News

POST TYPE

FEATURE

ရွှေတိဂုံကို မြင်လျှင်
29-Jul-2016


“နေရောင်အောက်မှာ ရွှေတောင်ပေါက်ကာ ထွင်းဖောက်ပြည့်မိုး တန်ခိုးတော်အရှင်...”
အဆိုတော်ကြီး ကေတုဝင်းထွဋ်ရဲ့ သီချင်းတစ်ပုဒ် ဖြစ်သည်။
“...ဘယ်ကကြည့်ကြည့် ကြည်ညိုမိ အကျွန့်ဖြစ်အင် ရိုကျိုးရှိခိုး လှုပ်နိုးစိတ်တွင် ရွှေတိဂုံကိုမြင်လျှင်...”

သီချင်းစာသားအတိုင်းပင် ရွှေတိဂုံကိုမြင်လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အားလုံး၏ ရင်တွင်းတွင် ကြည်နူးချမ်းမြ ဖြစ်မိကြသည်သာ။

ရွှေတိဂုံစေတီသည် မြန်မာနိုင်ငံ၏ အထင်ကရစေတီကြီး တစ်ဆူ၊ သမိုင်းဝင် အမှတ်တံဆိပ်၊ မြန်မာတို့အတွက် ကမ္ဘာတွင် ဂုဏ်ယူရမဆုံး အသည်းနှလုံးဖြစ်ခဲ့သည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာခဲ့ပြီဖြစ်သည်။

သို့သော်။
ရွှေတိဂုံကိုမြင်လျှင် လူအများ သတိမထားမိသည့် အချက်အချို့ကလည်း ရွှေတိဂုံ စေတီတော်ကြီး၏ နောက်ကွယ်တွင် တည်ရှိနေသည်။
စေတီတော်ကြီး၏ ဘက်စုံတွင် ဦးစီးဦးဆောင်ပြုနေသည့် ဂေါပကအဖွဲ့နှင့် ၎င်းတို့လက်ထဲရှိ ဘဏ္ဍာငွေကြေးများ အကြောင်းသည် ယင်းအချက်များတွင် ပါဝင်သည်။

ရွှေတိဂုံစေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ဥက္ကလာပမြို့ ဘုရင်တစ်ပါးက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး စတင်တည်ထားချိန်က အမြင့်ပေ (ဉာဏ်တော်) မှာ ၆၆ ပေ (၄၄ တောင်) ဖြစ်သည်။
ယင်းနောက် ခေတ်အဆက်ဆက်ရှိ မင်းနှင့် ရဟန်းရှင်လူတို့က ပြုပြင်မွမ်းခဲ့ကြရာ ယခုအခါတွင် အမြင့်ပေ ၃၂၆ ပေ ရှိသည်။

၅၁ သန်းကျော်တွင် ၈၇ ရာခိုင်နှုန်း ကျော်သော ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အများစုသည် ဘုရားပုထိုးနှင့် ကျောင်း ဆောက်လှူခြင်းတို့တွင် စိတ်အားထက်သန် ကြသူများဖြစ်သလို ငွေကြေးပေးကမ်း လှူဒါန်းမှုတွင် ရက်ရောကြောင်း နိုင်ငံတကာတွင် ကျော်ကြားသည်။
ယင်းအချက်ကို ရွှေတိဂုံစေတီတော်တွင် တွေ့နိုင်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်သို့ အများပြည်သူများက လှူးဒါန်းထားသည့် အလှူငွေ အရပ်ရပ်ပေါင်းက ကုဋေပေါင်း ၅၁၂၉ ကျပ်(ကျပ်ဘီလီယံ ၅၀ ကျော်) ဖြစ်သည်။ ယင်းသည် တစ်နည်းအားဖြင့် ရွှေတိဂုံစေတီက ပိုင်ဆိုင်ထားသည့် ငွေသား ချည်းသက်သက် ဖြစ်သည်။

“ကျွန်တော်တို့ အလှူငွေကို၊ ပြည်သူလူထုလှူတဲ့ အလှူငွေကို ကျွန်တော်တို့ ဂေါပကအဖွဲ့ကနေပဲ သိမ်းတယ်” ဟု ဂေါပက အဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆိုသည်။ ၎င်းသည် တပ်မတော်မှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်။

ရွှေတိဂုံစေတီတော်ကြီး ဆီသို့ အများပြည်သူထံမှ အလှူငွေများ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် စီးဝင်လျက်ရှိသည်။ 
၂၀၁၆ ခုနှစ် ငါးလတာကာလအတွင်း ကျပ်သန်းပေါင်း ကိုးထောင်ကျော် (၉ ဘီလီယံကျော်) ဝင်ငွေရရှိထားပြီး ၂၀၁၅ ခုနှစ်တွင် တစ်နှစ်လုံး အတိုင်းအတာဖြင့် ကျပ် ၁၈ ဘီလီယံကျော်နှင့် ၂၀၁၄ ခုနှစ်တွင် ဘီလီယံ ၂၀ နီးပါးဖြစ်သည်။
ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကျပ်သိန်း ၂၀၀ မှ ၈၀၀ အကြား အလှူခံ ရရှိခြင်းဖြစ်သည်။

“အလှူငွေက နှစ်မျိုးရှိတယ်” ဟု ဦးထွန်းအောင်ငွေက ဆိုသည်။ 
ပထမတစ်မျိုးမှာ အလှူခံရရှိမှုဖြစ်ပြီး ကျန်တစ်မျိုးမှာ စီမံခန့်ခွဲမှုမှ ရရှိငွေဖြစ်သည်။ 

အလှူတော်ငွေဆိုသည်က ပြည်သူများက စေတနာသဒ္ဓါတရား အလျောက် လှူဒါန်းသည့်ငွေဖြစ်ပြီး စီမံခန့်ခွဲမှုငွေမှာ စေတီတော်ကြီးနှင့် ပတ်သက်၍ အငှား ချထားပေးသည့် ကန်ထရိုက်လုပ်ငန်းများ ထံမှ ရရှိသည့်ငွေဖြစ်သည်။ ယင်းလုပ်ငန်းများတွင် ယာဉ်ရပ်နား ကွင်းလုပ်ငန်း၊ ဖိနပ်အပ်၊ ရွှေဆိုင်း၊ ဓာတ်ပုံ ဆိုင်၊ အုန်းပွဲငှက်ပျောပွဲ၊ စားသောက်ဆိုင်၊ နိဗ္ဗာန်ကုန် ရောင်းချခြင်း၊ လိပ်စာ၊ ငါးစာ ရောင်းချခြင်းနှင့် သန့်စင်ခန်းလုပ်ငန်းတို့ ပါဝင်သည်။
ယင်းအပြင် စေတီတော်ကြီးတွင် အသုံးပြုရန် မလိုအပ်တော့သည့် သွပ်တိုသွပ်စများ၊ ဒန်ပန်းအိုးအဟောင်းများ၊ ရေတိုင်ကီများ ပြန်လည်ရောင်းချခြင်း၊ စေတီတော်တွင် ဆီမီးကပ်လှူပူဇော်ရာမှ ရရှိသည့် ဖယောင်းပျက်များ၊ စောင်းတန်းများတွင် ခိုအောင်းနေထိုင်သည့် လင်းနို့များမှ ထွက်ရှိသည့် လင်းနို့ချေးများကိုလည်း အခါအားလျော်စွာ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းမှ ရရှိသည့် ငွေကြေးများလည်း ပါဝင်သည်။

အဆိုပါကဏ္ဍတို့မှ ရရှိသည့် ဝင်ငွေ အသေးစိတ်ကို အချိန်မီသိရခြင်း မရှိသော်လည်း လက်ရှိတွင် စုစုပေါင်း ကျပ် ၂၇၇၈ သိန်း ရှိသည်။
ယင်းတို့ကား ငွေသားပမာဏသာ ဖြစ်ပြီး ရွှေနှင့် ရတနာဌာနတွင် ထိန်းသိမ်းထားသည့် ရွှေပြားများစွာ ရှိသေးသည်။ စုစုပေါင်း ရွှေချိန်ပိဿာ နှစ်ရာဝန်းကျင် ဖြစ်သည်။

ရွှေတိဂုံစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင် လူကြီးမင်းများကို အစိုးရစိတ်ကြိုက် ခန့်အပ်ခဲ့သည်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ လက်ထက်မှစတင်ကာ တပ်မတော်အစိုးရ၊ ယင်းနောက် အရပ်သားတစ်ပိုင်း အစိုးရမှသည် လက်ရှိအချိန်အထိ ဖြစ်သည်။ အများစုမှာလည်း တပ်မတော် အရာရှိဟောင်းများနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးအဆင့် ရှိသူများသာဖြစ်သည်။

ဥပမာအားဖြင့် မီးရထားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး စသည်တို့ဖြစ်သည်။ နောက်ဆုံးရရှိသည့် စာရင်းအရ လက်ရှိတွင် ဂေါပကအဖွဲ့ဝင် ၁၁ ဦး ရှိသည်။ ဥက္ကဋ္ဌမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအမတ်ကြီးဟောင်း ဦးစိန်ဝင်းအောင် ဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကတည်းက ခန့်အပ်ခြင်းခံထားရသူ ဖြစ်သည်။ 

ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံရန် စေတီတော်ရင်ပြင်ရှိ ဂေါပကအဖွဲ့ရုံးသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း တွေ့ဆုံခြင်း မပြုခဲ့ပေ။
ဂေါပကအဖွဲ့ဝင်များ အနေနှင့် မီဒီယာများကို လက်ခံတွေ့ဆုံလေ့ မရှိကြောင်း အဆိုပါ ရုံးအဖွဲ့မှူးက ပြောဆိုသည်။ တွေ့ဆုံလိုပါက စာဖြင့် တင်ပြတောင်းခံရမည် ဖြစ်ပြီး တွေ့လိုသည့်အကြောင်းရင်း ကိုပါ ဖော်ပြရမည်ဟုဆိုသည်။
ယင်းအစား ရုံးအဖွဲ့မှူးနှင့်သာ တွေ့ဆုံခွင့်ရရှိခဲ့သည်။

စေတီတော်နှင့်ပတ်သက်သည့် ငွေကြေးသုံးစွဲမှု၊ စီမံခန့်ခွဲမှုအားလုံးကို ဂေါပကအဖွဲ့က ထိန်းချုပ်ထားသည်။ ဂေါပကအဖွဲ့အနေနှင့် တစ်နှစ်စာအတွက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးစရိတ်ကို ကြိုတင်လျာထားခြင်း ဖြစ်သည်။

လျာထားချက်ထက်ပို၍ သုံးစွဲခွင့် မပြုကြောင်း ဦးထွန်းအောင်ငွေက ဆိုသည်။
အသုံးငွေလိုအပ်ပါက တစ်ပတ်လျှင် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် ဂေါပကအဖွဲ့ အစည်းအဝေးသို့ တင်ပြကာ ဆုံးဖြတ်ချက်ကို တောင်းခံရခြင်းဖြစ်သည်။ ငွေကြေးသုံးစွဲရာတွင်လည်း အလှူတော်ငွေနှင့် စီမံခန့်ခွဲမှုငွေဟူ၍ နှစ်ပိုင်းခွဲထားကာ သုံးစွဲခြင်းဖြစ်သည်။

စေတီတော် ရွှေသင်္ကန်းကပ်ခြင်း၊ စက်လှေကား၊ စောင်းတန်းများ၊ သိင်္ဂုတ္တရ ကုန်းတော် ပြုပြင်ခြင်းများတွင် သုံးစွဲသည်။

လတ်တလောတွင် ရင်ပြင်တော်ပေါ်တွင် ဖွင့်လှစ်ထားသည့် ဗုဒ္ဓပြတိုက်ကို အဆင့်မြှင့်တင်နေပြီး စုစုပေါင်းကုန်ကျစရိတ် အတွက် ကျပ်သန်း ၆၅၀ ကျော် သုံးစွဲရန်လျာထားသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မြောက်ဘက်စောင်းတန်း အမိုးပြင်ခြင်း အတွက် ကျပ်သိန်း ၃၇၀ ကျော်သုံးစွဲခဲ့ကြောင်း ရုံးအဖွဲ့ထံမှ စုံစမ်းသိရသည်။

စီမံခန့်ခွဲမှုမှရရှိသည့် ငွေကြေးများကို ဂေါပကအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လစာပေးခြင်း၊ ပညာသင်စေလွှတ်ခြင်း၊ ထောက်ပံ့စရိတ် ပေးအပ်ခြင်းများတွင် သုံးစွဲသည်။
ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံးကို အုပ်ချုပ်ရေးဌာန၊ ပြတိုက်/ပြခန်းဌာန၊ လုပ်ငန်းဌာန၊ ဘဏ္ဍာရေး၊ မှတ်တမ်း၊ ရေနှင့် ရတနာ၊ ဗဟိုသိုလှောင်၊ လုံခြုံ/မီးသတ်၊ ဝတ္တကမြေသာယာရေး စသဖြင့် ဌာနကြီး ကိုးခုဖြင့် ဖွဲ့စည်းထားပြီး ရုံးအဖွဲ့မှူးတစ်ဦး၊ ဒုတိယရုံးအဖွဲ့မှူး နှစ်ဦး၊ ဌာနမှူးကိုးဦးတို့ အပြင် စုစုပေါင်း ဝန်ထမ်း ၉၀၀ ကျော် ရှိသည်။

လုံခြုံရေးနှင့် မီးသတ်ဌာနတစ်ခု တည်းပင် ၂၅၀ ကျော်၊ ဘဏ္ဍာရေးဌာန အတွက် နှစ်ရာနီးပါးရှိသည်။ ယင်းအပြင် သန့်ရှင်းရေးအတွက် နေ့စားဝန်ထမ်း ၁၀၀ ကျော်ကိုလည်း ခန့်ထားသေးသည်။ အမြဲတမ်းဝန်ထမ်းတစ်ဦး၏ လစာမှာ အနိမ့်ဆုံး ကျပ်တစ်သိန်းနှစ်သောင်းဖြစ်ပြီး နေ့စားတစ်ဦးလျှင် အစိုးရကသတ်မှတ် ထားသည့် ကျပ် ၃၆၀၀ ဖြစ်သည်။

ယခုနှစ် ငါးလစာအတွက် စုစုပေါင်း ကျပ်သန်း ခြောက်ထောင်ကျော် သုံးစွဲ ထားပြီး ၂၀၁၅ ခုနှစ်အတွက် ကျပ်သန်း ရှစ်ထောင်ကျော်၊ ၂၀၁၄ ခုနှစ်အတွက် ကျပ်သန်းခြောက်ထောင်ကျော် သုံးစွဲခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ယင်းသို့ ဝင်ငွေနှင့် ထွက်ငွေစာရင်း ခြားနားမှုအရ လက်ရှိတွင် ကျပ်ဘီလီယံ ၅၀ ကျော် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာဖြင့်ဆိုပါက သန်း ၄၀ ဝန်းကျင်ရှိသည်။
ယင်းဘီလီယံ ၅၀ ကျော်ဆိုသည်မှာ ပြည်တွင်းတွင် ဘဏ်နှစ်ခုတည်ထောင်ရန် အတွက် လုံလောက်သည့် ပမာဏဖြစ်သည်။ 

အဆိုပါ ငွေကြေးများကို မည်ကဲ့သို့ အသုံးပြုမည်နည်း။

ငွေအားလုံးကို မြန်မာ့စီးပွားရေး ဘဏ်တွင် အပ်နှံထားကြောင်း ဦးထွန်းအောင်ငွေက ဆိုသည်။
“ကျွန်တော်တို့လက်မှာ တစ်ပြားမှ မထားဘူး” ဟု ၎င်းကဆိုသည်။
ယင်းပမာဏအတွက် တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း အတိုးရရှိသေးသည်။
များပြားလွန်းလှသည့် ငွေကြေးပမာဏကို ဆင်းရဲတွင်းနက်နေသည့် ပြည်သူပြည်သားများ၏ ပညာရေး၊ ကျန်းမာရေးမှသည် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် အချို့ကလိုလားသည်။
လူတို့အတွက် မဟုတ်လျှင်သော်မှ နိုင်ငံတစ်ဝန်းရှိ ရဟန်းတော်များ၊ ဘုန်းတော်ကြီးကျောင်းများ အတွက် ခွဲဝေအသုံး ပြုစေလိုသည်။

သို့သော်...
ဝိနည်းစည်းကမ်း သတ်မှတ်ချက်အရ ရွှေတိဂုံစေတီအတွက် ရည်စူးလှူဒါန်းထားခြင်း ဖြစ်ရာ ရွှေတိဂုံစေတီအတွက် မှတစ်ပါး အခြားမည်သည့်နေရာတွင်မှ အသုံးပြုရန် မဖြစ်နိုင်ဟု ဦးထွန်းအောင်ငွေက ဆိုသည်။

“လုပ်လို့မရဘူး” ဟု ၎င်းကဆိုသည်။ 
“ကျန်တဲ့ဌာနတွေကို လှူလို့မရဘူး။ ဘုရားအချင်းချင်းတောင် လှူလို့မရဘူး”

ဂေါတမဘုရား၏ ပညတ်ချက် ဝိနည်းတော်အရ ဘုရားပုထိုးများ၏ ပိုင်ဆိုင်မှုများကို ရဟန်းသံဃာတော်များက စီမံခန့်ခွဲရခြင်း ဖြစ်သည်။ သို့သော် ငွေကြေးကိန်းဂဏန်း စာရင်းဇယားများ ပါဝင်နေသည် ဖြစ်ရာ ရဟန်းတော်များအတွက် အဆင်မပြေပါ။ ယင်းအတွက် ယုံကြည်စိတ်ချရသည့် လူပုဂ္ဂိုလ်များကို ရဟန်းတော်များက ညွှန်ကြားစေခိုင်းရခြင်း ဖြစ်ကြောင်း  သာသနာဝေဖန်ရေး ဆောင်းပါးများ ရေးသားလေ့ရှိသည့် အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)က ရှင်းပြသည်။

လူအများ၏ သဒ္ဓါတရားအလျောက် လှူဒါန်းသည့်ငွေကြေးများဖြစ်ရာ ဘုရားအတွက်သာ အသုံးပြုသင့်သည်မှာ ဟုတ်မှန်ကြောင်း ၎င်းကဆိုသည်။

“လှူတဲ့သူတွေက ဘုရားအတွက် လှူတာလေ၊ ပရဟိတအတွက် သုံးစေချင်ရင် ပရဟိတအသင်းအဖွဲ့တွေ လှူမှာပေါ့”

ဘုရားကိုလှူခြင်းသည် မိမိတစ်ကိုယ်ရေအတွက် အကျိုးရှိမည်ဖြစ်သော်လည်း အမှန်တကယ် လိုအပ်နေသူများကို လှူဒါန်းခြင်းသည်လည်း အကျိုးရှိမည်သာ။ ဗုဒ္ဓ တရားတော်အရ အလှူပြုလိုသည့် မည်သူ့ကိုမဆို မည်သည့်နေရာတွင် မလှူသင့်ဟူ၍ တားမြစ်ပိတ်ပင်စကောင်း မရှိပေ။
အလှူရှင်များအနေနှင့် မိမိသဒ္ဓါ တရားရှိရာကို လှူဒါန်းခြင်းသည် အကျိုးရှိ သည်ဆိုသော်လည်း မိမိအတွက်သာမက အခြားသူများအတွက် အကျိုးရှိမရှိကို မလှူခင် စဉ်းစားသင့်ပေလိမ့်မည်။

“ကိုယ့်အတွက်ကိုယ် လှူမလား၊ မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးရှိအောင် လှူမလား” ဟု အရှင်ခေမာနန္ဒက မိန့်ဆိုသည်။ 
“မိမိသူတစ်ပါး နှစ်ဦးသား အကျိုးရှိအောင် လှူမယ်ဆိုရင်တော့ လိုအပ်တဲ့သူကို လှူရမယ်”

ဘုရားစေတီမှမဟုတ်၊ ဘုန်းကြီး ရဟန်းသာမက၊ လူပုဂ္ဂိုလ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး လိုအပ်နေသူကို ပေးကမ်း စွန့်ကြဲရခြင်းသည် မြင့်မြတ်သောဒါန ဖြစ်ကြောင်း ၎င်းက ထပ်မံမိန့်ဆိုသည်။

အလှူငွေများ မြောက်မြားစွာရရှိ ထားသော်လည်း ဘုရားအတွက် အသုံးပြုနေမှုမှာ ဘုရားဖူး မိဘပြည်သူများအတွက် စိတ်ကျေနပ်မှုကို မခံစားရစေပါ။
စောင်းတန်းမုခ်ဦးသို့ ဝင်လိုက်သည်နှင့် မိုးရေကြောင့် ညစ်ပေနေသည့် ခြေနင်းကျောက်ပြားများက ဆီးကြိုနေတတ်သည်။ စောင်းတန်းအတွင်း ခွေးလေခွေးလွင့်များလည်း ရှိနေသည်။ ဈေးသည်များ၏ စည်းကမ်းမဲ့မှုကြောင့် အညစ်အကြေးများ၊ အမှိုက်များကိုလည်း တွေ့နိုင်သည်။

“လုပ်လေ၊ ဘုရားကြီးအတွက် ကောင်းကောင်းမွန်မွန် ပြန်လုပ်လေ။ အခု ဆိုရင် ကြည့်လေ ပစ်စလက်ခတ်၊ အဓိပ္ပာယ်မရှိဘူး” ဟု အရှင်ခေမာနန္ဒက ဆိုသည်။

ဘုရားပိုင်ငွေများကို အခြားနေရာများတွင် သုံးစွဲခွင့်မရှိလျှင်သော်မှ ဘုရားပေါ်တွင် စာကြည့်တိုက်ကဲ့သို့သော အရာမျိုးအတွက် သုံးစွဲခွင့်ရှိသည်ဟု ဆိုသည်။
သူ့အနေနှင့် ခေတ်မီစာကြည့်တိုက်ကြီး တစ်ခုကို ထားရှိပေးစေလိုကြောင်း အရှင်ခေမာနန္ဒက ဆိုသည်။

“ဘာသာရပ်နယ်ပယ် အသီးသီးအတွက် မရှိတဲ့စာအုပ် မရှိတဲ့ စာကြည့်တိုက်မျိုးကြီး လုပ်ပစ်လိုက်ပေါ့”

စေတီတော်နှင့်ပတ်သက်သည့် လုပ်ငန်းများ အငှားချထားပေးသည့် ကိစ္စတွင် ပွင့်လင်းမြင်သာမှု၊ စီမံခန့်ခွဲမှု၊ ထိမ်းသိမ်းစောင့်ရှောက်မှုများ အပါအဝင် ရွှေတိဂုံစေတီတော်နှင့် ပတ်သက်၍ အများပြည်သူ၏ အမြင်တွင် လိုအပ်ချက်များစွာ ရှိနေကြောင်း မကြာခဏ ကြားသိတွေ့မြင်နေရသည်။
ကမ္ဘာလှည့် ခရီးသည်များလည်း နေ့စဉ်ဝင်ထွက် သွားလာနေသည်ဖြစ်ရာ နိုင်ငံတကာရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထားရှိသည့် ပြတိုက်များ၊ အထင်ကရနေရာများနှင့် နှိုင်းယှဉ်လျှင် အဆင့် နိမ့်ကျနေသေးသည်။

ပွင့်လင်းရာသီတွင် စေတီတော်သို့ နေ့စဉ် နိုင်ငံတကာမှ ဘုရားဖူးဧည့်သည် ၁၅၀၀ ဝန်းကျင် လာရောက်လေ့ရှိပြီး မိုးရာသီတွင် ၇၀၀ ဝန်းကျင်ရှိသည်။ တစ်ဦးလျှင် ဝင်ကြေး ၈ ဒေါ်လာ(ကျပ်ရှစ်ထောင်) ကောက်ခံရရှိသည်။ ယခုနှစ် မေလအထိ စုစုပေါင်း နှစ်သိန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံးအတွက် ဧည့်သည်ငါးသိန်းကျော် လာရောက်ခဲ့သည်။  အများစုမှာ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ ဖြစ်သည်။
ပြည်တွင်းဘုရားဖူး အနေနှင့် နေ့စဉ် နှစ်သောင်းဝန်းကျင် ရှိသည်။

လက်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည်လည်း စေတီတော်နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု ရှုမြင်ထားသူ ဖြစ်သည်။
“ရွှေတိဂုံစေတီတော်ကြီးနှင့် ပတ်သက်သော အကြံပြုချက်များကို ပြည်သူများဆီက လိုလိုလားလား တောင်းခံပါတယ်၊ အကောင်းအဆိုး အချက်လက် အကုန်ပေးပို့ခြင်းဖြင့် ပြည်သူ့အစိုးရအတွက် အထောက်အကူ ဖြစ်စေမှာပါ” ဟူ၍ ပြီးခဲ့သည့်ဇွန်လ တတိယပတ်က သူ၏ လူမှုကွန်ရက်စာမျက် နှာမှတစ်ဆင့် ဖိတ်ခေါ်တောင်းခံခဲ့သည်။

ထိုသို့ လူထုအမြင်သဘောထား ကောက်ခံမှုအောက်တွင် ဝင်ရောက် အကြံပြုကြသည့် ပြည်သူ့ဆန္ဒပေါင်းများစွာ ထွက်ပေါ်ခဲ့သည်။
အများစုက ဂေါပကအဖွဲ့၏ အားနည်း ချို့ယွင်းချက်များကို ထောက်ပြကြသည်။ သန့်ရှင်းမှုအားနည်းခြင်း၊ ဆိုင်များမှရောင်းချသည့် ရွှေဆိုင်းများ အရည်အသွေးနိမ့်ကျခြင်း၊ လုံခြုံရေးအားနည်းခြင်း စသည်တို့လည်း ပါဝင်သည်။

ယင်းသို့ကောက်ခံပြီး မကြာခင်တွင် ဂေါပကအဖွဲ့ကို အနည်းငယ်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပြီး ယာယီဂေါပကအဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ သို့သော် ကြီးကြီးမားမားတော့ မပြောင်းလဲနိုင်သေး။

ရုံးအဖွဲ့မှူးထံမှ The Voice က တောင်းယူရရှိသည့် လက်ရှိယာယီဂေါပက အဖွဲ့ဝင် ၁၁ ဦးမှာ ဦးစိန်ဝင်းအောင်၊ ဦးမိုးချစ်၊ သူရဦးတင်လှ၊ ဦးဝင်းတည်၊ ဦးအောင်စိုးမင်း၊ ဦးညိုဝင်း၊ ဦးသောင်းထိုက်၊ ဦးခင်မောင်ဌေး၊ ဦးမောင်မောင်စိုး၊ ဦးအောင်မြတ်နှင့် ဦးသန်းဇော်တို့ဖြစ်သည်။ 
လက်ရှိတွင် ၁၉၇၈ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် ဂေါပကအဖွဲ့ စည်းမျဉ်း စည်းကမ်းများ အတိုင်းသာ ရှိနေရဦးမည် ဖြစ်ပြီး စည်းမျဉ်းအသစ် ရေးဆွဲပြီးမှသာ အသစ်ပြန်လည် ဖွဲ့စည်းနိုင်မည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးမြင့်ဇော်ဝင်းက ဆိုသည်။
“အရင်အဆက်ဆက်ပဲ ပြည်ထောင်စု အစိုးရအဆင့်ကနေ တိုက်ရိုက်ကွပ်ကဲတာပေါ့ ခင်ဗျာ၊ အခုအဲဒီအတွက်လည်း လက်ရှိတော့ ဒီဂေါပကအဖွဲ့တွေက အရင်အစိုးရ လက်ထက်ကတည်းက ခန့်ထားတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိဂေါပကအဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဂေါပကအဖွဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်ရေးဆွဲနေပြီး ယခင်ပြဌာန်းချက်တွင်ပါရှိသည့် ခေတ်နှင့် မညီတော့သည်များကို ပြင်ဆင်သွားမည်ဟု ဆိုသည်။

ရွှေတိဂုံစေတီတော်ကြီး၏ ဝေယျာဝစ္စများ ဆောင်ရွက်ရန်နှင့် ဘဏ္ဍာတော်များ ထိန်းသိမ်းရန်အတွက် ၁၈၉၈ ခုနှစ်တွင် ပထမဆုံးသော ဂေါပကအဖွဲ့ကို ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့သည်။
စည်းမျဉ်းအသစ်တွင် ပြည်သူက ရွေးကောက်တင်မြှောက်သည့်စနစ် ပါရှိမည်၊ မပါရှိမည်ကိုမူ မပြောနိုင်သေးဟု ဦးမြင့်ဇော်ဝင်းက ဆိုသည်။
“အခုဝန်ကြီးကတော့ ဘာပြောပြော ခေတ်နဲ့ညီအောင်ဆိုပြီး ဒီဟာကိုဆွဲတာပါ။ အကုန်လုံး ဟိုဟာတွေ ပြောင်းပြန်လှန်ရမယ် ဆိုတာမျိုး မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
ရေးဆွဲပြီးပါက ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ထံ ပေးပို့ကာ အတည်ပြုနိုင်ရန် လုပ်ဆောင်ရဦးမည်ဖြစ်ရာ ခန့်မှန်းချိန် သုံးလခန့် ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
ယင်းမတိုင်မီအထိတော့ ရွှေတိဂုံစေတီနှင့်ပတ်သက်သည့် ကိစ္စဝိစ္စအရပ်ရပ်သည် ယခင်နှင့်မခြားဘဲ ရှိနေဦးမည်ဖြစ်သည်။

“အရင်စည်းမျဉ်းအတိုင်းပဲ၊ အရင် လုပ်ထုံးလုပ်နည်း အတိုင်းပဲ ကျွန်တော်တို့ လုပ်နေတုန်းပါပဲ၊ ဘာမှပြောင်းလဲမှုမရှိဘူး” ဟု လက်ရှိဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆိုလေသည်။

မည်သို့ပင်ဖြစ်စေ။ 
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ရှိခဲ့ပြီး ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသည့် ဘုရားလေးဆူ၏ တောင်ဝှေး၊ ရေစစ်၊ ရေသနုပ်သင်္ကန်းတို့ ကိန်းဝပ်နေသည်ဆိုသော၊ ဗုဒ္ဓဂေါတမ၏ ဆံတော် ဌာပနာထားသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်သည်လည်း သီချင်း စာသားထဲက အတိုင်းပင် နေရောင်အောက်တွင် ရွှေတောင်ကြီးပေါက်သည့်နှယ် ကမ္ဘာ့အလယ်တွင် ခန့်ထည်နေဦးမည်ဖြစ်သည်။ ထိုနည်းတူ ဗုဒ္ဓဘာသာဝင်ဘုရားဖူးများက ယခင်အတိုင်းပင် လာရောက်ဖူးမျှော် နေကြဦးမည်ဖြစ်သည်။ ယခင်အတိုင်းပင် လှူဒါန်းမှုအစုစုကိုလည်း ပြုနေကြဦး မည်ဖြစ်သည်။

အထက်ပါသီချင်း ထဲကအတိုင်း.
“ဝေဟင် လေယာဉ် အဝေးခရီးစဉ် ပြန်လာရင်၊ ညွှတ်နူးသဒ္ဓါ အမြဲသာ... ကြည်ညိုစိတ်အပြည့် လှမ်းကြည့်ပူဇော်...” ဖြစ်နေကြဦးမည်သာ။ 

အောင်မျိုးထက်

ABOUT AUTHOR

(အောင်မျိုးထက်)