာနန်တို့မိသားစုက အတူနေရွာသားများနှင့် ဖားကန့်မြို့အနီးရှိ နမ္မဖြစ်ကျေးရွာ ရိုမန်ကက်သလစ်ဘုရားကျောင်းသို့ ပြေးလာကြခြင်းဖြစ်သည်။

ထိုဘုရားကျောင်းတွင် ဂျာနန်တို့ ဆတ်ခတ်ခူးရွာအပြင် မှော်မောင်းဘွမ်း၊ အင်ဗလခ၊ ဝှေ့ခါ၊ ဂျာလန်၊ ကံစီး စသောကျေးရွာ ၇ ရွာမှ အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂၂၇ ဦး ခိုလှုံကြသည်။

"သေနတ်သံတွေ ကြားတဲ့အချိန် လူလည်းဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။အင်္ကျီ ထုပ်ပဲ ဆွဲရမလား၊ ပစ္စည်းတွေဆွဲရမလား၊ ကြောက်ကလည်း ကြောက်၊ လူနဲ့စိတ်တောင် မကပ်တော့ဘူး" ဟု ဂျာနန်က ထိုအချိန်က ကြုံခဲ့ရပုံကို ပြန်လည်ပြောပြသည်။

ဘုရားကျောင်းတွင်နေထိုင်ရင်း နမ္မဖြစ်အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။သူကျောင်းကို စရောက်စတွင် ဆရာမများက စစ်ပွဲရှောင်ဒုက္ခသည် ဆိုသည်ကို နားမလည်ဟုပြောဆိုခဲ့သည်။စာသင်ကျောင်းတွင် ဒုက္ခသည်စခန်းမှ လာရောက်သင်ကြား ရသည့်အတွက် အရာရာမျက်နှာငယ်ခဲ့ရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်နှစ်တွင် ဖားကန့်မြို့ပေါ်၌ ဘော်ဒါဆောင်သွားနေခဲ့သည်။မိဘများက တောင်ရာခုတ်၊ အခင်းစိုက်၍ မရှိ ရှိတာလေးဖြင့် ပညာသင်ကြားစေခဲ့သည်။

"မိသားစုက အဆင်မပြေတဲ့အတွက် စိတ်အရမ်းညစ်ရတယ်။ဒါပေမဲ့ စိတ်အားတင်းပြီး ကျော်ဖြတ်ရတာပဲ" ဟု ဂျာနန်ကဆိုသည်။

ဂျာနန်သည် မိသားစုကမရှိသည့်ကြားက ကျောင်းတက်ခဲ့ရသည့်အတွက် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ရမည်ဟူသော ခံယူချက်ဖြင့် ကြိုးစားခဲ့သည်။မိသားစုဝင်တွေ အကုန်အလုပ်လုပ်နေသည်ကို သူတစ်ယောက်တည်းသုံးသလို ဖြစ်နေသည်ဟုလည်း ခံစားရသည်။ ထို့ကြောင့် ကျောင်းတက်နေသည့်ကာလများတွင် ချွေတာစွာသုံးစွဲသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုက်ပွဲရှောင်စခန်းများမှ ဂျာနန်အပါအဝင် သုံးဦးဖြေဆိုခဲ့သည်။ဂျာနန်တစ်ယောက်တည်းသာ အောင်မြင်ခဲ့ပြီး အဝေးသင်တက္ကသိုလ်တက်ရောက်ရန် ကိုယ့်ဘာသာရှာရသည်။ကနဦး ဆွေမျိုးအိမ်တွင် အလုပ်လုပ်သည်။နောက်ပိုင်း အထည်ဆိုင်တွင် လစာ ရှစ်သောင်းဖြင့် အလုပ်ရခဲ့သည်။အလုပ်မှရသည့်ငွေများကိုစုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဒဿနိက အဝေးသင်တက္ကသိုလ် ပထမနှစ်တက်ရောက်ခဲ့သည်။


ကျောင်းတက်ပြီးသည့်နောက်တွင် အထည်ဆိုင်တွင် အလုပ်မလုပ်တော့။လက်ရှိတွင် စက်ချုပ်သင်နေသည်။ဂျာနန်တွင် အိပ်မက်တစ်ခုရှိသည်။ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ရင်း မိသားစုကိုအလုပ်အကျွေးပြုချင်သည်။ပထမခြေလှမ်းအဖြစ် စက်ချုပ်ဆိုင်လေး ဖွင့်မည်၊ အဆင်ပြေလာလျှင် အထည်စဆိုင်ခန်းလေးပါ တွဲဖွင့်ချင်သည်။

သူ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။အဘယ်ကြောင့်ဆိုသော် တိုက်ပွဲရှောင်စခန်းအတွင်း စက်ချုပ်ပြီး ဆိုင်ခန်းဖွင့်နိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။နောက်အချက်တစ်ခုမှာ ဖားကန့်မြို့ပေါ်ဒေသခံတို့က တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများကို ယုံကြည်မှုမရှိကြခြင်းဖြစ်သည်။

နောက်တစ်ချက်က တိုက်ပွဲရှောင်စခန်းတွင် နေထိုင်သူအများစုမှာ ကချင်လူမျိုးများဖြစ်ကာ အမျိုးသမီးအများစုဖြစ်နေခြင်းမှာ အမျိုးသားများသည် ကေအိုင်အေလက်နက်ကိုင်များဖြစ်ပြီး ဇနီးမယားများမှာ တိုက်ပွဲရှောင်စခန်းတွင် ဒုက္ခသည်အဖြစ်နေထိုင်ကြသည်ဟု ဖားကန့်မြို့ပေါ်ဒေသခံတို့က ထင်မြင်ကြသည်။

ဖားကန့်မြို့တွင် ကျောက်စိမ်းဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦး၏ အဆိုအရမူ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်ရှောင်များကို အကြောင်းပြု၍ ကျောက်စိမ်းလုပ်ငန်းရှင်များအပါအဝင် ဒေသခံများက လှူဒါန်းငွေများဖြင့် ရန်ကုန်မြို့တွင် တိုက်ခန်းဝယ်ထားကြသူ များ ရှိနေသည်။ထို့ကြောင့် ခွဲခြားဆက်ဆံမှုများလည်း ရှိနေသည်။တိုက်ပွဲရှောင်စခန်းကဆိုလျှင် အထင်သေးကြသည်။အပြင်မှာ အလုပ်ထွက်လုပ်သည့်အခါတွင် ပုံမှန် နေ့စားခ တစ်သောင်းပေးလျှင် တိုက်ပွဲရှောင် စခန်းကဆိုလျှင် ရှစ်ထောင်သာပေးသည်။

ထို့အတွက် တိုက်ပွဲရှောင်စခန်းတွင် နေထိုင်သူတို့က ကျောင်း၊ ဆေးရုံဆေးခန်းများပါဝင်သည့် ရွာသစ်လေး တည်ပေးစေချင်နေကြသည်။ လက်ရှိတွင် မြစ်ကြီးနားခရိုင်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ချင်သည် ဆိုပါက အစိုးရက ကူညီပို့ဆောင်ပေးနေပြီဖြစ်သည်။ထိုအစီအစဉ်သည် ဖားကန့်ရှိ တိုက်ပွဲရှောင်စခန်းများတော့ မပါဝင်သေးပေ။

နမ္မဖြစ် ရိုမန်ကက်သလစ်ဘုရားကျောင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဒေါ်ဂျာအောင်ကမူ "IDP စခန်းမှာ လုံးဝ မနေချင်တော့ဘူး" ဟု ဆိုသည်။

သို့သော်လည်း မနေချင်၍လည်းမရ။ဆက်နေ ရဦးမည်။ရုန်းကန်ရင်း နေရပ်ပြန်နိုင်ရေး သို့မဟုတ် နေအိမ်ရရှိရေးကို မျှော်ရဦးမည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းကမူ "အန်ကယ်တို့ရဲ့ပြည်သူတွေဟာ ဒီစခန်း (တိုက်ပွဲရှောင်စခန်း) မှာနေရင် အန်ကယ်တို့မှာ တာဝန်ရှိတယ်လေ။တာဝန်ရှိတဲ့အလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်အောင် အားလုံးကိုဆောင်ရွက်ပေးရမှာ နိုင်ငံ တော်ရဲ့တာဝန်ပဲ" ဟုဆိုသည်။

ကချင်ပြည်နယ် နေရပ်ပြန်ထားရေးကော်မတီက ကျေးရွာ ၁၇ ရွာကို ပိုက်လော့ပရောဂျက်အနေနှင့် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိပြီး ထို ၁၇ ရွာက မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူများကို မူရင်းနေရပ်သို့ ပြန်ပို့ပေးနေပြီး အစိုးရက ၆ လတိတိ ရိက္ခာစရိတ်ကူညီထောက်ပံ့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဂျာနန်တို့ကဲ့သို့ ဖားကန့်တစ်ဝိုက်တွင် ခိုလှုံနေရသော တိုက်ပွဲရှောင်များလည်း ထိုအခွင့်အရေးမျိုးရချင်နေကြသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ အစည်းအဝေးများတွင် သူတို့ကြုံတွေ့နေရသော အခက်အခဲများကို ရင်ဖွင့်ချင်ကြသည်။ မြစ်ကြီးနားတွင်လုပ်သော ဆွေးနွေးပွဲများတွင် ဂျာနန်တို့ တိုက်ပွဲရှောင်စခန်းက ဘယ်တော့မှမတက်ခဲ့ရ။

လတ်တလောတွင် ကေအိုင်အေလက်နက်ကိုင် အဖွဲ့အစည်းက အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးရန် သတင်းများထွက်ပေါ်လျက်ရှိသည်။ကျောက်စိမ်းနယ်မြေရှိ တိုက်ပွဲရှောင်စခန်းတွင် နေထိုင်သူများအတွက်လည်း နေရပ်ပြန်ရရန် မျှော်လင့်ချက်ရှိလာသည်ဟု ၎င်းတို့ကဆိုကြသည်။

"ငြိမ်းချမ်းရေးအတွက် အစည်းအဝေးတွေလုပ်တဲ့အခါ ကျွန်မတို့အတွက် ထည့်သွင်းစဉ်းစားပေးစေချင်တယ်" ဟု ဂျာနန်ကဆိုသည်။

နေရောင်သည် တောင်ကိုဖြိုချောင်းကိုမြေလှန်ထားသည့် ကျောက်စိမ်းရတနာမြေပေါ် ဖြာဆင်းကာ ဆောင်းအငွေ့အသက်များကို ဖယ်ရှားပစ်သည်။တစ်ချိန်က လက်နက်သံများ တညံညံဖြစ်ခဲ့သော ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များအတွင်း စက် ယန္တရားများလည်ပတ်နေသည်မှာ တိုက်ပွဲဖြစ်ပွားရာ နေရာဟုထင်စရာမရှိ။

စက်ယန္တရားက ပုံမှန်လည်ပတ်လာကြသော်လည်း ဂျာနန်တို့က ထိုသို့မဟုတ်။ဆယ်ပေကျော်အခန်းတွင် အဝတ်ချုပ်စက်ပေါ် အလုပ်လုပ်ရင်း ကျဉ်းကျဉ်းကျပ်ကျပ်နေရဆဲ။         

မင်းထက်စံ