News

POST TYPE

FEATURE

မြန်မာ့ဒီမိုကရေစီက ပြည်သူလူထုကို ခြိမ်းခြောက်နေပြီဆိုတဲ့ စစ်ရှောင်ကချင်လူငယ် ဆိုင်းနူးပန်
09-Oct-2019


“တရားစီရင်ရေးဆိုတာက ပြည်သူလူထုကို ကုစားပေးရမယ့်နေရာဖြစ်တယ်။ ဒါပေမဲ့ တရားစီရင်ရေး မဏ္ဍိုင်က ပြည်သူလူထုကို ခြိမ်းခြောက်နေတယ်”

အသက် ၂၅ နှစ်အရွယ်ရှိသူ စစ်ရှောင်ကချင်အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည့် မဆိုင်းနူးပန်က ပြောလိုက်ခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့၊ ကချင် ဒေသ တစ်ကျော့ပြန် ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နှင့် ပြည်သူ့ရင်ပြင်တို့တွင် စစ်ရှောင်လူငယ်များကိုယ်တိုင် ဦးဆောင်ပြီး တေးသရုပ်ဖော်တင်ပြခြင်းကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး စက်တင်ဘာလ ၂ ရက် နေ့တွင် ထောင်ဒဏ် ၁၅ ရက်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းချခြင်းကို ခံခဲ့ရသူဖြစ်သည်။

သူမ အကျဉ်းချခံရခြင်းကြောင့် မိသားစုအတွင်း စိတ်ထိခိုက်မှုများဖြစ်ခဲ့သော်လည်း ကချင်လူထုအတွက် ဦးဆောင်ခဲ့သည့် ရဲရင့်သူတစ်ယောက်ဖြစ်ခဲ့သည့် အတွက် လူထု၏ ထောက်ခံအားပေးမှုကြောင့်ပင် အားဆေးတစ်ခွက်ပြန်ဖြစ်လာခဲ့သည်ဟု ဆိုသည်။

“အဖေက ဓမ္မဆရာ၊ မိသားစုထဲမှာ ထောင်ကျသူဆိုတာ တစ်ယောက်မှ မရှိခဲ့ဖူးဘူး”

အမိဒေါ်ဘောက်တောင် အဖ ဦးလားရစ်တို့မှ မွေးချင်း ၃ ယောက်တွင် အကြီးဆုံးသမီးဖြစ်ပြီး သူမသည် ဥပဒေပညာနှင့် ကျောင်းပြီးသူတစ်ယောက်ဖြစ်ကာ လက်ရှိတွင် ကချင်ပြည်နယ်လူငယ်အဖွဲ့၏ အကြံပေးဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

၂၀၁၁ ခုနှစ် စစ်ပွဲကြောင့် သူမနေထိုင်ရာ အင်ပေါင်ရွာမှာ မီးရှို့ခံရကာ မြစ်ကြီးနားမြို့ပေါ်သို့ ရွှေ့ပြောင်းလာခဲ့ပြီး စစ်ဘေး၏ အနိဋ္ဌာရုံကို သူမကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူဖြစ်သလို စစ်ရှောင်ဒုက္ခသည်စခန်းတွင် နေခဲ့ရသူလည်း ဖြစ်သည်။

၂၀၁၁ တက္ကသိုလ်ဆက်တက်ရန် မေဂျာရွေးချယ်ရမည့်အချိန်တွင် နိုင်ငံရေးအခြေအနေအရ စစ်ရှောင်ခဲ့သည့်အချိန်ဖြစ်နေသည့်အတွက် မိဘသဘောမတူသည့်ကြားထဲမှ ပြည်သူအတွက် ကာကွယ်ပေးနိုင်မည့် အမှန်တရားကို ဖော်ဆောင်နိုင်မည့်သူ ဖြစ်ချင်သည့်အတွက် ဥပဒေပညာကို ယူခဲ့သည်။

မဆိုင်းနူးပန်နေထိုင်ရာရွာသည် ဧကရာချီရှိသော လိမ္မော်ခြံ စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ပြီး အိမ်မွေးတိရစ္ဆာန်များကို အများအပြားမွေးမြူကြသည်။ ၎င်းအချိန်တွင် သူမ၏ဖခင်မှာ ဘာသာရေးနှင့် ကချင်တို့၏ ဓလေ့ထုံးတမ်းအရ ဂျူပလီပွဲပြုလုပ်အပြီး အလှူပစ္စည်းအများအပြားကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

၂၀၁၀ စစ်ပွဲအစတွင် မငြိမ်မသက်မှုများကြောင့် ရွာသူရွာသားအများစုသည် မြစ်ကြီးနားမြို့ပေါ်သို့ ယာယီပြောင်းရွှေ့လာကြကာ သူမနေထိုင်သည့်ရွာကို စစ်တပ်မှ ရွာလုံးကျွတ်မီးရှို့ခဲ့သည့်အတွက် အားလုံး ဆုံးရှုံးခဲ့ရသည့်အထဲ ပါသွားခဲ့သည်။

“စစ်တပ်ဘက်က ကျွန်မတို့ရွာမှာရှိတဲ့ပစ္စည်းတွေကို ယူသွားတယ်၊ ကျွန်မအမေဆို စိတ်ပိုင်းဆိုင်ရာ အားနည်းသွားတယ်။ အဖေကတော့ ဓမ္မဆရာဆိုတော့ တရားနဲ့ဖြေသိမ့်ခိုင်းတယ်”

စစ်၏ ဆိုးကျိုးတွေကြောင့်သာ စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားတောင့်တလွန်းသောကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု တစ်ခုအနေနှင့် ကချင်ဒေသ တစ်ကျော့ပြန် ၈ နှစ်ပြည့် အထိမ်းအမှတ်တွင် တေးသရုပ်ဖော်ကို ဦးဆောင်ခဲ့သည်ဟု သူမကဆိုသည်။

“ကျွန်မ ထောင်ကျခဲ့လိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားဘူး။ ဘာလို့လဲဆိုတော့ မလုပ်ခင်က အကုန်လုံး ညှိနှိုင်းပြီး အဆင်ပြေပြီးသားဆိုတော့ ကျွန်မဘက်က အားသာထားပြီးပြီ။ ဒါပေမဲ့ အခမ်းအနားပြီးတော့ ဒီလို လုပ်လိုက်တာကို အရမ်းအံ့ဩသွားတယ်။ အဲဒီအချိန် ကျွန်မ သဘောပေါက်သွားတာက မြန်မာပြည်ရဲ့ ဒီမိုကရေစီအခြေအနေက ပြည်သူလူထုကို အရမ်းခြိမ်းခြောက်နေပြီဆိုတာကိုပဲ”

ကချင်စစ်ပွဲ ၈ နှစ်ပြည့်တွင် သရုပ်ဖော်တင်ဆက်ခဲ့ခြင်းကြောင့် သူမအပါအဝင် လူငယ်တစ်ဦးဖြစ်သော ကိုပေါလုတို့ကို ခွင့်ပြုမိန့်မတင်ဘဲ ဆောင်ရွက်သည် ဆိုပြီး မြို့နယ်ယာယီရဲမှူးမင်းသန့်ဇော်က တရားလို ပြုလုပ်ကာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကချင်လူငယ်များဖြစ်သော ဆိုင်းနူးပန်နှင့် အတူ ကိုပေါလုတို့က ကချင် စစ်ရှောင်ပြည်သူများ၏ ခံစားနေရသော အခြေအနေကို ပုံဖော်ပေးသော အရာသည် ကိုယ်ချင်းစာတရားဖြစ်ပြီး အင်မတန်ကောင်းမွန်သော လုပ်ရပ်တစ်ခုဖြစ်ကာ လူတိုင်းသူမ၏ လုပ်ရပ်ကို ကြည့်ခြင်းဖြင့် စစ်ရှောင်ဘဝကို ပိုသိနိုင်ကြောင်း ပညာ့ရှေ့ဆောင် EI မှ ဒါရိုက်တာအပြင် ကချင် အမျိုးသားလူထု၏ ကိုယ်စားလှယ်လည်းဖြစ်သူ ဘရန်ထွယ်က ဆိုသည်။

“ဆိုင်းနူးပန်က ငယ်စဉ်က ယခုချိန်ထိ ရဲရင့် တဲ့သူတစ်ယောက်ဖြစ်တယ်။ အနာဂတ်တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမယ့် အမျိုးသမီး လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်လာမှာကိုလည်း တွေ့ရတယ်” ဆိုပြီး ဘရန်ထွယ်က သူမအကြောင်းကို ပြောသည်။

သို့သော်လည်း သူမကို အမှုဖွင့်ခြင်း၊ တရားရင် ဆိုင်ခံရခြင်းနှင့် ထောင်ဒဏ်ကျခံရခြင်းတို့သည် မြန်မာပြည်၏ ဒီမိုကရေစီကျရှုံးမှု၊ နောက်ကြောင်း ပြန်လှန်မှုတို့ အခြေအနေတွင်ရှိနေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖော်ထုတ်ခွင့်မရဘဲ လက်ရှိအစိုးရတွင် တက်ကြွလှုပ်ရှားသူလူငယ်များကို ဖမ်းဆီးချုပ်နှောင် မှုများသည် တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း ဘရန်ထွယ်က ပြောသည်။

တေးသရုပ်ဖော်မပြုလုပ်ခင် ဇွန်လ ၆ရက်နေ့ တွင် မဆိုင်းနူးပန်သည် တရားလို ပြုလုပ်သည့် ယာယီရဲမှူး မင်းသန့်ဇော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အထိမ်းအမှတ်ပွဲ ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျပွဲ ဖြစ်သည့်အတွက် ခွင့်ပြုချက်တင်စရာမလိုဟု မင်းသန့်ဇော်ကိုယ်တိုင်မှ စကားဖြင့် အာမခံပြောခဲ့သည့်အတွက် တေးသရုပ်ဖော်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သူမက ဆိုသည်။

သို့သော် ဇွန်လ ၉ ရက်နေ့ အခမ်းအနားပြုလုပ်သည့်နေ့တွင် အထက်က ညွန်ကြားချက်ကြောင့် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုကြောင်း သူမကို အကြောင်းကြား လာခဲ့ခြင်းသည် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေကြောင်း သူမက ဆိုသည်။

၎င်းအချိန်တွင် အစိုးရက စစ်ရှောင်စခန်းကို ပိတ်သိမ်းပြီး စစ်ဘေးဒုက္ခသည်များ မိမိနေရပ်ကို ပြန်နိုင်ရေးအတွက် စီမံကိန်းပြုလုပ်နေသည့်အချိန်လည်း ဖြစ်သည်။ စစ်ရှောင်ပြည်သူများ မိမိနေရပ်ကို ပြန်သည့်အချိန်တွင် တာဝန်ရှိသူများဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းကို တစ်စုံတစ်ရာ ကြိုတင်လုပ်ဆောင်ထားခြင်း မရှိသည့်အပြင် နိုင်ငံရေးအာမခံချက် မပေးနိုင်သေးဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အခြေအနေတွင် ရှိနေသည်ဟု သူမကဆိုသည်။

“ပြည်သူတွေကနေရပ်ကိုပြန်တယ်၊ မိုင်းပြန်မိတော့ ဒီဘက်ကို ပြန်လာရတယ်။ တစ်ဖက်မှာလည်း စစ်ကြောင်းက ပြန်လာတော့ နောက်တစ်ခေါက် ပြန်ထွက်ပြေးရပြန်ရော။ နောက်တစ်ခုကလည်း နေရပ်တွေမှာ  စာသင်ကျောင်းနဲ့ ကျန်းမာရေးစောင့် ရှောက်မှုတို့အတွက် အနည်းဆုံး လုပ်ဆောင်ပေးရမှာ ရှိတယ်။ နေထိုင်ဖို့ အိမ်ရာလည်း ဆောက်ထားပေးရမှာကို ဘာမှမရှိထားဘဲနဲ့ ပြန်ဆိုပြီး ပြန်ခိုင်းတယ်”

၂၀၁၈ ခုနှစ် ဧပြီလအတွင်း လူပေါင်း၂၀၀၀ ကျော်သည် စစ်ပွဲ၏ ပဋိပက္ခကို အဆိုးရွားဆုံး ခံစားခဲ့ရသည်ဟု သူမက ဆိုသည်။

“စစ်ဒဏ်ကို ခံစားရတဲ့သူတွေမှာ အမျိုးသမီးတွေပါတယ်၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ရောအများကြီးပါတယ်။ ပိုဆိုးတာက ကိုယ့်မိသားစုဝင်တွေ ကိုယ့်ရှေ့မှာတင် မိုင်းနင်းမိလို့ အမှုန့်ကြေသွားတာနဲ့ ဒုက္ခိတ ဘဝရောက်သွားတာတွေရှိခဲ့တယ်”

စစ်ပွဲ ပဋိပက္ခအတောအတွင်း လူသတ်အလောင်းဖျောက်မှု၊ မုဒိမ်းမှု စသည့် ဒုက္ခပေါင်းအခက်အခဲ များစွာကို ပြည်သူများ ခံစားလာခဲ့ရသည့်အတွက် ၎င်းအခြေအနေမှ လွတ်မြောက်နိုင်ရန် စစ်ဒဏ်ကို မုန်းတီးလှပြီး အစိုးရသာမက ပြည်သူလူထုကပါ အခြေအနေကို သိစေရန်ဆိုသော ရည်ရွယ်ချက်ဖြင့် သရုပ်ဖော်ပြဇာတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သူမက ဆိုသည်။

ကချင်စစ်ရှောင်ပြည်သူများသည် လက်ရှိစခန်းထဲတွင် ၁၀ ပေပတ်လည်ထဲ မိသားစု စုပေါင်းနေထိုင်ရပြီး ယခင်က ဆန်၊ ဆီ၊ ဆား လုံလောက်စွာရရှိခဲ့သော် လည်း ယခုတွင် လူတစ်ဦးကို ကျပ် ၄၀၀ သာရရှိပြီး စီးပွားရေးအာမခံချက်နှင့် အလုပ်အကိုင်မရှိခြင်းကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည်ဟု သူမက လက်ရှိစစ်ရှောင်အခြေအနေကို ပြောပြသည်။

“ပညာရေးဆိုရင် ကလေးတွေအတွက် အခမဲ့ဆိုပေမယ့် ဘာကြေး၊ ညာကြေးကောက်တယ်။ မိဘတွေက မပေးနိုင်တော့လို့ ကလေးတွေ ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတာတွေ အများကြီးပဲ။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်အနေနှင့် တရုတ်ပြည်ကို အလုပ်သွားလုပ်လိုက်တဲ့သူတွေ အများကြီးရှိတယ်”

စစ်ရှောင်စခန်းတွင် အသက်ငယ်ရွယ်သောသူနှင့် သက်ကြီးရွယ်အိုသာ ကျန်ခဲ့ပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့တွင် ဆုံးရှုံးခဲ့ရသလို အဆိုးရွားဆုံးမှာ ချုပ်ချယ်ခံရသည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သောတွေးခေါ်မှု အပိုင်းတွင် ကျဆင်းနေကြောင်း သူမက ဆက်ပြောသည်။

ငြိမ်းချမ်းရေးတွင် အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းမဟုတ်သည့်တိုင် နောက်ထပ် လမ်းကြောင်းများကို စဉ်းစားစေချင်သည်ဟု သူမက မျှော်လင့်ချက်ဖြင့်ပြောသည်။

“ဓားစာခံဖြစ်သွားရတာက ပြည်သူလူထုပဲ၊ အပေါ်က ကြိုက်သလိုအမိန့်ပေးပြီး ကြိုက်သလို လုပ်နေကြတာ။ မြေပြင်မှာ ရှိနေတဲ့ ကျေးရွာမှာရှိတဲ့ ပြည်သူလူထုတွေ စစ်ပွဲကြားထဲ လူးလှိမ့်နေရတဲ့ အနေအထားမှာရှိတယ်”

ယင်းအခြေအနေများသည် ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ မုန်းတီးရေးဘက်ကို ဦးတည်နေသည့် အခြေအနေတွင် ရှိနေပြီး ငြိမ်းချမ်းရေးဘက်သို့ အလှမ်းဝေးနေသေးသည့်အတွက် အစိုးရဘက်က အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေသေးသည်ဟု သူမက ပြောသည်။

သူမသည် ကချင်လူထုများ တရားမျှတမှုရရှိသည့်အထိ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်ရှိသူ ဖြစ်သည်။ နှစ်ပေါင်း ၇၀ကျော် ဖိနှိပ်ချုပ်ချယ်မှု အောက်မှာ ခံခဲ့ရပြီးသည့်အနေအထားမှ မျိုးဆက်သစ်လူငယ်တွေကို မခံစားစေချင်တော့သည့်အတွက် သူမအနေနှင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများ၊ စစ်ရှောင်ပြည်သူများ ငြိမ်းချမ်းစွာဖြင့် တခြားနိုင်ငံတွင်လိုမျိုး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် ကြိုးစားသွားမည့်အကြောင်း သူမရဲ့မျှော်မှန်းချက်ကို ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် နေရပ်ပြန်နိုင်ရေး နှင့် ၎င်းနေရပ်တွင် ပြန်လည်ထူထောင် နေရာချထား ရေးတို့အတွက် အစိုးရကို ချဉ်းကပ်ကာ ဖိအားပေးတိုက် တွန်းလုပ်ဆောင်သွားမည့်အကြောင်း သူမဆိုသည်။

“ဖက်ဒရယ်နိုင်ငံတော်တည်ထောင်နိုင်ဖို့နဲ့ တန်းတူညီမျှရရှိဖို့အတွက်လည်း အရမ်းမျှော်လင့် တယ်။ ကျွန်မတို့မှာ ကိုယ်ပိုင်နိုင်ငံတော် မရှိတဲ့အတွက် ဖိနှိပ်ခံရတယ်၊ ချုပ်ချယ်ခံရတယ်၊ နှိပ်ကွပ်ခံရတယ်။ ဒါကြောင့် တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရေးကိုပဲ လိုလားတယ်”

ကောကော်

www.hiburma.com