POST TYPE

FEATURE

စံပယ်နှင့် မြို့တစ်ပတ်
19-Nov-2016 tagged as


စံပယ်၊ ပိတောက်၊ ယမင်းနှင့် ဇီယာတို့သည် အကြိုအကြားနှင့် နောက်ဖေး လမ်းကြားမချန် သွားလာတတ်ကြသူများပင်။ ထို့ကြောင့် ရန်ကုန်မြို့ အနောက်ဘက် မျက်နှာစာနှင့် ဆင်ခြေဖုံး မြင်ကွင်းများအကြောင်း သိလိုလျှင် သူတို့နှင့်လိုက်သွားနိုင်သည်။

“ဂျုံးဂျုံး … ဂျက် … ဂျုံးဂျုံး … ဂျက်”

မညီမညာ ပလက်ဖောင်းပေါ်တွင် တောင်အရပ်သို့ မျက်နှာမူ၍ ရပ်နေကြသော လူတစ်စုသည် တဂျုံးဂျုံး အသံပေး ဝင်လာသည့် စံပယ်ကိုမြင်မှ ဟင်းချနိုင်သည်။ 

တိုးတိုးဝှေ့ဝှေ့နှင့် လူချောင်ရာ တွဲများသို့ လူအများ သူ့ထက်ငါ ပြေးလွှား တက်နေကြသည်။ ကြီးသည် ငယ်သည် မရွေး တွန်းထိုး၍ တက်ကြသည်သာ။ ထိုအချိန်တွင် တစ်ကိုယ်စာ နေရာ ရရေးသည်သာ ပဓာဏ။

စံပယ်နှင့် လိုက်သွားလျှင် ရန်ကုန်မြို့၏ အနောက်ဘက် မျက်နှာစာကို ကောင်းကောင်း တွေ့ရမည်က မလွဲ။ ထို့ပြင် ရန်ကုန်မြို့၏  လူမှုစရိုက် အစုံစုံကိုလည်း စံပယ်က မိတ်ဆက်ပေးဦးမည်ပင်။

မြို့ကို ပတ်ရံထားသည့် ၃၈ ဘူတာကို ဖြတ်၍ ၂၈ မိုင်ခွဲ ခရီးဖြင့် ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များပါ မကျန် စံပယ်က ခြေဆန့် ခရီးနှင်မည်။

“ရန်ကုန် ဘူတာကြီးမှ လှော်ကားသို့ ထွက်ခွာမည့် မြို့ပတ် ရထားသည် မကြာမီ အမှတ် (၇) စင်္ကြံသို့ ဆိုက်ရောက် လာတော့မှာ ဖြစ်ပါတယ်”

ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ထမြည်လာသော သတိပေး နှိုးဆော်သံက ဘူတာ စင်္ကြံတစ်လျှောက် လျှံကျလာသည်။ 

သို့သော် မသဲမကွဲ၊ ဗလုံးဗထွေးသာ။

“ဘာတွေ အော်နေမှန်းကို မသိဘူး။ စီးတဲ့သူတွေက နားမလည်တော့ ဈေးသည်တွေကိုပဲ လာလာ မေးနေကြတယ်”

မသင်းမော် တစ်ယောက် ကွမ်းယာ ရာရင်း အလို မကျဟန် မြည်တွန် တောက်တီးလိုက်သည်။ 

အလုပ် များနေချိန်တွင် အလိုက် မသိ အလောတကြီး လာမေးတတ်သည့် ခရီးသည်များကို မသင်းမော် စိတ်မရှည်တတ်။ တစ်ခါတစ်ရံ ဘုပင် တောလွှတ် တတ်သည်။

“ဈေးရောင်းနေရင်း စိတ်မကြည်တဲ့အခါ လာမေးရင် အော်မိရော။ အော်လည်း သူတို့ကတော့ လာမေးတာပဲ”

မောင်ရေသန့် တစ်ယောက် ရထား ဆိုက်တော့မည်မို့ ရေသန့်နှင့် အအေးဘူးများထားရာ ဖော့ပုံးအတွင်း ရေခဲဖုံး၍ အအေး ခံထားသည့် ရေသန့်ဘူး အချို့ကို နှိုက်ယူရင်း ဘေးက ဝင်ထောက်သည်။ 

ဘူတာရုံ တာဝန်ကျ ဝန်ထမ်းနှင့် ဈေးသည်တို့သည်က မတည့် အတူနေ၊ မမြင်ချောင်းကြည့်တတ်ကြသူများဟု ဆိုရမည်။

စံပယ်နှင့်အတူ ပန်းသီး၊ လိမ္မော်သီး တို့လည်း လိုက်ပါလာတတ်သည်။ ပန်းသီး၊ လိမ္မော်သီးဟု ဆိုလိုက်၍ လူရွှင်တော်နှင့် အဆိုတော်ဟု အတွေး မမှားစေချင်။ ရထားပေါ် ကျင်လည်ကြသည့် ဈေးသည်တို့ကြား ရောင်းကုန်ကို အစွဲပြု၍ အမည်မှည့်ခေါ်တတ်ကြသည်ကလည်း စံပယ်လမ်းကြောင်းပေါ်က ဓလေ့ပင်။

“ကိုကွမ်း၊ အစာသွတ် (ပဲပြား အစာသွတ် ရောင်းသူ)၊ ကြက်ဥ၊ ငုံးဥ”စသည်ဖြင့်။

“တချို့ လက်မှတ်စစ်တွေဆို ရိုင်းတယ်ဗျာ။ ကျွန်တော့် ညီကို ကုတ်က ဆွဲပြီး မောင်းထုတ်တာ” 

ကိုကွမ်း (ခ) ကိုမြတ်ထွန်း၏ ခံပြင်းစိတ်က အတားအဆီးမရှိ ဖွင့်အံလျက်။ 

“ကျွန်တော်တို့က ခိုးဆိုး လုယက် နေကြတာ မဟုတ်ဘူး။ သမာအာဇီဝနဲ့ လုပ်ကိုင် စားသောက်နေကြတာပါ”

နားလည်မှုနှင့် ရောင်းကြသည့်တိုင် မချေမငံ ဆက်ဆံခံရသည့် အခါတိုင်း ကိုကွမ်း ဒေါသ ထွက်မိသည်က အမှန်။ သို့ သော် ဝမ်းရေးအတွက်မို့ သည်းခံအောက်ကျို့ရမည်က ကိုကွမ်းတို့ တာဝန်နှယ်။

တစ်ရက် တစ်ကိုယ်ရေစားပြီး သောက်ပြီး ကျပ် ၅,၀၀၀ မှ ၇,၀၀၀ အထိ ကျန်သည်မို့ ကိုကွမ်း ထိုအလုပ်ကို မစွန့်နိုင်သေးပါ။ ယမင်း၊ ငစိန်၊ ကန်စွန်း၊ တောင်ပျံ၊ ပိတောက်၊ ဇီယာ၊ စံပယ်၊ သရက်တို့ အပေါ်တွင် ကိုကွမ်း ကျင်လည်ခဲ့သည်မှာ ၁၂ နှစ်တိုင်ခဲ့ပြီ။

“မြို့တစ်ပတ်လုံး လိုက်မရောင်းဘူး။ အများဆုံး အင်းစိန်အထိပဲ”

ကိုကွမ်း တစ်ယောက် ပြောပြောဆိုဆိုနှင့် စံပယ်ပေါ်မှ ဘုရားလမ်း ဘူတာ အရောက်တွင် ခုန်ဆင်းသွားသည်။ 

ရုံးချိန်၊ ကျောင်းချိန် ပြင်ပမို့ စံပယ်ပေါ်တွင် ခရီးသည်တို့ ရှင်းနေသည်။ အလျဉ်း သင့်၍ ခရီးတို တစ်ဘူတာ၊ နှစ်ဘူတာ စီးသူ၊ တညင်းကုန်း ကုန်စိမ်းကြိုသူနှင့် ရထားဈေးသည်တို့သာ စံပယ်ပေါ်၌ ရှိနေသည်။ 

ခြေဆင်း၊ ဘေးတိုက်၊ ကန့်လန့်၊ ပြဲပြဲ ကားကား စသည်ဖြင့် ပုံစံစုံဖြင့် လိုက်ပါ စီးနင်းနေကြသည်။

ရထားအဆိုင်း ၂၂ ဆိုင်းဖြင့် တစ်နေ့ အခေါက် ၂၀၀။ တစ်စင်းနှင့် တစ်စင်းကြားက ငါးမိနစ်။ ရပ်နားစခန်းက ၇၇ ခု။ ဤသည်က ရန်ကုန်၏ ရထား ပြေးဆွဲမှု။ 

၁၅ မိုင် ခရီးစဉ်အတွက် ခရီးသည် တစ်ဦး တစ်ရာကျပ်။ ထို့ထက် ခရီးမိုင် ပိုလျှင် နှစ်ရာကျပ်။

သို့သော် သင့်တင့်လျှောက်ပတ်သည့် ခရီးစဉ်များတော့ မဟုတ်။ ကျပ်လျှင် ဘေးကျပ် နံကျပ် ငပိသိပ် ငါးချဉ်သိပ်။ ချောင်လျှင် မောင်းသူနှင့် တွဲထိန်းက ခရီးသည်။ 

ရထားကျပ်ကျပ် မကြုံဖူးလျှင် မနက် အစောပိုင်း ရုံးချိန်၊ အလုပ်ချိန်၊ ကျောင်းချိန်များတွင် ဆင်ခြေဖုံးမှ မြို့တွင်းသို့ ဆွဲသည့် ရထားများကို စီး၍ကြည့်က သိနိုင်မည်။ သို့တည်းမဟုတ် အလုပ်ဆင်းချိန်တို့တွင် မြို့တွင်းမှ မြို့ပြင် သွားသည့် ရထားများကို စီးနိုင်သည်။

“ရုံးဆင်းချိန်ကနေ ည ၇ နာရီ အထိတော့ လူများတယ်။ အဲဒီအချိန်မှာ ရထား လာချိန်က ၂၅ မိနစ်လောက် ခြားနေတယ်”

“ဒီကြားထဲ လူမတင်ဘဲ အလွတ်ကြီး မောင်းသွားကြတာတွေလည်း ရှိသေးတယ်”

ပျောက်ရထား၊ ပျက်ရထား၊ ကြာ ရထား၊ မသက်မသာ ရထား၊ တစ်ရက်ကြာ ရထား။ ထိုထို ရထားတို့အပေါ် ကိုကွမ်း အလို မကျပါ။ ထိုနည်းတူ ရန်ကုန် ရထားစီး သူတို့လည်း ဘဝင် မကျချေ။ 

အလုပ်ချိန်၊ ကျောင်းချိန်တို့တွင် စံပယ်လည်း လူပြည့်။ ဆန္ဒန်၊ လမင်းတို့သည်လည်း ထိုနည်းတူ။ အပြည့်အလျှံ၊ အညပ်အသပ်။ 

ယခုတော့ စံပယ်က သူမဟုတ် သလို။ လူရှင်း သူရှင်း။ သို့သော် ဇိမ်တော့ မကျလှ။ ဒယိမ်းဒယိုင်။ ရမ်းရမ်းခါခါ။ မြင်းများ ကဆုန်ပေါက်သည့် အလား။ 

“မြို့ပတ် ရထားလမ်းက အမှိုက်တွေ အများကြီးပဲ။ အမှိုက်တွေကို ဖြတ်မောင်းနေတာ” 

သမိုင်းမှ ဗိုလ်ချုပ်ဈေးသို့ ကုန်ပစ္စည်း သွားပို့လေ့ ရှိသူ မနေခြည် တစ်ယောက် မြို့ပတ်ရထား ခရီးစဉ်ကို မဲ့ကာ ရွဲ့ကာ ချီးမွမ်းခန်း ဖွင့်နေသည်။

ချီးမွမ်းမည်ဆိုက ချီးမွမ်းလောက်စရာ။ မနေခြည် စတင်တက်သည့် သမိုင်း ဘူတာ၏ ပလက်ဖောင်းသည်ပင် ငါးဈေးတန်း ဖြစ်မှန်းမသိ ဖြစ်နေသည်။ 

မနက်ခင်းတို့တွင် ထိုပလက်ဖောင်းထက်တွင် ငါးသည်၊ အသားသည်တို့က နေရာ အပြည့်။ အသီးအရွက်၊ အသား၊ ငါးတို့က စွန့်ပစ် ဖယ်ရှားလိုက်သည့် အညစ်အကြေး၊ အနံ့အသက်တို့က ထိုနေရာ တစ်ဝိုက်ကို နေ့စဉ် အလှခြယ် လွှမ်းခြုံထားသည်။ 

ထိုကြောင့် ထိုနေရာ ရောက်တိုင်း ရထားစီးသူတို့ နှာခေါင်း ရှုံ့ကြမြဲ။ ဤသို့ နှာခေါင်း ရှုံ့ရခြင်း၊ စိတ်ညစ်ညူးရခြင်းသည်ပင်လျှင် မြို့ပတ် ရထားစီးခြင်း၏ အနှစ်သာရဟု ဆိုရမယောင်။  

ပလက်ဖောင်းဈေး၊ စက်ရုံစွန့်ပစ် ရေဆိုးနှင့် နောက်ဖေးမြောင်းနံ့တို့က မြို့ပတ် မျဉ်းပြိုင် ဝန်းကျင်ကို ထုံမွမ်းစေလျက်ရှိသည်။ 

ထို့ပြင် ထိုးထိုးထောင်ထောင် မညီမညာ ဆောက်ထားသည့် အိုအို၊ သစ်သစ် အထပ်မြင့်၊ နိမ့်တိုက်၊ အိမ်တို့၏နောက် ဘေး တိုးလို့ တွဲလောင်း ထဘီတန်းများ၊ စိတ်တိုင်းကျ သွန်ချခွင့် ရနေသည့် ရေဆိုးပိုက်များ၊ တစ်ထပ်က တစ်ထပ်သို့ တစ်အိမ်မှ တစ်အိမ်သို့ အဆင်အခြင်မဲ့ ပစ်ချထားသည့် အမှိုက်များကလည်း ပို၍ ထပ်ဆင့် အလှဆင်ပေးလျက် ရှိပြန်သည်။

လွတ်သည့် နေရာတိုင်း ကျူးကျော်ထားသည့် ကပ်ကပ်သပ်သပ်၊ ကျပ်ကျပ် ညပ်ညပ်၊ ဖရိုဖရဲ။ သည်နေရာ အိပ်၊ သည် နေရာ စား၊ သည်နေရာနှင့် မလှမ်းမကမ်း လက်တစ်ကမ်း သာသာတွင်ပင် အညစ်အကြေး စွန့်ကြသည့် ကျူးကျော်တဲ ဘုစုခရုတို့ကလည်း ရန်ကုန်မြို့ပတ် ခရီးစဉ်ကို တစ်နည်းတစ်ဖုံ အလှပေါ် အယဉ်ဆင့် ပေးလျက် ရှိသည်။

သို့သော် တစ်ခါတစ်ရံ ရထား စီး၍ အကောင်းမြင်ပေးတတ်သူ ဆိုလျှင်တော့ စံပယ်တို့၏ မြို့ပတ် ခရီးစဉ်က စိတ်ကြည် မွေ့နိုင်စရာပင်။

ဌာနပိုင်မြေ အချို့ပေါ်က ဂျပန်မြက်ခင်း စိမ်းစိမ်းများနှင့် နောက်ဖေးမြောင်းနှင့် ရေရှိ မြေလွတ်တို့တွင် စိုက်ပျိုးထားသည့် ကန်စွန်ခင်းတို့က စိမ်းစိမ်းစိုစိုတို့က မျက်စိ အေးစရာ။

လူနေကျဲသည့် မြေကွက်လပ်၊ လယ် မလုပ် လယ်ကွင်းနှင့် နေထိုင်၊ လုပ်ကိုင်ခြင်း မရှိတော့သည့် စွန့်ပစ် အဆောက်အအုံများ ကြားက ဖြတ်ပြေးတိုက်လာသည့် လေတို့က စိတ်ကြည်မွေ့စရာပင်။ ဤသည်က ယမင်း၊ ငစိန်၊ ကန်စွန်း၊ တောင်ပျံ၊ ပိတောက်၊ ဇီယာ၊ စံပယ်၊ သရက်၊ လမင်း၊ ဆန္ဒန်တို့ ပေးသည့် လက်ဆောင်။

မကြာမီ စံပယ် တညင်းကုန်း ဘူတာသို့ ရောက်တော့မည်ဖြစ်၍ ဈေးကြိုတို့ လှုပ်လှုပ်ရွရွ။ မျဉ်းပြိုင်ပေါ် မျဉ်းပြိုင်ကြားက ဈေးသည် ဈေးဝယ်တို့လည်း ဝရုန်းသုန်းကား။ ဟိုရွေ့ သည်ရွေ့။ ဟိုကူး သည်ကူး။

ခဏတာ ရပ်နားသည့် စံပယ်နှင့် လိုက်ပါကြမည့် သူများကလည်း ဟန်ရေး တပြင်ပြင်။ စံပယ်၏ လက်မှတ်စစ်ကြီးလည်း ဘောက်ချာ တလှန်လှန်။ ဈေးသည်နှင့် ကုန်ကြိုတို့လည်း လက်တတို့တို့။ ကျပ်နှစ်ရာတန်လေးသည်လည်း မျက်ခုံး တလှုပ်လှုပ်။

စံပယ်ကတော့ မလှုပ်တလှုပ်။ မရွေ့တရွေ့။

ဥမ္မာလွင်

  • TAGS