POST TYPE

FEATURE

လှိုင်သာယာတွင် ရွှေဆွဲကြိုး ဆွဲဖြုတ်လုယူထွက်ပြေးသူ သုံးဦးကို ရပ်ကွက်နေသူများက ဝိုင်းဖမ်း
21-May-2019
ရန်ကုန်၊ မေ ၂၀

လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်တွင် မေ ၁၉ ရက် ည ၇ နာရီခန့် က သမီးနှင့်အတူ ဈေးဝယ်ပြီး နေအိမ်သို့ လမ်းလျှောက်ပြန်လာသည့် အမျိုးသမီးတစ်ဦး၏လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဆွဲဖြုတ်လုယူ ထွက်ပြေးသည့် အမျိုးသား သုံးဦးအား ရပ်ကွက်နေသူများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

တန်ဖိုးငွေကျပ် ၁၀ သိန်းခန့် ရွှေဆွဲကြိုး အား လုယက်ခံရသူ အမျိုးသမီးမှာ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက ၎င်း၏သမီးဖြစ်သူနှင့်အတူ ဈေးမှနေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် အမည်မသိ အမျိုးသားသုံးဦးက အနီးသို့ ရုတ်တရက် ရောက်ရှိလာပြီး ၎င်း၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ဆွဲဖြုတ်လုယူထွက်ပြေးခဲ့သည်။

ရွှေဆွဲကြိုးလုယက်ခံရသည့် အမျိုးသမီးမှ ပတ်ဝန်းကျင်အား အကူအညီတောင်းသဖြင့် လုယက်မှု ကျူးလွန်သူများကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ လှိုင်သာယာ မြို့နယ်၊ ညောင်ကျေးရွာနေ အသက် ၁၉ နှစ် ဇေယျာဝင်း (ခ) ကုလားနှင့် အသက် ၂၉ နှစ် မျိုးမင်းထွန်း (ခ) ဝတုတ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူတစ်ဦးမှာ အသက် ၂၂ နှစ် ပြည့်စုံ(ခ) ပုက္ခဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယင်းနောက် ပြည့်စုံ(ခ) ပုက္ခကို အခင်းဖြစ်ညတွင် လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်အတွင်း၌ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးရာမှ လုယက်မှု ကျူးလွန်ရာတွင် ပါဝင်သူ မျိုးမင်းထွန်း (ခ) ဝတုတ်မှာ ၂၀၁၇ ခုနှစ်က ခိုးမှုဖြင့် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်ခဲ့သူဖြစ်ကြောင်း သိရှိရပြီး ပြစ်မှုကျူးလွန်သူသုံးဦးကို လှိုင်သာယာ မြို့မ ရဲစခန်းက (ပ) ၃၀၄၁/ ၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03