News

POST TYPE

FEATURE

ရုပ်ရှင်ဆုမုဆိုး မြန်မာပြည်ဖွား ဒါရိုက်တာ

ဆောက်လုပ်ရေး အလုပ်သမား၊ စားပွဲထိုး၊ ထိုမှတစ်ဆင့် ကမ္ဘာ့ရုပ်ရှင် စင်မြင့်ပေါ်က ရုပ်ရှင်ဒါရိုက်တာ။ 

ဆင်းရဲသဖြင့် မီဒီ (Midi Z) ဆယ်တန်းတွင် ကျူရှင်မတက်နိုင်။ တက္ကသိုလ်လည်း ဆက်တက်နိုင်မည် မဟုတ်သဖြင့် ဆယ်တန်းစာမေးပွဲဖြေရန် သုံးလအလိုတွင် ကျောင်းတော်ကြီးကို  ကျောခိုင်းလိုက်သည်။ 

မီဒီအတွက် ရွေးချယ်စရာသုံးခု ရှိသည်။ တစ်ခုက ကျောက်သွားတူးရန်။ နောက်တစ်ခုက ထိုင်းသို့ တရားမဝင် ခိုးဝင်ကာ အလုပ်လုပ်ရန် ဖြစ်သည်။ နောက်ဆုံးတစ်ခုက ထိုင်ဝမ်တွင် အလုပ်လုပ်၍ ကျောင်းဆက်တက်ရန်။ 

ကံကောင်းသည်ဟု ဆိုရမည်။ ထိုင်ဝမ်သို့ ကျောင်းတက်ခွင့်ရမည့် စာမေးပွဲအောင်သည်။ စာမေးပွဲ အောင်သဖြင့် ထိုင်ဝမ်တွင် အထက်တန်းကျောင်း တက်ခွင့်ရမည် ဖြစ်သည်။ ယင်းစာမေးပွဲမှာ တရုတ်စာ ရေးတတ်၊ ပြောတတ်သူများသာ ဖြေခွင့်ရှိသည့် ထိုင်ဝမ်စာမေးပွဲ ဖြစ်သည်။ 

“စာမေးပွဲအောင်ရင် ထိုင်ဝမ်က ဗီဇာပဲပေးတယ်။ ဟိုရောက်ရင် ဘယ်သူမှ ပိုက်ဆံမပေးဘူး။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးရမှာ” ဟု မီဒီက ပြောဆိုသည်။ သို့သော်လည်း ရလာသည့် အခွင့်အရေးကို မီဒီ လက်မလွှတ်။

မီဒီသည် လားရှိုးမြို့တွင် မွေးဖွားသူ ဖြစ်သည်။ မိခင်မှာ အလှူအိမ်တွင် ပန်းကန်ဆေး၊ ထမင်းဟင်းချက်၊ ဟင်းသီးဟင်းရွက်ရောင်း စသည့် အလုပ်များကို လုပ်ကိုင်သည်။ ဖခင်မှာ အရပ်ဆေးဆရာ ဖြစ်သည်။  

ထိုင်ဝမ်သို့သွားရန် လေယာဉ်လက်မှတ်ဖိုးကိုပင် မီဒီ၏ မိသားစုက မတတ်နိုင်။ မီဒီလိုပင် အစ်မဖြစ်သူလည်း ယင်းစာမေးပွဲ အောင်ဖူးသည်။ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်သဖြင့် မသွားနိုင်။ ယင်းကြောင့် ထိုင်းသို့ တရားမဝင် သွားကာ အလုပ်လုပ်ခဲ့ရသည်။

မီဒီက အစ်မကဲ့သို့ မဟုတ်။ ကံကောင်းသည်။ အစ်မက ပို့ပေးသည့် ပိုက်ဆံဖြင့် လေယာဉ်လက်မှတ် ဝယ်နိုင်သည်။ ထိုင်ဝမ်သွားရန် ပြင်းပြသည့် ရည်မှန်းချက် မီဒီတွင် ရှိသည်။ 
“ပညာသွားသင်ချင်တာ မဟုတ်ဘူး။ အလုပ်သွားလုပ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဆင်းရဲသားလေ” ဟု မီဒီက ရင်ဖွင့်သည်။

ထိုင်ဝမ်သို့ ၁၉၉၈ ခုနှစ်တွင် ရောက်သည်။ ပိုက်ဆံက လေယာဉ်လက်မှတ်ဖိုး အနိုင်နိုင် ဖြစ်သဖြင့် ထိုင်ဝမ်ရောက်ရောက်ချင်း အလုပ်ရှာရသည်။ ကျောင်းလျှောက်ရန် ပိုက်ဆံလိုသဖြင့် ထိုင်ဝမ်ရောက်၍ နှစ်ရက်အကြာတွင် ပန်းရန်ဆရာ၏ အကူအဖြစ် နှစ်လ လုပ်လိုက်ရသည်။ 

ကျောင်းတက်နေသည့် ကာလတွင်လည်း စားသောက်ချိန်များတွင် အချိန်ပိုင်း စားပွဲထိုး ရသေးသည်။ အထက်တန်းမှ တက္ကသိုလ်အထိ စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ရသည်။ 

မြန်မာနိုင်ငံဖွား ယူနန်တရုတ် တစ်ယောက်၏ ဘဝခရီးကား ကြမ်းခဲ့သည်။ ကြမ်းခဲ့သည့် ဘဝခရီးကို ရင်ဖွင့်နေချိန်တွင် မစ္စတာမီဒီ၏ အသက်က ၃၃ နှစ်ပင် ရှိနေပြီ။ နိုင်ငံတကာ ရုပ်ရှင်လောကများတွင် ပေါက်မြောက်နေပြီ ဖြစ်သည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်နေပြီ ဖြစ်သည်။

ဘဝကြမ်းခဲ့သော်လည်း မြန်မာနိုင်ငံကို သူမမေ့။ ဖန်တီးထားသည့် အနုပညာကို မြန်မာပရိသတ်ထံ ရင်ထဲသို့ အရောက်ပို့ရန် ကြိုးပမ်းခဲ့သည်။ မြန်မာပရိသတ်နှင့် စတင်မိတ်ဆက်သည့် ရုပ်ရှင်ကားက The Road to Mandalay။ ယင်ဇာတ်ကားကို မြန်မာနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသနေသည်။

The Road to Mandalay မှာ မြန်မာ့မြေကို စွန့်ခွာ၍ ထိုင်းသို့ တရားမဝင် ခိုးဝင်ကာ အလုပ်လုပ်သည့် မြန်မာလုပ်သားများ၏ ဒုက္ခ။ အိမ်မပြန်နိုင်တော့သည့် ခရီးကို အချစ်ဇာတ်လမ်းဖြင့် ခြယ်မှုန်းထားသည်။ ရန်ကုန်မြို့လယ်က ဝဇီရာ ရုပ်ရှင်ရုံတွင် ယင်းဇာတ်ကားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ပြသည်။

နိုင်ငံတကာတွင် ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် အောင်မြင်မှု၊ ထောက်ခံမှုများ ရခဲ့သော်လည်း မြန်မာပရိသတ်များကို စတင်ပြသခွင့်ရချိန် ခံစားချက်က ထူးခြားသည်။

“ဇာတိမြေက ပရိသတ်နဲ့တွေ့လို့ တအားစိတ်လှုပ်ရှားပါတယ်။ ပရိသတ် နားမလည်မှာ စိုးရိမ်တယ်။ မကြိုက်မှာလည်း စိုးရိမ်တယ်” ဟု ယင်းဇာတ်ကား ပြသပြီးချိန် ရုပ်ရှင်ရုံထဲတွင် ပရိသတ်များကို မီဒီက ပြောဆိုလိုက်သည်။

The Road to Mandalay မှာ တရုတ်အော်စကာ ဆုစာရင်းတွင် Nomination ခြောက်ခု ဝင်ထားသည်။ ထိုင်ဝမ်က ယခုနှစ်အတွက် Outstanding Achievement Filmmaker ဆုကို ဆွတ်ခူးထားပြီး ဖြစ်သည်။ ယင်းဆုရသူ သမိုင်းတွင် မီဒီက အသက်အငယ်ဆုံး။ 

ယင်းရုပ်ရှင်ဇာတ်ကား မတိုင်မီ ဇာတ်ကားလေးကား ရိုက်ခဲ့သေးသည်။ ဇာတ်ကားတိုင်းမှာ မြန်မာအကြောင်း။ မြန်မာ့မြေတွင် နေထိုင်ခဲ့သည့် ၁၆ နှစ်တာ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒုက္ခ၊ မြင်တွေ့ခဲ့ရသည့် ဒုက္ခအဖုံဖုံကို မမေ့နိုင်။ ယင်းဒုက္ခများကို ရုပ်ရှင်အဖြစ် ပုံဖော်နေသည်။ 

“အခုအချိန်အထိ မမေ့နိုင်ဘူး။ အဲဒါကြောင့် မြန်မာစတိုရီတွေပဲ ရိုက်တယ်”

အမှန်တကယ်တော့ မီဒီက အနုပညာသမားစစ်စစ် မဟုတ်ခဲ့ပေ။ ငွေနောက်ကောက်ကောက် ပါအောင် လိုက်သူ။ ငယ်ငယ်က ရည်မှန်းချက်က သူဌေးဖြစ်ရန်။ 

၂၀၀၇ ခုနှစ်တွင် ကင်မရာနှင့် စတင်ထိတွေ့ခွင့် ရသည်။ လားရှိုးက သူငယ်ချင်း သူဌေးသားတစ်ဦးက မင်္ဂလာဆောင် မှတ်တမ်းတင်ရန် ကင်မရာ ဝယ်ခိုင်းသည်။ ယင်းကင်မရာကို မြန်မာနိုင်ငံသို့ ယူသွားပေးမည့်သူ မရှိသဖြင့် ကင်မရာကို စတင်ထိတွေ့ခွင့် ရခဲ့သည်။ 

ဒီဇိုင်းဘာသာရပ်ဖြင့် ဒီပလိုမာရရန် Project တစ်ခု လုပ်ရသည်။ ယင်းအတွက် မီဒီက ဇာတ်လမ်းတို ရိုက်သည်။ 

ယင်းဇာတ်လမ်းတို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နှစ်ခုတွင် ပြသရန် ရွေးချယ်ခံရသည်။ ယင်းနောက် ထိုင်ဝမ်ကုမ္ပဏီ တစ်ခုက ကြော်ငြာရိုက်ရန် အလုပ်အပ်လာသည်။ 

၂၀၀၆ တစ်နှစ်လုံး ကြော်ငြာလိုက်ရိုက်သည်။ ဒါရိုက်တာလည်းသူ ရိုက်ကူးသူလည်းသူ။ ယင်းအလုပ်က ပိုက်ဆံအများအပြား ရသည်။ အိမ်သို့လည်း ငွေပို့နိုင်သည်။ လားရှိုးတွင် အိမ်လည်း ဆောက်ပေးနိုင်သည်။ တစ်နှစ် အလုပ်လုပ်ပြီးနောက် နားလိုက်ရသည်။ 

“တစ်နှစ်လုပ်ပြီးတော့ ကျန်းမာရေး မကောင်းတော့ဘူး။ တစ်ရက်ကို သုံးနာရီပဲ အိပ်တယ်။ တစ်ခါတလေ အိပ်တောင် မအိပ်ရဘူး။ ပိုက်ဆံကတော့ အများကြီး ရခဲ့တယ်” ဟု မီဒီက ပြောဆိုသည်။

ပိုက်ဆံအသင့်အတင့် ရှိလာပြီ ဖြစ်သဖြင့် အနာဂတ်အတွက် စဉ်းစားသည်။ ရုပ်ရှင်ရိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရုပ်ရှင်နှင့် ပတ်သက်၍ မာစတာဒီဂရီ သုံးနှစ်တက်ရန် နယူးယောက် တက္ကသိုလ်သို့ ဇာတ်လမ်းတို ပေးပို့၍ လျှောက်လိုက်သည်။ ကျောင်းက လက်ခံသည်။ သို့သော်…
အမေရိကန်သံရုံးက Show Money ပြခိုင်းသည်။ မပြနိုင်၍ ဗီဇာ မထုတ်ပေးသဖြင့် မတက်လိုက်ရ။ 
“အဲအချိန်မှာ ပိုက်ဆံက မရှိတော့ဘူး။ အိမ်ကို ထောက်ပံ့လိုက်ပြီ” ဟု ၎င်းက ပြောဆိုသည်။

ကျောင်းတက်ခွင့် မရတော့ ဇာတိမြေကို ပြန်ရန်ဆုံးဖြတ်သည်။ မြန်မာနိုင်ငံတွင် မင်္ဂလာဆောင် ရိုက်ကူးရေး စတူဒီယိုထောင်ရန် ဆုံးဖြတ်ချက်ဖြင့် လာခြင်းဖြစ်သည်။ သို့သော်လည်း ဆုံးဖြတ်ချက် ကြာကြာမခံ။ ရန်ကုန်၏ အခန်းငှားရမ်း ဈေးနှုန်းကို မီဒီမတတ်နိုင်။ စီးပွားရေးလုပ်ရန် အခွင့်မသာသဖြင့် ထိုင်ဝမ်ကို  တစ်ကျော့ပြန်ရပြန်သည်။

ထိုင်ဝမ် ဇာတ်လမ်းတို ပြိုင်ပွဲများတွင် ဝင်ပြိုင်သည်။ ဆုကြေးက အမေရိကန်ဒေါ်လာ ငါးထောင်မှ ငါးသောင်းအထိ ရှိသည်။ ၂၀၀၈ မှ ၂၀၁၀ အထိ ဇာတ်လမ်း ၂၀ ရိုက်လိုက်သည်။ အနုပညာကို မြတ်နိုး၍တော့ မဟုတ်။
“ဆုငွေရဖို့ ရိုက်ကြတာ။ ဝင်ငွေရဖို့ ရိုက်တာ။ ကျွန်တော်ကို ထိုင်ဝမ်မီဒီယာက ဆုမုဆိုးလို့တောင် ပြောတယ်”
 
အော်စကာဆုရ နာမည်ကျော် ဒါရိုက်တာ မစ္စတာအန်းလီနှင့် မစ္စတာ ဟိုရှောင်ရှင်းတို့ ဖွင့်လှစ်သည့် နှစ်လကြာ ရုပ်ရှင်သင်တန်းကို မီဒီ တက်ခွင့်ရသည်။ ကမ္ဘာတစ်ဝန်းက ဝါသနာရှင် ၁၆ ဦးကို ရွေးချယ်ရာတွင် မီဒီ ပါသည်။ အဆိုပါ ဒါရိုက်တာနှစ်ဦးက ဇာတိမြေကို ပြန်ကာ ရုပ်ရှင်ရိုက်ကူးရန် တိုက်တွန်းကြသည်။
“အခုက မြန်မာပြည်မှာ ပြောင်းလဲနေပြီ။ ခင်ဗျား မြန်မာနိုင်ငံ ပြန်သွားပြီး ရုပ်ရှင်ရိုက်ရင် ပိုကောင်းမယ်လို့ အကြံပေးတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၀ တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ Return to Burma ရှပ်ရှင်ကို ရိုက်သည်။ နိုင်ငံခြားတွင် အလုပ်လုပ်သည့် အလုပ်သမားတစ်ဦး ဇာတိမြေသို့ ပြန်လာသော်လည်း မပြေလည်၍ ပြန်သွားရသည့် ဇာတ်လမ်း။ ယင်းဇာတ်ကားကို ကိုယ့်ဘဝကို အခြေခံရိုက်သည်။  
“ကိုယ့်ရဲ့ တကယ့်အကြောင်းလည်း မဟုတ်ဘူး။ ခံစားမှုကို အခြေခံရိုက်တာပေါ့” ဟု မီဒီက ပြောဆိုသည်။

မြန်မာနှင့် ထိုင်းတို့တွင် မြန်မာအကြောင်း ရုပ်ရှင်ငါးကား ရိုက်ကူးထားပြီး ဖြစ်သည်။ ကမ္ဘာ့ရုပ်ရှင်ပွဲတော်များတွင် ပြသခွင့် ရခဲ့သည်။ ယင်းကားအနက် လေးကားကို ကင်မရာ တစ်လုံးတည်းဖြင့် ရိုက်ခဲ့သည်။ Lumix GH 2 အမျိုးအစား။

“တိုးရစ်လိုလို၊ ကျောင်းသားလိုလိုနဲ့ သွားပြီး ရိုက်တာပေါ့။ ပိုက်ဆံလည်း မရှိဘူး။ ကင်မရာသေးသေးနဲ့ ရိုက်တာ” ဟု မီဒီက ဒါရိုက်တာဘဝအစ ခရီးကြမ်းကို ပြန်ပြောင်းပြောဆိုသည်။ 

The Road to Mandalay မတိုင်ခင် ရိုက်ခဲ့သည့် ရုပ်ရှင်ကားမှာ ဘတ်ဂျက်နည်းသဖြင့် ကင်မရာ အကောင်းစား မသုံးနိုင်။ သရုပ်ဆောင် မငှားနိုင်သဖြင့် သူငယ်ချင်းဖြစ်သူ ပရိုဂျူဆာကို သရုပ်ဆောင်ခိုင်းရသည်။ 

သုံးကားမြောက် Ice Poison ရုပ်ရှင်က မီဒီကို ကမ္ဘာ့ရုပ်ရှင် စင်မြင့်ပေါ်သို့ တွန်းပို့ခဲ့သည်။ ၂၀၁၄ တွင် လားရှိုးမြို့၌ ရိုက်ကူးသည့် ရုပ်ရှင်ဖြစ်သည်။ မူးယစ်ဆေးဝါး ဇာတ်လမ်း။ တောင်သူများ သူဌေးဖြစ်ချင်သည့် ဇာတ်လမ်း။

“Ice Poison က တော်တော်အောင်မြင်တယ်။ တစ်ကမ္ဘာလုံးဆု ၁၂ ခု ရခဲ့တယ်။ ထိုင်ဝမ်မှာ ကိုယ်စားပြုပြီးတော့ အော်စကာ Short List ထဲကို ဝင်သွားတယ်” ဟု မီဒီက ပြောဆိုသည်။

Ice Poison ပြီးနောက် ထိုင်ဝမ်သူဌေးများနှင့် ပြင်သစ်အစိုးရတို့က ငွေကြေးထောက်ပံ့ရန် ကမ်းလှမ်းလာသည်။ ယင်းနောက် ပြင်သစ်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း အကူအညီဖြင့် The Road to Mandalay ကို ရိုက်ကူးသည်။ ယခင်ဇာတ်ကားများလို မဟုတ်။ Promotion စရိတ် အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် အသုံးပြုထားသည်။ 

ယင်းဇာတ်ကားကို တရုတ်၊ ပြင်သစ်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန် အပါအဝင် နိုင်ငံ ၁၀ နိုင်ငံတွင် ရုံတင်ပြသမည် ဖြစ်သည်။ 

ယခုတော့ ငွေရှာရန် မခက်တော့ပေ။ ဇာတ်လမ်းကောင်းလျှင် ငွေကို အလွယ်တကူ ရနိုင်သည်။ ထောက်ပံ့မည့်သူများလည်း အဆင်သင့် ရှိနေသည်။ ဒီဇိုင်းပညာရပ်ကိုသာ လေ့လာခွင့် ရခဲ့သည့် မီဒီ ရုပ်ရှင်ကို ရိုက်ရင်းသင်ယူခဲ့သည်။ ယခုတော့ ကမ္ဘာ့စင်မြင့်ပေါ်က ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်နေလေပြီ။ 

ယခင်က ရုပ်ရှင်က ငွေရဖို့။ ယခုရုပ်ရှင်က ဘဝဖြစ်နေပြီ။ အော်စကာဆုရ ဒါရိုက်တာ အန်းလီ (Ang Lee) က မီဒီကို မေးဖူးသည်။ ရုပ်ရှင်မရိုက်အောင် ငွေမည်မျှ ပေးရမည်နည်း။ ဒေါ်လာ သန်းတစ်သောင်းပေးလျှင် မရိုက်တော့ကြောင်း အဖြေပေးဖူးသည်။

“Ice Poison မတိုင်ခင်က ပိုက်ဆံပေးမယ်ဆိုရင် မရိုက်တော့ဘူး။ ပိုက်ဆံလိုတယ်။ Ice Poison ရိုက်ပြီးတဲ့ အချိန်မှာ စိတ်အား ပိုထက်သန်လာတယ်။ အခုတော့ ဘယ်လောက်ပေးပေး မရတော့ဘူး” ဟု မီဒီက ဆိုသည်။

မီဒီ၏ ရည်မှန်းချက်က အော်စကာဆု မဟုတ်။ ငွေကြေးမဟုတ်။ ဇာတိမြေက လူများအကြောင်း၊ မြန်မာနိုင်ငံက ရိုးရာ၊ ယဉ်ကျေးမှုများ အကြောင်း၊ ဝတ်စားဆင်ယင်မှုများ ကြောင်းကို ရိုက်ကူးကာ ကမ္ဘာသို့ တင်ပြရန် ဖြစ်သည်။ 

ယင်းအပြင် စီးပွားရေး အကျိုးအမြတ်အတွက် ရိုက်ကူးသည့် ကမ္ဘာ့အကြိုက်ဇာတ်ကား Commercial  Film များကိုလည်း ရိုက်ရန် တရုတ်နိုင်ငံက ဖိတ်ခေါ်ထားပြီး ယင်းသို့ ဇာတ်ကားကြီးများ ရိုက်ကူးရန်လည်း စဉ်းစားထားကြောင်း မီဒီက ဆိုသည်။ 

မီဒီ ရိုက်ကူးခဲ့သည့် ဇာတ်များမှာ မြန်မာများ၏ ဒုက္ခကို ဖော်ကျူးထားသည့် ရုပ်ရှင်ဇာတ်လမ်းများ ဖြစ်သည်။ The  Road to Mandalay မှာလည်း Unhappy ရုပ်ရှင်။ ယင်းအတွက် အကြောင်းရင်း ရှိသည်။

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် ၁၆ နှစ်တာ ကာလအတွင်းတွင် ကြုံတွေ့ခဲ့ရသည့် ဒုက္ခ၊ ဘေးပတ်ဝန်းကျင်တွင် မြင်တွေ့နေရသည့် လူများ၏ ဒုက္ခများကို မေ့ပစ်၍ မရသဖြင့် ရုပ်ရှင်များမှာ ယင်းသို့ ပုံဖော်ဖြစ်သည်။ ယင်းအရာများက မီဒီကို ဒါရိုက်တာဘဝ ရောက်အောင် တွန်းပို့ခဲ့သည်။

မြန်မာရုပ်ရှင်လောကကို မီဒီ ရှုမြင်ပုံက တစ်မျိုး။ မြန်မာ့ရုပ်ရှင်များတွင် ပြည်သူလူထု၏ အစစ်အမှန် ဘဝများကို ပေါ်လွင်အောင် မပြနိုင်ကြောင်း၊ ယင်းအပြင် ဇာတ်လမ်းများမှာ ဆင်တူနေကြောင်း ၎င်းက ရှုမြင်သည်။ 
“မြန်မာရုပ်ရှင်တွေမှာ အစစ်ဖြစ်ပွားတဲ့ ဘဝနဲ့ ကွာဟမှု ကြီးနေတယ်” ဟု ၎င်းက ဝေဖန်သည်။

“ရုပ်ရှင်က အိုင်ဖုန်းနဲ့လည်း ရိုက်လို့ရတာပဲ။ နည်းပညာနဲ့လည်း မဆိုင်ဘူး။ ဇာတ်အိမ်ကောင်းရမယ်။ ဇာတ်ညွှန်းကောင်း ရမယ်။ တကယ့်ပြည်သူလူထု ရှိတဲ့ဘဝကို ရုပ်ရှင်မှာ သဘာဝကျကျ ပေါ်လွင်ရမယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာ ရိုက်ကူးနိုင်မည့် ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ဝတ်စားဆင်ယင်ပုံတို့ကိုလည်း ကမ္ဘာသိအောင် တင်ပြနိုင်သည်ကို မတွေ့ရကြောင်း ၎င်းက ဝေဖန်သည်။

ဟောလိဝုဒ်တွင် မရိုက်နိုင်သည့် ရှပ်ရှင် မြန်မာနိုင်ငံတွင် ရိုက်နိုင်သည်။ စက်ကြီးကြီးနှင့် အကောင်းဆုံး နည်းပညာဖြင့် ရုပ်ရှင် တီထွင်ဖန်းတီးနေသည့် ဟောလိဝုဒ်ကို နည်းပညာအားဖြင့် ပခုံးချင်းယှဉ်ရန် မလွယ်။

“နိုင်ငံခြားက ဒီရုပ်ရှင်ကြည့်ပြီးမှ သိရမှာ။ ဒီနိုင်ငံက ဒီလိုမျိုး။ တကယ့်လှပတဲ့ ရိုးရာယဉ်ကျေးမှုတွေ အဝတ်အစားတွေ ရှိတယ်။ ဒါက ထူးခြားချက်ပဲ။ ဒါက ဘယ်နိုင်ငံမဆို နှိုင်းယှဉ်လို့ မရတဲ့ အရာပဲ။  ဟောလိဝုဒ်လည်း မယှဉ်နိုင်ဘူး” ဟု  မီဒီက ယူဆသည်။

မြန်မာနိုင်ငံတွင် ဗေဒင်သည် ယုံကြည်လက်ခံသူများသည်။ စီးပွားရေးအတွက်၊ ပညာရေးအတွက်၊ အရာရာအတွက်။ မီဒီ ဘဝတွင်လည်း ဗေဒင်ကို အားကိုးခဲ့သည်။ ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ဗေဒင်ဆရာကို အားကိုးခဲ့သည်။ ဗေဒင်ဆရာပေးသည့် နာမည် အလီလီ ပြောင်းခဲ့သည်။ 

သူငယ်တန်းမှ ပဉ္စမတန်းအထိ သင်္ခမင်းလွင်၊ ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျော်တက်ရင်။ ယင်းနာမည်မှာ အရှေ့ကို ကျော်တက်ရန် ရည်ရွယ်ကာ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်တွင် ကျော်တက်ရင် ဟူသည့် နာမည်ကို အခြေခံကာ Chao Te Yin ဟု ခေါ်ဝေါ်ခဲ့သည်။ ဒါရိုက်တာ အမည်ကတော့ အိမ်ခေါ်နာမည် မီဒီ။ 
“အခုစဉ်းစားလိုက်ရင် အားလုံး ရယ်စရာပဲ” ဟု ၎င်းက ရယ်ရင်းပြောဆိုသည်။

မီဒီမှာ မြန်မာစကားဖြင့် အထွေးဆုံးဖြစ်သည်။ မီဒီသည် မွေးချင်းငါးဦးအနက် အငယ်ဆုံး ဖြစ်သည်။

၁၆ နှစ်ကျော်ကြာ မပြောဖြစ်သည့် မြန်မာစကားကို နိုဝင်ဘာလ ၇ ရက်နေ့က ပြန်ပြောဖြစ်သည်။ The Road to Mandalay ရုပ်ရှင်ကား ပြသမှုအပြီး ပရိသတ်များနှင့် စကားပြောစဉ် စပြောဖြစ်ခြင်း ဖြစ်သည်။ 

“ဗမာလို မပြောတာ ၁၆ နှစ်ရှိပြီ။ ဗမာစကားကို မေ့နေပြီဖြစ်လို့ အင်္ဂလိပ်လို ပါသွားရင် စိတ်မဆိုးပါနဲ့” ဟု ပရိသတ်ကို ၎င်းက တောင်းပန်သေးသည်။

နောက်ထပ် မြန်မာအကြောင်း ရုပ်ရှင်တစ်ကားရိုက်ရန် စီစဉ်နေသည်။ ရန်ကုန်က ဝန်ထမ်းများ အကြောင်းလည်း ပါမည်။ မိသားစုဇာတ်လမ်း ဖြစ်သည်။ ဇာတ်ရုပ်များ လက်တွေ့ဘဝနှင့် ကိုက်ညီအောင် သုံးနှစ်ခန့် အချိန်ယူလေ့လာမည်ဟု မီဒီက ပြောသည်။ 

မြန်မာ့မြေက အဖြစ်အပျက်များကို ရုပ်ရှင်အဖြစ် ပြောင်း၍ ကမ္ဘာ့ရုပ်ရှင်ဈေးကွက်သို့ မီဒီ ဆက်ပို့နေဦးမည်။ ဇာတိမြေက အကြောင်းများကို ရုပ်ရှင်ဆက်ရိုက်နေဦးမည်ဟု မီဒီက ဆိုသည်။ 

ရုပ်ရှင်နှင့် ပတ်သက်ပြီး ဆုမုဆိုးဟု အပြောခံရသည့် မီဒီ၏ တန်ဖိုးထားမှုက ယခုအခါ ဆုဆိုလည်း မဟုတ်၊ ငွေလည်း မဟုတ်။ 

သူက ယခုလို ဆိုသည်။ 
“ရုပ်ရှင်က ကျွန်တော့်ရဲ့ဘဝမှာ  အဖိုးအတန်ဆုံးအရာ ဖြစ်နေပြီ” 

အောင်မြင့်ထွန်း

ABOUT AUTHOR

(အောင်မြင့်ထွန်း)