News

POST TYPE

FEATURE

ကျောင်းတက်ကာလ တိုးမြှင့်မှုအပေါ် ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဂယက်
16-Jan-2020
ယခင်က နွေကျောင်းပိတ်ရက်သုံးလရှိခဲ့သော ကျာင်းသားများအနေဖြင့် ယခုနှစ်မှစတင်ကာ နှစ်လသာ ကျောင်းပိတ်တော့မည်ဖြစ်သည်။ 


၂၀၁၉-၂၀ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရက်များကို မတ်၂၅ရက်အထိ တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ကျောင်းပိတ်ရက်လျော့နည်းသွားခြင်းဖြစ်သည်။ 

ထိုသို့ ကျောင်းတက်ကာလတိုးမြှင့်လိုက်ခြင်းကြောင့် မိဘ၊ ဆရာနှင့် ကျောင်းသားများ အံ့သြသွားကြပြီးနောက် အပြင်း အထန်ကန့်ကွက်လျက်ရှိသည်ကိုလည်းတွေ့ရသည်။ 

စတုတ္ထတန်းနှင့်အဋ္ဌမတန်း စာမေးပွဲများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ မတ် ၃ ရက်အထိစစ်ဆေးပြီး ယင်းအတန်းများသည် ကျောင်းဆက်လက်တက်ရောက်စရာမလိုတော့ပေ။ 

သို့သော်လည်း ၎င်းအတန်းနှစ်ခု စာမေးပွဲဖြေဆိုနေချိန်တွင် အခြားသောကျောင်းသားများမှာ Private-Study အဖြစ် အကျိုးရှိသော သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှု လက်မှတ်ပေးအပ်နိုင်ရန်အတွက် G-11 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၃ ရက်အတွင်း သတ်မှတ်ဖြေဆိုပြီးသည်နှင့် ၎င်းအတန်းကို  Private-Study ပေးကာ အဖြေလွှာများကို သတ်မှတ်ကာလများအတွင်း အပြီး စစ်ဆေးရမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့မှ ၂၀ရက်နေ့အထိ စစ်ဆေးရ မည်ဖြစ်သည့်အတွက် စာစစ်ဌာနများအဖြစ် ဖွင့်လှစ်မည့်ကျောင်းများတွင် စာမေးပွဲဖြေဆိုနေစဉ်အတွင်း အခြားအတန်းများကို ၎င်းအတန်းကို  Private-Study အဖြစ် သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
 

ထိုကဲ့သို့ ကျောင်းတက်ရက်တိုးမြှင့်မှုအပေါ် ဆရာ၊ ဆရာမများသာမက ကျောင်းသားများ၊ မိဘများနှင့် ကလေးများကလည်း ကန့်ကွက်လျက်ရှိနေသည်။ 

"ဒီဆရာ၊ ဆရာမတွေ ကန့်ကွက်နေတာက အစိုးရကိုထိပါးတာမျိုးမဟုတ်ဘူး။စနစ်တစ်ခုကို တွန်းလှန်နေကြတာ။ဒီအစိုးရ လက်ထက်မှာ ဒီလိုလုပ်သွားရင်၊ နောင်ရွေးကောက်ပွဲမှာ ဒီဆရာ၊ဆရာမတွေရဲ့ မဲ ရနိုင်ပါ့မလားဆိုတာကို အစိုးရက ထည့်စဉ်းစားပေးဖို့လိုမယ်။ဒါက အစိုးရကို ဆန့်ကျင်တာမျိုးပြောတာ မဟုတ်ဘူး။အကြံပြုတာ တင်ပြပေးတာ"ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဆရာမဟောင်းတစ်ဦးက ဆိုသည်။

ကျောင်းပိတ်ရက် စာမေးပွဲဖြေဆိုရက်များ အပြောင်းအလဲပြုလုပ်ခဲ့သည့်အပေါ်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတကာနည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းဖြစ်သလို မိဘများ စီးပွားရေး တိုးတက်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာ၏ ကျောင်းတက်ရက်တိုးမြှင့်ခြင်းအပေါ်တွင် လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် ကန့်ကွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ၎င်းစနစ်ကို ပြင်ဆင်မပေးပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲရုံတာဝန်များ ဆောင်ရွက်မည်မဟုတ်ဟု ကြေညာခဲ့သည်။ 

ယင်းအဖွဲ့များအပြင် အခြေခံနှင့် အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့ကလည်း ပညာရေးဝန်ကြီးဌာန၏ သဘောထားကို ကန့်ကွက်ကြောင်း ကြေညာချက်များထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲများလည်း ပြုလုပ်ထားကြသည်။

ကန့်ကွက်မှုများ ရှိနေသော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသည့်အတိုင်းသာ ဆက်လက်အကောင် အထည်ဖော်မည်ဖြစ်ပြီး လက်ရှိကန့်ကွက်နေကြသည့်သူများနှင့် ကန့်ကွက်နေသည့် အဖွဲ့အစည်းများကိုလည်း ၎င်းတို့၏ ကိုယ် စားပြုမှုအပေါ်တွင်လည်း မေးခွန်းထုတ်ကာ မြန်မာနိုင်ငံတွင်ရှိသမျှ အခြေခံပညာ ဆရာ၊ ဆရာမများအားလုံး ကန့်ကွက်မှသာ ကျောင်းတက်ချိန်တိုးမြှင့်မှုအပေါ်ပြန်လည်စဉ်းစားမည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကလည်း ပြောဆိုထားသည်။

"လကုန်အထိ တက်ရမယ်၊ ဆယ်တန်းဖြေနေတဲ့အချိန် တက်ရမယ်ဆိုတာတွေကတော့ မဖြစ်သင့်ဘူး"ဟု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောသည်။

သို့သော်လည်း လက်ရှိတွင်အစိုးရဘက်မှ ဆက်လက်ဆောင်မည်ဖြစ်သကဲ့သို့ ဆရာများမှလည်း ဆက်လက်ကန့်ကွက်မည့် အခြေအနေရှိနေသဖြင့် လွှတ်တော် ပြန်လည်စတင်ပါက ကြားဝင်ညှိနှိုင်း ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။ 

အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲတွင် မဲရုံတာဝန်များကို တာဝန်ယူရာ၌ ဆရာ၊ ဆရာမများကိုသာ ပိုမိုယုံကြည်စိတ်ချသော ကြောင့်ဖြစ်ကြောင်း ဒေါက်တာမောင်သင်း ကဆိုသည်။ 

လက်ရှိတွင် ကျောင်းဖွင့်ရက်တိုးမြှင့်ရာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်အသေးစိတ်ကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ထုတ်ပြန်ထားပြီး ရာသီဥတုအခြေအနေအရ ကျောင်းတက်ချိန်များ ပြောင်းလဲရန်၊ အပူဒဏ်ကာ ကွယ်ရန်အတွက် မျက်နှာကြက်များတပ်ဆင်ရန်၊ ဓာတ်ဆားထုပ်များ၊ ဆေးသေတ္တာ များထားရှိပြီး လိုအပ်သည်များ ဖြည့်ဆည်းထားရန်၊ သောက်သုံးရေရရှိရန်တို့ကို စီမံဆောင်ရွက်ရန် လမ်းညွှန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  အခြေခံပညာကျောင်းပေါင်း လေးသောင်းငါးထောင်ကျော်ရှိပြီး၊ ဆရာ၊ ဆရာမ လေးသိန်း ခုနစ်သောင်းကျော်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၉၀ဝ ကျော် အသုံးပြုမည်ဖြစ်သည်။ 

အောင်သက်ကို