News

POST TYPE

FEATURE

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် မြန်မာအကျဉ်းသား ၁၀၀ ကျော်ကျန်ရှိနေသေး
25-May-2019
ရန်ကုန်၊ မေ ၂၅ 

ထိုင်းဘုရင် နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မြန်မာအကျဉ်းသား ၁၀၀ ကျော်ကျန်ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

“လက်ရှိ ထိုင်းအကျဉ်းထောင်မှ မြန်မာ ၁၀၀ လောက်တော့ရှိသေးတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းဘုရင်းနန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် ပေးခဲ့သော လွှတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်မှ ထောင်ဒဏ် တစ်သက်တကျွန်းသို့ပြောင်းပေးခြင်း၊ နှစ်ကြီး အကျဉ်းသားများကို နှစ်လျှော့ပေါ့ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အချို့ကိုလွှတ်ပေးခဲ့သည်။ 

မေ ၂၁ ရက်ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းအကျဉ်းထောင်မှ မြန်မာ ၅၉ ဦးလွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး အဆိုပါ ၅၉ ဦးထဲတွင် သေဒဏ်ကျ မြန်မာ ၄ လည်းပြန်လည်လွတ်မြောက်လာကာ ကော့သောင်းနယ်စပ်ဂိတ်မှ မြန်မာပြည်သို့ ပြန်လည်လွှဲပြောင်းပေးကြောင်း ဦးစန်းမောင်ဦးက ပြောသည်။ 

“လိပ်ကျွန်းလူသတ်မှုနဲ့ထောင်ကျထားတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းကတော့ မပါသေးဘူး”ဟု ၎င်းကဆိုသည်။ 

လိပ်ကျွန်းလူသတ်မှုမှာ တရားရုံးတွင် အယူခံနောက်ဆုံးအဆင့် ဝင်နေဆဲဖြစ်သောကြောင့် ထိုင်းဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခြင်းဖြစ်ကြောင်း ဦးစန်းမောင်ဦးက ပြောသည်။ 

ထိုအပြင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဘန်ခွပ် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော မြန်မာအကျဉ်းသား ၁၂ ဦးကိုလည်း တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှ မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ 

J-18