News

POST TYPE

FEATURE

ခရမ်းချဉ်သီး ငါးဆယ်သား
08-Apr-2019


(၁)

“ဒီနေ့ ဘယ်သူ ထမင်းချိုင့်မပါဘူးလဲ”
အဖြူအစိမ်းဝတ်စုတ်စုတ်ပြတ်ပြတ်လေးတွေ ကြားမှ လက်ကလေး သုံးလေးချောင်းတက်လာသည်။
ထိုအခါ အတန်းပိုင်ဆရာမ သည် သူ့ထမင်းချိုင့်ထဲမှ တဝက်ကို ဖယ်ပြီး ထိုလက်ကလေး သုံးလေးချောင်းကို မျှကျွေးရသည်။
ထမင်းချိုင့်ပါလာသည့် ကလေးများကလည်း သူတို့ဆီက ထမင်းနည်းနည်း၊ ဟင်းနည်းနည်းဆီ လာမျှကျွေးကြ၏။
လာမျှကျွေးသည့်ကလေးများသည်လည်း ဒီနေ့ ထမင်းချိုင့်ပါသော်လည်း နောက်နေ့များတွင် မသေချာကြသူများ။ ထမင်းချိုင့်နပ်မမှန်သူချင်း ဒီလို ဘုံစနစ်လေးကို ကျင့်သုံးကြသည်။
ဒီလိုပဲ ပါသည်သူက မပါသည့်သူကိုမျှကျွေး၊ မပါသည့်သူက ပါသည့်သူနှင့် မျှစား။ 
ဒါက တတိယတန်း (က) ၏ အစဉ်အလာကြီးလိုဖြစ်နေသည်။
ရပ်ကွက် က ဆင်းရဲလှသည်။ ကလေးတစ်ယောက်ကို ခိုင်းကောင်းသည့်အရွယ်ရောက်လျှင် ဝင်ငွေရှာခိုင်းသည့် ဒီလိုနေရာတွင် ကျောင်းထားသည်ဆိုသည်ကပင် လွန်လွန်းလှပြီ။
ထမင်းချိုင့် မပါတာလောက်ကိုတော့ စကားထဲ ထည့်မပြောတော့နှင့်။
ခန့်ကျော် ။
မျက်လုံးက ဂျစ်တစ်တစ်၊ ဆံပင်က နီကြောင်ကြောင်၊ နှပ်ချေးတွဲလောင်းနှစ်ခုက နှာခေါင်းနှင့် နှုတ်ခမ်းအထက်တွင် အမြဲတမ်း အတိုအရှည်မညီစွာ နေရာယူထား၏။
ဘုရားစူးအဖြူဟု ပြောရမည်ဖြစ်သော အင်္ကျ ီ နှင့် မတော်တရော် ကျောင်းစိမ်းဘောင်းဘီတိုက အမြဲသေးစော်နံနေသည်။
ထမင်းချိုင့် မပါသူ လက်ထောင်ဆိုလျှင် ခန့်ကျော်က နေ့တိုင်းထောင်သည့် ဖောက်သည်ကြီး။
ဆင်းရဲပါသည်ဆိုသည့် ကလေးတွေထဲတွင် သူက ပိုဆင်းရဲသည်။
အဖေက ဘုရားပွဲများတွင် ဓားခြစ်ပန်းချီလိုက်ရေးသည့် ဆယ့်နှစ်ပွဲပန်းချီဆရာ။ အမေက အဖေ့ လမ်းဘေးပန်းချီရောင်းဖျာလေးပေါ် ကြုံ့ကြုံ့ထိုင်ကာ ဘက်ထရီမီး ဖွင့်ပေးရုံကလွဲလို့ ဘာမှ မလုပ်တတ်။
ခန့်ကျော်အထက်မှာ အမနှစ်ယောက်၊ ခန့်ကျော်အောက်မှာ ညီသုံးယောက်။
ခန့်ကျော်ကို ခုနှစ်နှစ်သားမှ ကျောင်းစထားသည်။
သင်း သုံးတန်းအထိ ကျောင်းတက်နေရသည်ဆိုသည်ကိုက လွန်လှပြီ။
ထမင်းချိုင့် ကတော့..မနက်ကတည်းက အဝစား၊ ညနေ ကျောင်းပြန်မှ တစ်ခေါက်စားပေါ့။
အတန်းထဲတွင် အသက်အကြီးဆုံး ခန့်ကျော်သည် သူ့နေ့လည်စာကို လက်ညှိးကလေးထောင်ပြီး ဖြေရှင်းရင်းပင် ကျောင်းကြီးပိတ်သွား၏။

အမေသည် ကျောင်းပိတ်ရက်များတွင် သူ့တပည့်လူလိမ္မာတုံးလေးများအဆက်ဆက်အကြောင်း ကျွန်တော်တို့ကို ပြောပြလေ့ရှိသည်။
အမေ နှစ်ပေါင်းများစွာ မူလတန်းပြလုပ်ခဲ့သည့် ကျောင်း တွင် လူလိမ္မာလေးများအများဆုံးထွက်ပါသည်။
ဘယ်လောက်ထိ လိမ္မာကြသည်လဲဆိုသည်ကို ဥပမာတစ်ခုပြပါမည်။
တစ်ခါက ကျွန်တော်တို့ ရပ်ကွက်ထဲ လူစိမ်းတစ်ယောက် နေ့တိုင်းဖြတ်သွားဖြတ်လာလုပ်သည်။ အိမ်တွေကို သူ သေချာလိုက်ကြည့်သည်။
ဒီလူ ကို အဖေက သတိထားမိသွားသည်။
“ဒီကောင် သူခိုးပဲ..နာမည်ကြီးသူခိုး…တလောကမှ ထောင်က လွတ်လာတာ”
အဖေက အမေ့ကို ပြောပြသည်။
အမေ က ထိုလူစိမ်းကို သေချာကြည့်သည်။
တိုက်တိုက်ဆိုင်ဆိုင် လူစိမ်းကလည်း ကျွန်တော်တို့ အိမ်ပေါ် မျက်စိကစား၏။
အမေ့ကို တွေ့တော့ လူစိမ်းက ကုပ်ကုပ်ကလေးဖြစ်သွားသည်။
အမေက ခပ်ပြုံးပြုံးပင်။
“ဟဲ့..မိုးကျော်….နင်..ဘယ်တွေပျောက်နေတာလဲ”
“ဟာ..တီချယ်…သား..တခြားမှာ အလုပ်သွားလုပ်နေလို့ပါ…ဒါ တီချယ်တို့ အိမ်လား”
အမေက ခေါင်းငြိမ့်ပြလိုက်သည်။
ဒီလောက်နှင့်ပဲ..ကျွန်တော်တို့ တစ်အိမ်လုံး သူခိုးရန် မပူရပဲ စိတ်ချလက်ချ ခေါင်းပြားအောင် အိပ်ရပါသည်။
မိုးကျော်က အမေ့တပည့်ဟောင်းပေကိုး။
ဒါက အမေ့တပည့် လူလိမ္မာကလေးတွေ၏ အထင်ရှားဆုံးဥပမာ။
အမေ့တပည့်ထဲ ထူးထူးခြားခြား ဆရာဝန်ဖြစ်သွားသူ၊ အင်ဂျင်နီယာဖြစ်သွားသူ သုံးလေးယောက်တော့ရှိသည်။
သို့သော်ငြား..ထိုသုခမြို့တော်ဆင်းရဲသားရပ်ကွက်ကြီးထဲ ရုပ်ရှင်ဆန်ဆန်ကြီး ထွန်းပေါက်သွားသည့် တပည့်တွေက ရှားမှရှား။
အများစုကတော့ ပတ်ဝန်းကျင်နှင့် ဘဝပေးအခြေအနေအရ ဒီဝဲဂယက်ထဲမှာပင်။
အမေ့ တပည့်တွေသည် အဖေမှ သား ၊ သားမှ မြေးအထိ ဆွေစဉ်မျိုးဆက်ကြီးဖြစ်နေတတ်သည်။
တစ်ခါတစ်ရံ အိမ်နောက်ဖေး မိလ္လာတွင်းတူးသည့် လူက အမေ့တပည့်ဖြစ်နေပြီး တစ်ပြားမှ မယူပဲ လုပ်ပေးသွားတတ်သည်။
အဖေ ဖွင့်ထားသော လက်ဖက်ရည်ဆိုင်တွင် ဖောက်သည်ယောကျာ်းတစ်အုပ်တစ်မကြီးနှင့် ကြက်ဥဟက်ဖ်ရိုက် လာသောက်သူ ညဉ့်ငှက်မကလေးသည်လည်း အမေ့တပည့်ဖြစ်နေသဖြင့် အမေ စိတ်ဆိုး မာန်ဆိုးဖြစ်ခဲ့ရဖူးသည်။
ထိုနှစ်က အမေ ပြောပြာသော သူ့အတန်းထဲမှာ လူဆိုးမှာ ခန့်ကျော်ဖြစ်ပါသည်။
ခန့်ကျော်သည် အဆဲသန်သည်။ ရန်ဖြစ်သည်။ သူများမုန့်လုစားသည်။ အမြဲတမ်းလူတွေကို မိုက်ကြည့် ကြည့်သည်။
ဆင်းရဲသော်လည်း စေတနာချမ်းသာကြသည့် အမေ့တပည်လေးများသည် နောက်ဆုံးကျောင်းကြီးပိတ်ချိန်တွင် ဘီစကစ်မုန့်လေးများ၊ ဘာလီပုလင်းလေးများ တတ်နိုင်သမျှ ဝယ်လာကာ အမေ့အား ကန်တော့ကြသည်။
ထိုအခါ ခန့်ကျော်သည် သူ့သူငယ်ချင်းများကို ရန်လိုက်ရှာပြန်သည်။
“ခန့်ကျော် တစ်ကောင် တော်တော်ဆိုးတယ်” 
အမေက ဒီလိုပဲ မှတ်ချက်ချသည်။
ဒီလိုနှင့် မေ့မေ့ပျောက်ပျောက်။

(၂)

မတ်လ ကုန်ခါစအချိန်တွင်ပင် မိုးတွေ ရွာနေသည်။
နိုင်ငံခြားရောက်နေသော အဖေ့ဆီမှ ဖုန်းလာသဖြင့် ကျွန်တော်တို့ ဆွေမျိုးအိမ်တစ်ခုတွင် ဖုန်းသွားပြောကြသည်။
အမေ နှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် မိုးသဲသဲထဲ စက်ဘီးကိုယ်စီဖြင့် ပြန်လာကြ၏။
အိမ်ရှေ့ရောက်တော့ အိမ်တံစက်မြိတ်အောက်တွင် မိုးရေတွေစိုးရွှဲနေသော ကလေးတစ်ယောက်။
“ဟယ်..သား..ခန့်ကျော်..ဘယ်တုန်းကတည်းက ရောက်နေတာလဲ”
အမေ ပြောပြောနေသည့် ထိုနှစ် ၏ ဟီးရိုး ခန့်ကျော်မှန်း ကျွန်တော်သိလိုက်ပါသည်။
“လာလာ..အိမ်ပေါ်တက်..မိုးတွေကလည်းရွှဲလို့.ဖျားနေဦးမယ်..ဒီအကောင်လေးကတော့…”
အမေက ဆူဆူပူပူဖြင့်ပင် သူ့တပည့်ကို တဘက်ပေးပြီး ခေါင်းသုတ်ခိုင်းသည်။ 
“ကျောင်းပိတ်တုန်းက ဆရာမကို သားမကန်တော့လိုက်ရလို့…အခု လာကန်တော့တာ”
ခန့်ကျော်က သူ့လက်ထဲတွင် ပလက်စတစ်အိတ်ဖြင့် ထည့်လာသော ခရမ်းချဉ်သီးထုတ်ကို အမေ့ရှေ့ချကာ ကုန်းကန်တော့သည်။
ခရမ်းချဉ်သီး။
ကျွန်တော် စိတ်ထဲ..ဒီကောင်ကွာ ဟု ပြောပြီး ရယ်လိုက်မိသည်။
ပဲခူးတွင် နေကြသူများ မှတ်မိကြဦးမည်ထင်ပါသည်။ ထိုနှစ်က ခရမ်းချဉ်သီးများ စံချိန်တင်ဈေးကျသော ကာလဖြစ်သည်။
ခရမ်းချဉ်သီးတွေ ပေါလွန်းလှသဖြင့် တစ်ရာဖိုးဝယ်လျှင်ပင် တစ်ပိသာ ရနေသည့်အချိန်။
သူလာကန်တော့သည့် ခရမ်းချဉ်သီးက ငါးဆယ်သားလောက်ရှိရော့မည်။
“ခန့်ကျော်…နောက်မှ လာကန်တော့လည်းရလျက်နဲ့..မိုးထဲလေထဲဟယ်”
“သား..ဒိုက်ဦးက လက်ဖက်ရည်ဆိုင်မှာ အလုပ်သွားလုပ်ရတော့မှာမို့ပါ..ဆရာမ…နောက်နှစ်လည်း အဖေတို့က ကျောင်းဆက်ထားချင်မှ ထားမှာ”
အမေ စိတ်မကောင်းဖြစ်သွားပုံရသည်။
ခရမ်းချဉ်သီးထုတ်ရှေ့က သူ့တပည့်ကို တစိမ့်စိမ့်ကြည့်နေသည်။
ခန့်ကျော် ခေါင်းမော့လာ၏။
“အဲ့ဒါ..ဆရာမ..သား ဒိုက်ဦးသွားဖို့ လမ်းစရိတ်ထဲက ခရမ်းချဉ်သီးဝယ်လာပေးတာ..သားကို လမ်းစရိတ် သုံးရာလောက် ပေးလိုက်ပါဦး”
ဘယ်လိုကောင်တုန်းဟ ။
ကျွန်တော် ဒီကောင့်ကို ပြူးပြီးကြည့်သည်။
အမေကတော့ ပြုံးပြီးသာကြည့်၏။
သူ့ပိုက်ဆံအိတ်ထဲက ငွေသုံးရာထုတ်ပေးသည်။
“မိုးစဲမှ သွားတော့..ခန့်ကျော်..မိုးတွေလေတွေက သဲနေတာ..နင်တစ်ယောက်တည်းမဖြစ်ဘူး”
မိုးတင်မက။ လေကလည်း သဲလာသည်။
နာဂစ်မုန်တိုင်းသည် တဖြည်းဖြည်း အရှိန်ရလာသည်။ သစ်ပင်များလဲကုန်သည်။
ကျွန်တော်တို့ အိမ်ရှေ့ခန်းမှ ဘီဒိုကြီး ဝုန်းခနဲလဲသွားသည်။
နောက်ဖေး မီးဖိုခန်းမှ သွပ်နှစ်ချပ်လန်ထွက်သွားသည်။
“ခန့်ကျော်…ဒီမှာပဲ အိပ်လိုက်တော့…မနက်မိုးစဲမှသာသွားတော့..သား”
တစ်ညလုံး မုန်တိုင်းက ကြောက်မက်ဖွယ်ရာ အသံကြီးနှင့်။
အမေချက်ထားသော ငါးဟင်းနှင့် ကျွန်တော်တို့ ထမင်းစားကြသည်။ ခန့်ကျော်က လူကောင်သေးသေးလေးနှင့် သုံးပန်းကန်လောက်စားသည်။
နောက်တစ်ရက်လည်း မိုးကမစဲ။
အပြင်ဘက်တွင် အပျက်အစီးများစွာဖြင့်။
ဟင်းချက်စရာက ဘာမှမရှိ။
သားနှစ်ယောက် ၊ တပည့်တစ်ယောက် နှင့် အမေသည် မီးသွေးဖြင့် မီးမွှေးကာထမင်းအိုးတည်သည်။
ဟင်းအတွက် ပြသနာရှိပြီ။
ကျွန်တော်တို့ အိမ်အောက်တွင်လည်း ရေတွေ ကြီးနေ၏။ ဘယ်ဆိုင်မှလည်း ထွက်မည်မဟုတ်။
ခုန ကျွန်တော် ရယ်ခဲ့သော ခန့်ကျော် ၏ ခရမ်းချဉ်သီး ငါးဆယ်သားထုတ်ကလေးကို အမေ ဖြည်ရပြီ။
ခရမ်းချဉ်သီးချက်ပြီး ကျွန်တော်တို့ သားအမိနှင့် ခန့်ကျော်တို့ စားကြသည်။
ညနေလည်း ခန့်ကျော်၏ ခရမ်းချဉ်သီး ကိုပဲ ဟင်းလုပ်စားကြရသည်။ မုန်တိုင်းစဲပြီး နောက်တစ်ရက်အကြာမှ ခန့်ကျော် ကျွန်တော်တို့အိမ်က ထွက်သွားပါသည်။
တကယ်တော့ ခန့်ကျော် ၏ သူ့ဆရာမအပေါ်ထားသော စေတနာ ခရမ်းချဉ်သီး ငါးဆယ်သားသည် ထိုစဉ်က ငွေကြေးတန်ဖိုးအရ ဘာမှ မရှိခဲ့။
သို့သော် နာဂစ်မုန်တိုင်းကာလ ကျွန်တော်တို့ မိသားစုအတွက်တော့ ထမင်းနှင့် တွဲဖက်စရာ ဟင်းတစ်ခွက်ဖြစ်ခဲ့သည်။
တန်ဖိုးရှိလွန်းခဲ့ပါသည်။

(၃)

နှစ်ပေါင်းများစွာ ကြာပြီ။
ခန့်ကျော် အမေ့ ဆီ ပြန်ရောက်လာသည်။
ယူနီဖောင်းနှင့်။
“သား တပ်ထဲဝင်သွားတာ..ဆရာမ”
လွန်ခဲ့သော ဆယ့်နှစ်က သုံးတန်းကျောင်းသားလေးမဟုတ်တော့။ အရက်နံ့ကလေးကလည်း တထောင်းထောင်း။
“ခွင့်နဲ့ ပြန်လာတာလား”
“မဟုတ်ဘူး…ဆရာမ…သား.ပင်စင်နဲ့ ထွက်လာတာ”
သူ့ ဘယ်ဘက် ဘောင်းဘီကို အပေါ်အထိ မပြသည်။ ခြေတုကြီးနှင့်။
“ကချင်ဘက်မှာ..မိုင်းထိတာ..သေပြီတောင်ထင်တာ..ဆရာမရယ်..တော်သေးလို့”
အမေ့က ငွေသုံးထောင် သူ့ကို မုန့်ဖိုးပေးလိုက်သည်။
ခန့်ကျော်.. အမေ့ကို နှုတ်ဆက်ပြီး ထော့နဲ့ ထော့နဲ့ ဖြင့် ပြန်ထွက်သွားသည်။
ခန့်ကျော်။ ခရမ်းချဉ်သီးငါးဆယ်သား။
ကျွန်တော် မှတ်မှတ်ရရရှိနေသော အမေ့တပည့်ကျော်တွေထဲက..တစ်ယောက်။

ဗြိတိသျှကိုကိုမောင်