News

POST TYPE

FEATURE

နာဂစ်ဆည်းဆာ
14-May-2019

အသက် ၉၀ ခန့်အရွယ် ဒေါ်သိန်းနှင့် အသက် မတိမ်းမယိမ်းရှိကြသူအချို့ ဤနေရာကလေးတွင် စုစုဝေးဝေး အတူတကွ နေထိုင်ခဲ့ကြသည်မှာ လပေါင်း များစွာ အတော်ကြာခဲ့ပြီဖြစ်သည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာရှိ အဆောက်အအုံကြီးသို့ ရောက်လျှင် ကွမ်းတမြုံ့မြုံ့ဝါးနေသော ဒေါ်သိန်းကို တွေ့နိုင်သည်။

ထိုနေရာသည် သူနှင့်ဘဝတူများ ခိုလှုံနေကြရာ “နာဂစ်ဆည်းဆာ”ဘိုးဘွားရိပ်သာ ဖြစ်သည်။

“ယောက်ျားသေ၊ သားသေ၊ သမီးသေနဲ့ ခိုကိုးရာမရှိတော့လို့ ရောက်လာတာ”ဟု အဘွား ဒေါ်သိန်းက အဝေးသို့ ငေးမောကာပြောပြသည်။

ဤသို့ဖြင့် နာဂစ်ဆည်းဆာသည် ဒေါ်သိန်းကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မိသားစု၏ စောင့်ရှောက် ဖေးမမှု မရနိုင်သူ သက်ကြီးပိုင်းတို့ စုဝေးနားခိုရာ နေရာလေးတစ်ခု ဖြစ်လာသည်။

နာဂစ်ဆည်းဆာ၏ နိဒါန်း

နာဂစ်ဆည်းဆာသည် လူဦးရေ တစ်သိန်းကျော် အသေအပျောက်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သော ၂၀ဝ၈ မေ ၂ ရက်က တိုက်ခတ်သည့် မုန်တိုင်းနှင့် ဆက်စပ်နေသည်။

ရန်ကုန်မြို့တွင် နေထိုင်သော ဘိုကလေးသူ ဒေါ်ရှုသည် မုန်တိုင်းအလွန် ၂ ရက်အကြာတွင် ဇာတိမြေမှ  မုန်တိုင်းသင့်ပြည်သူတို့ကို သွားရောက်လှူဒါန်းရာမှ ဘိုးဘွားတို့ ခိုလှုံသည့်နေရာ လိုအပ်လာမည်ဖြစ်ကြောင်း သတိထားမိခဲ့သည်။

“ချောင်းထဲကအလောင်းတွေကို ထိုးဝါးတွေနဲ့ ဖယ်ပြီးသွားရတော့ ၁၄ နှစ်သား ၁၅ နှစ်သား အလောင်းတွေမြင်ပြီး ကျန်ရစ်ခဲ့တဲ့ ဘိုးဘွားတွေကို ဘယ်သူစောင့်ရှောက်ပါ့မလဲ၊ ကျွေးမွေးပါ့မလဲ၊ လူသားတစ်ယောက်အနေနဲ့ ငါ့မှာ တာဝန်ရှိတယ်ဆိုပြီး ဘိုးဘွားရိပ်သာ လုပ်မယ်ဆိုပြီး ရည်ရွယ်ခဲ့တာ”ဟု အသက် ၇၀ အရွယ် ဒေါ်ရှုက ပြောသည်။

ထိုဒေသတွင် ရိပ်သာပေါ်ပေါက်ရေးအတွက် အမျိုးသားတစ်ဦး ကြိုးပမ်းခဲ့သေးသော်လည်း အောင်မြင်မှု မရခဲ့ပေ။

နာဂစ်ဆည်းဆာ အစီအစဉ်ကို ဇွဲသန်သော စိတ်ဓာတ်ကြောင့် အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု ဒေါ်ရှုက ဆိုသည်။

“ယောက်ျားသား ဦးဆောင်ပြီးလုပ်တာတောင် မဖြစ်တာ မိန်းမသားကလုပ်တော့ ဖြစ်မှာမဟုတ်ဘူးဆိုပြီး ဝေဖန်တာတွေရှိတယ်”ဟု ၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ရှင်းပြသည်။

ကဒုံကနိရှိ အမျိုးတော်စပ်သူ ဦးဇော်တင့်ကိုပြောပြခဲ့ရာ မြေလှူသော ဦးရှမ်းအောင်မြင့်နှင့် ချိတ်ဆက်မိခဲ့သည်။ ဒေသတွင်းနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင်များက ဝိုင်းဝန်းလှူဒါန်းကြသဖြင့် နာဂစ်အပြီး ၇ နှစ်အကြာတွင် ရိပ်သာဖွင့်လှစ်နိုင်ခဲ့သည်။

ယခုအခါ အသက် ၇၀ မှ  ၉၉ နှစ်ကြားဘိုးဘွား ၁၄ ဦးကို ပြုစုစောင့်ရှောက်ထားသည်ဟု ဦးရှမ်းအောင်မြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူတို့၏ ပျမ်းမျှသက်တမ်းမှာ အမျိုးသမီးများအတွက် ၆၉ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၆၅ နှစ် ဖြစ်သည်ဟူသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တွက်ချက်ခန့်မှန်းမှုအရလည်း နာဂစ်ဆည်းဆာတွင် ရောက်နေသူများမှာ အသက်ရှည်သူများဖြစ်ရာ ကျန်းမာရေးသာ လိုအပ်နေသည်။

ကျန်းမာရေးအရ လိုအပ်လျှင် ဆေးရုံပို့ပေးသည်။ ကဒုံကနိတိုက်နယ်ဆေးရုံ ဆရာဝန်ကလည်း ၁၅ ရက် တစ်ကြိမ် လာရောက်ကာ ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးဝါးအချို့ လှူဒါန်းသည်ဟုသိရသည်။

လိုအပ်ချက် 

နာဂစ်ဆည်းဆာရှိ အစီအစဉ်မှာ နံနက် ၅ နာရီ၊ ညနေ ၃ နာရီနှင့် ၆ နာရီတို့တွင် ဘုရားရှိခိုး၊ တရားထိုင်ကြသည်။ နံနက် ၇ နာရီ၊ ၁၁ နာရီနှင့် ညနေ  ၅ နာရီတို့မှာ အစားအစာ ကျွေးမွေးချိန်ဖြစ်သည်။

ဆွမ်းလောင်းသူလည်း ရှိသည်။ အချို့ရက်များတွင် နံနက်စောစော လမ်းလျှောက်လိုသူလည်းရှိသည်။

သောက်နေကျဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်သော ဆေးဝါး၊ မသင့်လျော်သော အစားအစာတို့ကို ဘိုးဘွားတို့ တောင်းဆိုလျှင် ခေါင်းကိုက်ရသည်ဟု ရိပ်သာတာဝန်ခံက ဆိုသည်။

ဘုရားခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ရေလှောင်ကန်တို့ကို တိုးချဲ့တည်ဆောက်ရန် လိုအပ်နေကြောင်း သူက ဆက်ပြောသည်။

ကဒုံကနိကျေးရွာရှိ အရပ်ဘက် အဖွဲ့အစည်း၏ ရုံး၊ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆေးရုံ၊ လှေဆိပ် စသည့်နေရာများတွင် ရိပ်သာအတွက် အလှူခံပုံးများကို တွေ့နိုင်သည်။ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်အချို့က မွေးနေ့၊ မင်္ဂလာဆောင်နှင့် သာရေးနာရေး အစီအစဉ်များအတွက် လာရောက် ကျွေးမွေးကြသည်၊ ငွေကြေးလှူဒါန်းကြသည်။

ရိပ်သာတွင် အစားအသောက် အပါအဝင် တစ်ရက်တာ အသုံးစရိတ်မှာ ကျပ်သုံးသောင်းကျော်သည်။

ဘဏ္ဍာရေးငွေကြေး အခက်အခဲကြောင့် ဝန်ထမ်း ၂ ဦးသာ ခန့်ထားနိုင်သည်။ လစာနည်းလွန်းသဖြင့် ယခင်ဝန်ထမ်းတို့မှာ မြို့တက် အလုပ်သစ်ရှာကြကြောင်း၊ လက်ရှိ ဝန်ထမ်း ၂ ဦးကလည်း အဘိုးအဘွားများကို သံယောဇဉ်ကြီးကြောင်း ဦးရှမ်းအောင်မြင့်က ရှင်းပြ သည်။

ဝန်ထမ်းနှစ်ဦးပေါင်းကို ပေးနေသည့် လစာငွေ မှာ ၇၀,ဝဝဝ သာဖြစ်သည်။

ဝန်ထမ်းတစ်ဦးဖြစ်သူ မစန္ဒာက လစာငွေနည်းသော်လည်း တတ်စွမ်းသရွေ့ လုပ်ကိုင်ပေးနေကြောင်း ပြောပြသည်။

ဧည့်သည်များ လာရောက်ပါက ရပ်ရွာထဲမှ အမျိုးသမီးအချို့ကို အကူအညီတောင်းကာ ချက်ရေး ပြုတ်ရေး လုပ်ကိုင်ကြသည်။

အဝတ်ကို ကိုယ်တိုင် လျှော်နိုင်သော၊ လူနေဆောင်မှ ထမင်းစားဆောင်အထိ လမ်းလျှောက်နိုင်သော အသက် ၇၀ နှင့်အထက် ဘိုးဘွားများကို မိသားစုဝင်၏ ထောက်ခံချက်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၏ ထောက်ခံချက်များဖြင့်  လက်ခံကြောင်း ယင်းဘိုးဘွားရိပ်သာထံမှ သိရသည်။

အရေအတွက် ၃၀ ကျော် လက်ခံနိုင်ပြီး ဧရာဝတီတိုင်းအတွင်းရှိ ခိုကိုးရာမဲ့နေသော ဘိုးဘွားများ ဆက်သွယ်ပါက လာရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ အရေအတွက် ၁၀ဝ ခန့်အထိ စောင့်ရှောက်သွားရန် ရည်ရွယ်ထားကြောင်း ဘိုးဘွားရိပ်သာ တည်ထောင်သူ ဒေါ်ရှုက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ရိပ်သာကိုစွန့်ခွာသွားသူကို နောက်တစ်ကြိမ် ပြန်လက်မခံခြင်းမှာ ရိပ်သာ၏ သံမဏိစည်းကမ်းဖြစ်သည်။

နားခိုသူများ

ရိပ်သာရှိ အဘိုး ၈ ဦး၊ အဘွား ၆ ဦးတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသခံများ ပါဝင်သကဲ့သို့ အချို့မှာ ရန်ကုန်မှ ရောက်လာသူများဖြစ်သည်။

လစဉ် လူမှုရေးပင်စင် တစ်သောင်းကျပ်ရရှိသူ ဘိုးဘွားပေါင်း ၁၆၈ç၅၇၈ ဦးရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဧပြီလဆန်းတွင် ကြေညာထားရာ နာဂစ်ဆည်းဆာမှ  အဘွား ၂ ဦးလည်း လူမှုရေးပင်စင် ရကြသည်။

လေးဧက ကျယ်ဝန်းသောမြေပေါ်တွင် မီးဘေးအန္တရာယ် ကျရောက်နိုင်ခြေနည်းပါးသော ကွန်ကရစ် အဆောက်အအုံဖြင့် တည်ဆောက်ထားသည်။

အလျားပေ ၁၇၀၊ အနံပေ ၂၀ ရှိသည့် နာဂစ်ဆည်းဆာတွင် လူနေဆောင် နှစ်ခု၊ ရုံးခန်း၊ ထမင်း စားဆောင်၊ မီးဖိုဆောင်တို့ ပါဝင်သည်။

ရုံးခန်းမှာ နှစ်ထပ် ဖြစ်သောကြောင့် ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးကျရောက်လာပါက ဘိုးဘွားများ ရုံးအပေါ်ထပ်သို့ ရွှေ့ပြောင်းခိုလှုံနိုင်မည်ဟု ရိပ်သာတာဝန်ခံ ဦးသန့်ဇော်က ပြောသည်။

သက်ကြီးများ စုဝေးနေသည့် ဤဂေဟာသည် အခြားနေရာများနှင့် မတူကွဲပြားမှုအချို့ ရှိနေသည်။

ရိပ်သာတွင်နေထိုင်ရန် စီစဉ်ထားပြီးမှ မွေးထားသော ကြက်ဖကြီးကို မခွဲနိုင်၍ ရောက်မလာသူ၊ အိမ်တွင်ကျန်ရစ်သော အိမ်ထောင်ဖက်ကို သတိရ၍ ပြန်သွားသူ၊ သားသမီးကို မခွဲနိုင်၍ ပြန်သွားသူတို့လည်းရှိဖူးကြောင်း ဦးသန့်ဇော်က ရှင်းပြသည်။

ရိပ်သာတွင်သာ ခေါင်းချမည်ဟုဆိုသူမှာ ရေလုပ်ငန်းတွင် ကျင်လည်ခဲ့သော ဖျာပုံမြို့နယ်၊ ကျုံကဒိုး ကျေးရွာဇာတိ ဦးကျော်ရင် ဖြစ်သည်။

ဇနီးကွယ်လွန်ပြီး ဒုတိယ အိမ်ထောင်ပြုခဲ့သူ ဦးကျော်ရင်သည် သမ္ဗန်ခတ်ရင်း အသက်မွေးခဲ့သည်။ ထိုအလုပ်ကို ၆ နှစ်ခန့် လုပ်ပြီးချိန် အသက် ၇၈ နှစ်အရွယ်တွင် တရားဘာဝနာ ပွားများရမည့်အချိန် ဖြစ်သည်ဟု သတိထားမိလာသည်။ ဇနီးကို မိသားစုရှိရာ အရပ်သို့ပြန်ပို့၊ မိသားစုလုပ်ကိုင်စားသောက်နိုင်ရန် ဖန်တီးပေးခဲ့ပြီးနောက် ရိပ်သာသို့ လွန်ခဲ့သည့် ၃ နှစ်က ရောက်လာခဲ့ကြောင်း ဦးကျော်ရင်ကပြောသည်။

“မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားရှိခိုး၊ အနည်းဆုံး သုံးကြိမ် လေးကြိမ် တရားထိုင်တယ်။ ကိုယ်ဖြတ်သန်းမှုက ဒါပဲရှိတော့တယ်။ ဒီပြင် အာရုံဘာမှ မရှိတော့ဘူး။ ကိုယ့်အတွက် ဘာမှမလုပ်ရသေးဘူး။ ရသလောက်တော့ လုပ်နေတယ်။ တရားပဲ အာရုံပြုနေတယ်။ သေခါပဲနီးနေပြီ”ဟု အဘိုးဦးကျော်ရင်က ဆိုသည်။ နေထိုင်စားသောက်ရေး အဆင်ပြေပြီး ဝတ်စရာပုဆိုးသစ်များပင် ပိုလျှံနေကြောင်း ၎င်းကဆိုသည်။

ဒေါ်သိန်းအပါအဝင် နာဂစ်ဆည်းဆာတွင် နေထိုင်နေသူတို့သည် တရားအားထုတ်ခြင်းဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြသည်။

ခင်ပွန်းကွယ်လွန်ပြီးနောက် ဒေါ်သိန်းသည် အကြီးအကျယ် လုပ်ကိုင်ခဲ့သော ရေလုပ်ငန်းကို စွန့် လွှတ်ကာ လယ်ယာလုပ်ငန်းခွင်နှင့် ဆိုင်သောလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်း၊ အတူနေ သားသမီးများ တစ်ဦးပြီးတစ်ဦး ကွယ်လွန်ခြင်းတို့နှင့် ရင်ဆိုင်ရပြီးနောက် ရပ်ရွာကတိုက်တွန်းသဖြင့် နာဂစ်ဆည်းဆာသို့ ဒေါ်သိန်းရောက်လာခြင်း ဖြစ်သည်။

“လောဘလည်း မထားတော့ဘူး။ ဘုရားရှိခိုးမယ်၊ တရားအားထုတ်မယ်၊ ဒီမှာနေပြီး ဒီမှာသေဖို့ပဲ ဆုံးဖြတ်ထားတယ်”ဟု အဘွားဒေါ်သိန်းက ပြောလိုက်သည်။

ကြည်ကြည်လွင်