News

POST TYPE

FEATURE

နရသိန်မှသည် သတင်းခန်းဆီသို့
07-May-2019

တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြသည်။ နံနက် ၈ နာရီကျော်လာသည်အထိ အတိအကျ မသိရသေး။ သံဆူးကြိုးများ ချထားသည့် တံခါးမကြီးနား လူအုပ်ကြီးက စောင့်ဆိုင်းလျက်။ နံနက် ၉ နာရီထိုးခါနီးအချိန် သေချာစေသည့် ဖုန်းသံလေးကြားလိုက်သည်။ သူတို့လွတ်လာပြီ။ အထုပ်ကိုယ်စီကိုင်လျက် လမ်းလျှောက်ရင်း အပြုံးကိုယ်စီ။

သူတို့နှစ်ဦးမှာ ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ သတင်းရေးသားဖော်ထုတ်ခဲ့ခြင်းကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ဖြစ်သည်။

ယနေ့ (မေလ ၇ ရက်) နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတက ယခုနှစ်အတွက် တတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၆၅၂၀ လွှတ်ပေးရာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဥပဒေဖောက် ဖျက်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ပါဝင်လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းသမားက စုအုံပြုံတိုး လူအုပ်ကြီးကြားထဲ သူတို့နှစ်ယောက် လက်ကာတိုးထွက်ရင်း ဆွဲထုတ်ခေါ်ရသည်အထိ။ လမ်းဖယ်ပေးကြဖို့ အော်ဟစ်သံတွေကလည်း တစ်ယောက်တစ်ပေါက်။

ထောင်တံခါးရှေ့မှာပင် ကိုဝလုံးက “လွှတ်ပေးတာကို ကျေးဇူးတင်ပါတယ်။ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့ချင်နေပါပြီ။ သတင်းခန်းမှာ အလုပ်တွေ ပြန်လုပ်ချင်နေပါပြီ”ဟုပြုံးရယ်ရင်း သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သူ့ဆန္ဒတစ်ဝက်တော့ အချိန် အနည်းငယ်အတွင်းမှာ ချက်ချင်း ပြည့်သွားလေပြီ။ မိသားစုနှင့်တွေ့ဆုံပြီး ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ကလေးကိုယ်စီချီပြီး ပြုံးရယ်နေသည့်ပုံက နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ် ရောက်ရှိခဲ့သည်။ လူမှုကွန်ရက် စာမျက်နှာတို့တွင်လည်း ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွတ်လာပြီဟူသောသတင်းက နေရာယူထားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းက အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားရန်အတွက် အချက်အလက် စုဆောင်းနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စွဲချက်တင်ခဲ့ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့သည်။

သူတို့နှစ်ဦး အဖမ်းခံရသော်လည်း စုဆောင်းထားသည့် သတင်းအချက်အလက်များဖြင့် ရိုက်တာသတင်းဌာနက ဆောင်းပါးတစ်ပုဒ် ထွက်လာခဲ့သည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရိုဟင်ဂျာရွာသား ၁၀ ယောက်ကို တပ်မတော်နှင့် ပြည်သူ့စစ်များက သတ်ဖြတ်ခဲ့ကြောင်းကို သက်သေဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။


ထိုသတင်းသည် တစ်ကမ္ဘာလုံး ရိုက်ခတ်သွားခဲ့ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ဖိအားပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံပြအဖြစ် သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ပင် ဝေဖန်ခံခဲ့ရသည်။ ထိုအချိန်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးခဲ့သည့် ရဲမှူးကြီး မိုးရန်နိုင်ကလည်း သူ့တို့နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း ဝန်ခံခဲ့သည့်အတွက် ရဲအက်ဥပဒေဖြင့် အရေးယူခံလိုက်ရသည်။

ထိုသတင်းကြောင့် အင်းဒင်လူသတ်မှုကို ကျူးလွန်ခဲ့သည်ဆိုသော တပ်မတော်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် စစ်သည် ၃ ဦးကို တပ်မတော်ကနေ အမြဲတမ်း ထုတ်ပယ်ပြီး နယ်ဘက် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချလိုက်သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အမှုသည် တရားရုံး အဆင့်ဆင့်တက်ပြီး နောက်ဆုံး ပြည်ထောင်စုလွှတ်တော်တရားရုံးက ဧပြီလ ၂၃ ရက်နေ့က ပယ်ချအပြီး ယနေ့တွင် သူတို့နှစ်ဦးမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် လွတ်မြောက်လာလေသည်။

နိုင်ငံတော်သမ္မတသည် ယခုနှစ် ဧပြီနှင့် မေလတွင် လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်ပေးခဲ့ပြီး အကျဉ်းသား/သူ နှစ်သောင်းကျော် လွတ်မြောက်ခဲ့သည်။ ထိုနှစ်သောင်းကျော်တွင် အများစုမှာ မူးယစ်ဆေး သုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိသူများဖြစ်သည်။ မူးယစ်ဆေးအမှုတွင် ပြစ်ဒဏ် ၁၇ နှစ်ကျခဲ့နေရသော မြန်မာနိုင်ငံ၏ နာမည်ကျော် သရုပ်ဆောင် မိုးအောင်ရင်လည်း လွတ်မြောက်လာသည်။

ယခုလွတ်ငြိမ်းသက်သာခွင့်တွင် ရခိုင်၌ ဟောပြောပွဲလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ကဗျာဆရာဝေဟင်အောင်တို့ မပါဝင်ပေ။ ထိုအတွက်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတို့အကြား ဘာကြောင့်မပါသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်လာသည့်အပေါ်တွင်လည်း ဝိဝါဒကွဲပြားနေဆဲ။

ရန်ကုန်သတင်းစာပညာကျောင်းက “သူတို့နှစ်ဦးဟာ အစကတည်းက တရားဥပဒေ ချိုးဖောက်ခဲ့ခြင်းမရှိဘဲ သတင်းစာပညာရဲ့ အမြင့်မားဆုံးတာဝန်ကို သတ္တိရှိရှိနဲ့ ထမ်းရွက်ခဲ့သူတွေ ဖြစ်တဲ့အတွက် ဂုဏ်ပြုစရာ စံပြသတင်းစာဆရာများအဖြစ် ရန်ကုန်သတင်းစာပညာကျောင်းက အသိအမှတ်ပြုအပ်ပါတယ်”ဟု ထုတ်ပြန်ကြေညာခဲ့သည်။


သူတို့နှစ်ဦး လွတ်မြောက်လာသည့်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာသတင်းအသိုင်းအဝိုင်းက ကြိုဆိုဝမ်းမြောက်ကြသော်လည်း တပ်မတော် ထောက်ခံသူများနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လှုပ်ရှားသူတို့အကြားတွင်တော့ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ရွှေဘိုမြို့ဒေသခံတစ်ဦးကမူ “အစိုးရအပေါ် သစ္စာမဲ့ပြီး တောင်ရေး မြောက်ရေး ရေးတာကျတော့ ၆၆ (ဃ) နဲ့ ထောင်ထဲ ထည့်ထားတယ်။ နိုင်ငံတော်အပေါ် သစ္စာမဲ့ပြီး လျှို့ဝှက်ချက်တွေကို နိုင်ငံခြား ရောင်းစားတဲ့သူတွေကို လွတ်ငြိမ်းနဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ နိုင်ငံအပေါ် သစ္စာဖောက်ချင်ဖောက် အစိုးရအပေါ်တော့ သစ္စာမမဲ့နဲ့ ဆိုတာမျိုး ဖြစ်နေပြီ”ဟု သူ့အမြင်ကို မှတ်ချက်ပေးသည်။

လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်လာသည့်အပေါ် နိုင်ငံတော်သစ္စာဖောက်ဟု သုံးနှုန်းကာ ဆဲဆို အမုန်းစကားပွားနေကြသည်ကိုလည်း တွေ့ရသည်။

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး၏အမှုတွင် အမှန်တရားကို ဖော်ထုတ်ပေးခဲ့သော ဒုရဲမှူးဟောင်း မိုးရန်နိုင်ကမူ မိသားစုနှင့် ထပ်တူဝမ်းသာကြောင်း သတင်းစကားပါးခဲ့သည်။

“သူတို့ရှေ့ဆက်ပြီး သတင်းလောကမှာ ရှိစေချင်တယ်”ဟု ၎င်းကဆိုသည်။

ကိုဝလုံးကိုယ်တိုင်ကလည်း သတင်းခန်းမှာ အလုပ်တွေ လုပ်ချင်နေပြီဟု ပြောထားသည်။ သူတို့ နှစ်ဦးအတွက် နိုင်ငံတကာက ချီးမြှင့်ထားသည့် ဆု များစွာလည်း ရရှိထားသည်။ ဝေဖန်ဆဲဆိုသူများနှင့် ထောက်ခံကြိုဆိုသူများအကြား ရှေ့ဆက်ရမည့် သတင်းသမားဘဝမှာ လွယ်ကူမည်မဟုတ်ကြောင်း အချို့က မှတ်ချက်ပေးသည်။

လက်ရှိတွင် သူတို့၏ ဆန္ဒတစ်ဝက်ပြည့်လေပြီ။ ကိုဝလုံးနှင့် ကိုကျော်စိုးဦး ကလေးကိုယ်စီချီကာ အပြုံး ဝေနေဆဲ။

မင်းထက်စံ၊ ခင်မြတ်မြတ်ဝေ