News

POST TYPE

FEATURE

တစ်ယောက် တစ်လက် - တစ်လက်မှ တစ်ပင်နှစ်ပင်
19-May-2019


သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရချိန်မှာတော့ ရင်ထဲမှာ စူးခနဲခံစားတာတော့ အမှန်ပါပဲ။ အဲဒါကတော့ ဒေးလီးမေးလ်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်တည်ဆောက်မယ့် တရုတ်ဆိုတဲ့သတင်းပါ။


Internet Nasa ကောင်းကင်ပုံ

ကမ္ဘာကြီးပူနွေးလာတာ လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ဆောက်မှာပါတဲ့။ လူ ၃၀,၀၀၀ နေထိုင်နိုင် မယ့် သစ်တောမြို့တော်မှာ အနားယူ အပန်းဖြေစရာနေရာတွေ၊ ဟိုတယ်တွေနဲ့အတူ ဆေးရုံတစ်ရုံ၊ ကျောင်းတစ်ကျောင်းပါဝင်မှာပါ။ အဲဒီမြို့တော်ကို သစ်ပင်ပေါင်း ၄၀,၀၀၀ နဲ့ တခြားအပင်မျိုးစိတ်ပေါင်း ၁ သန်းလောက် ဝန်းရံထားမှာတဲ့။ ပြီးတော့ အဲဒီသစ်ပင်တွေက တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၁၀,၀၀၀ နဲ့ လေထု ညစ်ညမ်းမှု တန်ချိန် ၅၇ တန်ကိုစုပ်ယူနိုင်မှာ။ ပြီးတော့ အောက်ဆီဂျင်တန်ချိန် ၉၀၀ ကို ပြန်လည်ထုတ်လုပ်ပေးမှာတဲ့။

အဲဒီသစ်တောမြို့တော်ကိုတော့ တရုတ်နိုင်ငံတောင်ပိုင်း တောတောင်ထူထပ်တဲ့ Gaungxi ဒေသမှာ တည်ဆောက်နေတာဖြစ်ပြီး ၁၇၅ ဟက်တာကျယ် ပါတယ်။ ဒီသစ်တောမြို့တော်ဒီဇိုင်းကို ဗိသုကာပညာရှင် Stefano BoeriArchitetti က ရေးဆွဲခဲ့တာဖြစ်ကြောင်း သစ်တောမြို့တော်က ဆူညံသံတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လေထုအပူချိန်ကိုလည်း လျှော့ချနိုင်မှာပါတဲ့။ ဒီစီမံကိန်းဟာ ၂၀၂၁ ခုနှစ်မှာ ပြီးမယ်လို့ Dailymail သတင်းဌာနကဖော်ပြထားတယ်။ အလားတူ သစ်တောမြို့တော်ကို မလေးရှားနိုင်ငံမှာလည်း တည်ဆောက်နေကြောင်း သိရပါသည်။


သစ်တောမြို့တော် တရုတ်

ခုတစ်လော ကမ္ဘာ့သတင်းတွေထဲမှာ အိန္ဒိယနိုင်ငံကလည်း စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှုနဲ့ သစ်ပင်တွေ စိုက်ပျိုးတဲ့သတင်းတွေ ပလူပျံနေသလို ကမ္ဘာ့မြေပုံမှာလည်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ စိမ်းလန်းတဲ့ကုန်းမြေအဖြစ်တွေ့ရပြီး အဲဒီနိုင်ငံ ၂ ခု ကြားက မြန်မာနိုင်ငံကတော့ အန္တရာယ်လွင်ပြင်သဖွယ် ပြောင်သလင်းခါဖြစ်နေတာကို တွေ့ကြရမှာပါ။

တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ပြဋ္ဌာန်းထား တဲ့ဥပဒေတွေ လျော့ရိလျော့ရဲနိုင်နေရင်တော့ ဘယ်အရာကိုမှ ထိထိမိမိ ထိန်းနိုင်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့စာရင် အရွယ်အစားအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲအဖြစ်ဖြစ် မယှဉ်သာပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံ ပြည်တွင်းသတင်းတွေကို နည်းနည်းလောက် စနည်းနာကြည့်စေချင်ပါတယ်။ နိုင်ငံအတွင်းမှာ သစ်ပင်ခုတ်သူမရှိပါဘူး။ သစ်ခိုးထုတ်သူလည်း မကြားဖူးပါဘူး။ ပိုင်ရှင်မဲ့သစ်တွေဆိုတာလည်း တွေ့ဖူးမှာမဟုတ်ပါဘူး။ အားကျဖွယ်ရာပါ။


သစ်ပင်၏တန်ဖိုး

အမိနိုင်ငံမှာတော့ သစ်တစ်ပင်ခုတ် အချုပ် ၃ လတဲ့။ တစ်ခါတလေ တစ်တောလုံးခုတ်သွားတာတောင် အချုပ်က ၈ ရက်လောက်ပဲကျတယ်။ “သစ်တော သစ်ပင်၊ ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” တဲ့။ တကယ်တမ်း ရွှေတိုက်စိုးသွားသူတွေကတော့ မြန်မာလူမျိုးတွေ မဟုတ်ပါဘူး။ ကိုင်းဖျားကိုင်းနားစားရသူတချို့တော့ ရှိပါလေရဲ့။ ဒါကြောင့် မြန်မာနိုင်ငံအဖို့ကတော့ ပင်စည်လည်းကုန်ကိုင်းဖျားလည်းမကျန်တော့ဘဲ တောလည်းပြောင် တောင်လည်း ကတုံးပါပဲ။ ကျွန်တော်တို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဘာကို အပြစ်ပြောကြရမှာလဲ။ ပြောနေလိုရော ဘာထူးဦးမှာလဲ။

လက်ရှိမြန်မာနိုင်ငံရဲ့ သစ်တောဖြုန်းတီးမှုဟာ ကမ္ဘာ့အဆင့် ထိပ်ဆုံးငါးနိုင်ငံထဲ ပါဝင်နေပါပြီ။ တစ်နိုင်ငံလုံးအပူချိန်မြင့်နှုန်း၊ ခရမ်းလွန်ရောင်ခြည်ကျ ရောက်နှုန်းတို့ဟာလည်း အမြင့်ဆုံးပါပဲ။ ဒါကြောင့်လည်း လူတစ်ဦးက သစ်တစ်ပင်စိုက်ရင်တောင် တစ်နှစ်ကို အပင် သန်း ၅၀ ကျော်ပါတယ်လို့ ပရဟိတ အဖွဲ့တွေက လှုံ့ဆော်နေကြလေရဲ့။

ရန်ကုန်တိုင်းဒေသကြီးအဖွဲ့ရဲ့ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေကိုထိန်းသိမ်းပြီး စိမ်းလန်းစိုပြည်နေချင်စဖွယ် မြို့တော်ကြီးဖြစ်အောင် ရည်မှန်းဆောင်ရွက်နေကြောင်း ပြောကြားသွားတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ကို စိမ်းလန်းစေဖို့ ကြိုးပမ်းနေကြောင်း၊ ဥယျာဉ်မြို့တော်ဖြစ်ဖို့ ပန်းဥယျာဉ်တွေကို အများကြီးပြုပြင်နေကြောင်း၊ တစ်ချိန်က ပန်းခြံတွေနဲ့ ကွာသွားကြောင်း၊ ပန်းခြံတွေ အတော်စိမ်းလန်းစိုပြည်လာကြောင်း၊ ပန်းခြံတွေကို ပြည်သူတို့ အသုံးပြုလာကြောင်း၊ အနားယူကြ အားကစားလုပ်ကြတာတွေ မြင်ရလို့ ဝမ်းသာကြောင်း၊ ပင်လယ်ကမ်းခြေတွေကိုလည်း ဒီရေတောစိုက်ဖို့ ဧကနှစ်သောင်းကျော် ပျိုးထောင်ဖို့ ပြင်ဆင်ထားကြောင်း၊ ရန်ကုန်မြို့ဟောင်းဧရိယာကို Smart City ဖြစ်အောင် လုပ်သွားမှာဖြစ်သလို ဒဂုံ လေးမြို့နယ်အပါအဝင် မြို့သစ်ဧရိယာကိုလည်း ဖွံ့ဖြိုးတိုးတက်မှု ပိုဖြစ်လာအောင် ကြိုးပမ်းနေကြောင်း ပြောကြားသွားတာ တွေ့လိုက်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်သက်သက်တွေ ဖြစ်မသွားဖို့ပါပဲ။


ဖိလစ်ပိုင်ကျောင်းသားများ ဂင်းနစ်စံချိန်ဝင် စိုက်ပျိုးနေပုံ

တကယ်တော့ ကမ္ဘာကြီး ပူနွေးလာမှုကို သိသိသာသာကြီး ခံစားလာနေရပါပြီ။ နိုင်ငံအများစုကိုကြည့်ရင် ပြောင်းလဲနေတဲ့ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူထုလှုပ်ရှားမှုတွေ၊ ထိန်းကျောင်းမှုတွေအများကြီးလုပ်လာကြတာတွေ့ကြရမှာပါ။ အထူးသဖြင့်ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို အသိအမှတ်ပြုပြီး နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံရဲ့ ရေမြေတောတောင်နဲ့ သဘာဝအလှတရားတွေကို ချစ်ခင်မြတ်နိုးတတ်လာဖို့ပါပဲ။ ဥပဒေကိုကြောက်ပြီး လိုက်နာနေရတာထက် အနာဂတ်လူသားတွေနေတဲ့ ကမ္ဘာမြေကို အရှည်တည်တံ့ဖို့ ထိန်းသိမ်းလိုတဲ့စိတ်ရှိလာဖို့ပါပဲ။

ဒီနေရာမှာ အတုယူစရာတွေ အများကြီးရှိပါတယ်။ မိမိတို့ပတ်ဝန်းကျင် မိမိတို့ အိမ်နီးချင်းတွေမှာကိုပဲ ရှိနေပါတယ်။ ကိုယ့်နိုင်ငံမှာ သစ်တောသစ်ပင်တွေကို လူထုလှုပ်ရှားမှုနဲ့ ပြန်လည်စိုက်ပျိုးကြဖို့ အချိန် တန်နေပါပြီ။ သစ်တောသစ်ပင်တွေကို အသိတရားနဲ့ ထိန်းသိမ်းကြဖို့ အချိန်တန်ပါပြီ။ တစ်တောလုံးပြုတ် တစ်တောင်လုံးအပြတ်ရှင်းနေတာတွေကို ဥပဒေနဲ့ ပြတ်ပြတ်သားသားထိန်းကျောင်းဖို့ လိုနေပါပြီ။ ပြည်တွင်းသစ်သူခိုးတွေကို အကာအကွယ်ပေးနေသူတွေ၊ ကာကွယ်စောင့်ရှောက်နေသူတွေကိုလည်း ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြီး ပြတ်ပြတ်သားသား အရေးယူသင့်နေပါပြီ။ တာဝန်သိဝန်ထမ်းတွေကို ချီးမြှင့်မြှောက်စားရမှာဖြစ်သလို အကာအကွယ်ပေးရမှာလည်းဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးတဲ့ ပြည်တွင်းနေရာအနှံ့မှာပိုင်ရှင်မဲ့သစ်တွေ ဖမ်းဆီးရမိနေတာ ဆင်ကောင်ကြီးတွေ့နေပါရဲ့နဲ့ ဆင်ခြေရာပျောက်နေတာရှာမရတာတွေဟာ ရှက်ဖွယ်လိလိပါပဲ။ မိမိတို့နိုင်ငံဟာ နယ်စပ်ဒေသတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ သစ်ခိုးထုတ်နေကြတာ ခံနေရပါတယ်။ ပြည်တွင်းမှာလည်း သစ်မှောင်ခို သစ်သူခိုးတွေကြောင့် တစ်နိုင်ငံလုံး ပြောင်သလင်း ခါနေတယ်ဆိုတာ NASA ကထုတ်တဲ့ ကောင်းကင်ဓာတ်ပုံက မငြင်းကွယ်နိုင်အောင် သက်သေပြနေပါတယ်။ ပိုပြီးဝမ်းနည်းစရာကောင်းတာက သစ်တောသစ်ပင်တွေကို လူတွေ မချစ်ခင်တော့တာပါပဲ။ ခုဆို ရန်ကုန်-ပြည် ကားလမ်းတိုးချဲ့နေတာ သုံးလေးနှစ်ထက် မနည်းတော့ပါဘူး။ လမ်းဘေးဝဲယာက သစ်ပင်ကြီးငယ်တွေကို အပြောင်ရှင်းနေတာ မြင်ရတဲ့ခရီးသွား ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာပါပဲ။ ဒါဟာ ကားလမ်းတိုးချဲ့ရာနေရာတိုင်းလိုပါပဲ။ အဲဒီနေရာတွေမှာ ဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း ကြုံတွေ့နေကြရပြီ။ (ဥပမာ - ဂန့်ဂေါ - ပခုက္ကူလမ်းပိုင်း) ကိုယ့်နိုင်ငံအတွင်းမှာ သိသိသာသာသာ အပင်တွေ မစိုက်ပျိုးနိုင်ပေမယ့် သစ်ပင်ကြီးတွေ အကြောင်းအမျိုးမျိုးနဲ့ခုတ်လှဲခံနေကြရတာပါပဲ။ ဘာပြောပြောပါ လူတိုင်း သစ်တစ်ပင်ရဲ့တန်ဖိုးကိုတော့ သိသင့်နေပါပြီ။


လမ်းဘေးသစ်ပင်ခုတ်လှဲနေပုံ (ကျောက္ကာ)

ဒါကြောင့် ငယ်ငယ်ကသင်ခဲ့ရတဲ့ ပုံပြင်လိုပါပဲ။ သရက်ပင်စိုက်တဲ့ အဘိုးအိုဟာ သူမစားသုံးရမှန်းသိပေမယ့် နောင်လာမယ့်သားမြေးတွေအတွက် စိုက်ခဲ့တာပါ။ ဒီကနေ့ လက်တွေ့ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဆိုတာလည်း လူကြီးတွေအတွက် မဟုတ်တော့ပါဘူး။ ကျန်ရစ်ခဲ့မယ့် အနာဂတ်မျိုးဆက်တွေအတွက် စဉ်းစားပေးကြပါ။ ရှေ့ကလူကြီးတွေဟာ ကုန်းကောက်စရာတောင် မကျန်တော့မယ့်နိုင်ငံတော်မျိုး ထားရစ်ခဲ့ကြတော့မှာလား။ တကယ်တမ်းတော့ ဘယ်သူ့ကိုမှတော့ အပြစ်မတင် အပြစ်မပြောလိုတော့တာ အမှန်ပါပဲ။ ဒါပေမဲ့ လက်ရှိအနေအထားကနေ နိုင်ငံသားတိုင်းက နိုင်ငံချစ်စိတ်လေးနဲ့ တစ်ယောက်တစ်လက် တစ်လက်မှတစ်ပင် နှစ်ပင်နည်းနဲ့သာ နှစ်စဉ်မပြတ် ပြန်လည်စိုက်ပျိုးကြမယ်ဆိုရင်ဖြင့် အနာဂတ်မျိုးဆက်တွေအတွက် မနှောင်းလောက်သေးပါဘူး။ မကြာသေးခင်ကပဲ ဖိလစ်ပိုင်ကျောင်းသားတွေဟာ တစ်နာရီတည်းနဲ့ သစ်ပင်ပေါင်း ၃.၂ သန်းစိုက်ပျိုးပြီး ဂင်းနစ်စံချိန်ဝင်သွားခဲ့တဲ့သတင်းကတော့ ဝမ်းမြောက်ဖွယ်လည်းကောင်း အတုယူအားကျဖွယ်လည်း ကောင်းလွန်းလှပါတယ်ဗျား။

ခင်မောင်ဌေး (ပညာရေး)