News

POST TYPE

FEATURE

ဂျပန်နိုင်ငံနှင့် သက်ကြီးရွယ်အိုပြဿနာအဖြေရှာခြင်း
07-Mar-2019


အပြင်တွင် ပုစဉ်းရင်ကွဲသံတွေက ဆူညံနေသည်။ အဘွားချီကို အီတိုက ထိုအသံတွေကို မုန်းသည်။ သို့သော် သူတို့နေထိုင်သည့်တိုက်ဝန်းကျင်တွင် ထိုအသံတွေက ဆူညံနေသည်။ 

“မိုးလင်း မိုးချုပ် သူတို့အသံတွေချည်းပဲ”ဟု အဘွားအိုက ပြောလိုက်သည်။

ယနေ့ အဘွားချီကို၏ အသက် ၉၁ နှစ်မြောက် မွေးနေ့ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အပူချိန်က တက်လာသည်။ အပူရှိန်က သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်စရာဖြစ်သည်။ ဤတိုက်တန်းလျားတွင် နေထိုင်သူ အဘိုးအဘွားပေါင်း ၁၇၁ ဦးရှိသည်။ သူတို့တွင် မိသားစုလည်းမရှိ။ သူတို့ထံလာလည်မည့် သူတွေလည်းမရှိ။ သူတို့ကို စကားပြောပေးမည့် သူတွေလည်းမရှိ။ သူတို့နေထိုင်သည့် အခန်းလေးများထဲက ပြင်ပကို ငေးကြည့်ရင်း သူတို့ဘဝ၏ နောက်ဆုံးအချိန်တွေကို စောင့်ဆိုင်းနေကြရသည်။ သူတို့ ဤအခန်းကျဉ်းလေးများထဲတွင် လူမသိသူမသိ နောက်ဆုံးထွက်သက်ကို ထုတ်ကာ ဘဝနိဂုံးချုပ်ခဲ့ကြရသည်။

အဘွားချီကိုနှင့် အခန်းချင်းကပ်လျက်တွင် အသက် ၆၉ နှစ်အရွယ် အဘိုးတစ်ယောက်နေသည်။ သူ့ကို မတွေ့သည်မှာ သုံးနှစ်လောက်ရှိသွားပြီ။ ယခင်ကဆိုလျှင် ထွက်သွား၊ ပြန်လာတွေ့နေသေးသည်။ သူ့ကို မတွေ့သည့်အခါတွင်လည်း လူတွေကသတိမထားမိ။ သူ့အခန်းခကိုလည်း တိုက်ရှင်က သူ့ဘဏ်စာရင်းမှ လကုန်တိုင်း လွှဲပြောင်းထုတ်နေသဖြင့် သုံးနှစ်လောက် သတိမထားမိကြခြင်းဖြစ်သည်။ နောက်ဆုံး ဘဏ်စာရင်းတွင် ငွေမရှိတော့မှ အခန်းရှင်က လာဖယ်ခိုင်းသည်။ တံခါးပိတ်ထားသောကြောင့် ရဲများကိုခေါ်ကာ ဖွင့်ကြည့်မှ အရိုးကျနေပြီဖြစ်သော သူ့အလောင်းကို မီးဖိုချောင်ထဲတွင် တွေ့လိုက်ရသည်။

ထိုအဖြစ်အပျက် ဂျပန်နိုင်ငံတွင် တကယ့်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး အစိုးရကထိုအချိန်မှ သက်ကြီးရွယ်အိုတို့ဘဝကို အလေးထားရမှန်းပိုသိလာသည်။ ထိုတိုက်ခန်းများတွင် နေထိုင်သူ အဘိုးအဘွားများသည် နှစ်ပေါင်း ၆၀ လောက်အထိ တောက်လျှောက် နေထိုင်ကြသူများပင်ရှိသည်။ ဂျပန်နိုင်ငံသည် အထီးကျန်စွာနေထိုင်ရပြီး သေဆုံးနေကြရသည့် အဘိုးအဘွား အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင်လာသည်။ 

ဂျပန်နိုင်ငံထင်ရှားသော မဂ္ဂဇင်းကြီးတစ်စောင်၏ မျက်နှာဖုံးတွင် “တစ်ပတ်ကို အထီးကျန်စွာ သေဆုံးနေသူပေါင်း ၄၀၀၀ ရှိ” ဆိုသည့် သတင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေသည်။

အဘွားချီကို နေထိုင်နေသည့် တိုက်တန်းလျားတွင် သက်ကြီးရွယ်အိုပေါင်း ၁၇၀ ကျော်ရှိကာ သူတို့ ဘဝတွေက လူမသိ သူမသိသေချိန်ကို စောင့်နေရသည့် ဘဝတွေဖြစ်နေသည်။ ဂျပန်နိုင်ငံတွင် ၁၉၆၀ နောက်ပိုင်းကတည်းက ဤအဖြစ်ဆိုးတွေကို ရင်ဆိုင်ရန် အစပြုလာသည်။ စီးပွားရေးတိုးတက်စေရန်နောက်ကိုသာ တကောက်ကောက် လိုက်နေကြသောကြောင့် မျိုးဆက်တစ်ခုပြီးတစ်ခု မိသားစုနှင့် ကင်းဝေးလာကြသည်။ ထို့ပြင် အိမ်ထောင်ပြုလျှင်လည်း သားသမီးယူရန် တွေးဆနေမှုများကြောင့် ကလေးမွေးဖွားမှုနှုန်းတွေက လျော့ကျလာသည်။ ဤသို့ဖြင့် အရွယ်တွေရလာပြီး အလုပ်ကနား၊ ပင်စင်ထိုင်စား၊ စုဆောင်းထားတာလေးတွေကို ထိုင်စားရင်း အထီးကျန်ဘဝတွေကို ယနေ့ခေတ်တွင် ရင်ဆိုင်ခံစားနေကြရသည်။ တိုက်ခန်းများတွင် ပုပ်ပွမှ၊ အရိုးကျမှ သေနေမှန်းသိပြီး သယ်ထုတ်သွားကြရသည့် သက်ကြီးရွယ်အိုများ ပြဿနာမှာ ဂျပန်လူနေမှုစနစ်တွင် စိတ်မကောင်းစရာတစ်ခုဖြစ်လာသည်။

ဂျပန်နွေရာသီသည် အထီးကျန်အဘိုး အဘွားများကို သေမင်းနိုင်ငံ အမြန်ဆုံးပို့နေသည့် ရာသီဖြစ်နေသည်။ အဘွားချီကိုကတော့ ယနေ့အထိထိုအထီးကျန်စွာ သေဆုံးမှုကို မကြုံရသေး။ ယနေ့ သူ့မွေးနေ့ဖြစ်သော်လည်း သူ့ကိုဖုန်းခေါ်ပြီး မွေးနေ့ဆုတောင်းပေးသူမရှိ။ သူကလည်း လက်ဆောင်ကတ်ပေးစရာ တစ်ယောက်မှမရှိ။ သူက ဧကရာဇ် တိုင်ရှိုခေတ်တွင် မွေးဖွားလာသူဖြစ်သည်။ အသက် ၉၀ ကျော်သည့်တိုင် လောကတွင်နေထိုင်ရလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့။ သူ့မိသားစုအပါအဝင် ဆွေမျိုးမိတ်ဆွေတွေ အားလုံးတစ်ယောက်ပြီး တစ်ယောက်မရှိကြတော့ ပေ။ ယခုတိုက်ခန်းကို ၁၉၆၀ ပြည့်နှစ်ကတည်းက ခင်ပွန်းဖြစ်သူနှင့် ရောက်လာသည်။ ယခု သူ့ခင်ပွန်းလည်း မရှိတော့။ 

သူ့ခင်ပွန်းနှင့် သမီးတို့က ကင်ဆာရောဂါနှင့် သေဆုံးခဲ့ကြသည်။ သုံးလစီသာခြားသည်။ လင်ပါ သမီးလေးတစ်ယောက်ရှိသည်။ သူလည်း အဘွားချီကို အားထားခဲ့သည်မှာ ၁၀ နှစ်ကျော်သွားပြီ။ မျက်နှာချင်း ဆိုင်တိုက်မှ အိမ်နီးချင်းတစ်ယောက်ကတော့ သူ့ကို ခင်မင်သည်။ သူနှင့်ပဲ အဆက်အသွယ်ရှိသည်။ ချီကိုက မနက်တိုင်း ပြတင်းပေါက်တံခါးလေးကို ထဖွင့်ထားတတ်သည်။ မျက်နှာချင်းဆိုင်အိမ်မှ မိတ်ဆွေကို ပြောထားရသည်။ မနက် ၆ နာရီထိုးလို့မှ ပြတင်းတံခါး မဖွင့်ထားလျှင် သူ့ကို သေပြီဟုမှတ်ပါတော့ဟု ပြောထားရသည်။ အခန်းနီးချင်းတွေ အားလုံးကိုလည်း မှာထားရသည်။ 

ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုလူဦးရေထက် ဝက်ခန့်သည် အသက် ၇၅ နှစ်နှင့်အထက် လူကြီးတွေ ဖြစ်နေကြောင်း အစိုးရက သတိပြုမိသည့် အချိန်ကစပြီး သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးနှင့် ဆေးဝါးကုသရေးကို အလေးပေးဆောင်ရွက်ရန် စီစဉ်လာတော့သည်။

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုအရွယ်ဟု သတ်မှတ်ထားသူ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်း ၁၇ ဒသမ ၆၄ သန်းခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် သက်ကြီးရွယ်အိုပေါင်း အသက် ၇၅ နှစ်နှင့်အထက် ၂၁ ဒသမ ၈ သန်းကျော်အထိ ဖြစ်လာလိမ့်မည်ဟုလည်း ပြည်ထဲရေးက ဆိုသည်။ အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အိုပေါင်းသည် နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းခန့်ဖြစ်လာသည်။ ဂျပန်နိုင်ငံတွင်လူဦးရေ ၁၂၆ ဒသမ ၅၂ သန်းခန့်ရှိနေသည်။ အသက် ၆၅ နှစ်မှ ၇၄ နှစ်အရွယ် ဦးရေက လူဦးရေ၏ ၂၇ ဒသမ ၉ ရာခိုင်နှုန်းခန့်ဖြစ်နေသည်။ 

ထို့ပြင် ဂျပန်နိုင်ငံတွင် အသက် ၈၅ နှစ်နှင့် အထက် လူဦးရေက ၅ ဒသမ ၅၉ သန်းခန့်ရှိသည်။ အမျိုးသမီး ၃ ဒသမ ၈၇ သန်းနှင့် အမျိုးသား ၁ ဒသမ ၇၃ သန်းဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရန် လူဦးရေများစွာ လိုအပ်နေသည်။ လာမည့် ၂၀၁၅ ခုနှစ်အထိ သက်ကြီးရွယ်အို စောင့်ရှောက်မည့် သူနာပြုပေါင်း ၃၈၀၀၀၀ ကျော်ကို ခေါ်ရန်ရှိနေကြောင်း ကျန်းမာရေး၊ အလုပ်သမား၊ လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဂျပန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ဧပြီလကစတင်ပြီး ပြဋ္ဌာန်းလိုက်သည့် ဗီဇာအစီအစဉ်ကြောင့် သက်ကြီးရွယ်အို စောင့်ရှောက်ရန်အကြောင်းပြပြီး ပြည်ဝင်ခွင့် ရရေးကြိုးပမ်းလာသူတွေ များလာလိမ့်မည်ဟု ယူဆရသည်။ လိုအပ်နေသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးကဏ္ဍအတွက် ပထမအကြိမ်အဖြစ် နိုင်ငံခြားမှ အလုပ်သမားပေါင်း ၆၀၀၀၀ ခန့် ခေါ်မည်ဟုဆို ထားသောကြောင့် ဖြစ်သည်။ 

ဂျပန်တရားရေးဌာနကလည်း လွှတ်တော်တွင် ဂျပန်နိုင်ငံအတွက် လိုအပ်သည့် အလုပ်ကဏ္ဍ ၁၄ ခု အတွက် အလုပ်သမားများ ခေါ်ယူရန်တင်ပြခဲ့သည်။ ထိုအစီအစဉ်အတိုင်းဆိုလျှင် နိုင်ငံခြားမှ လုပ်သားပေါင်း ၂၆၃၀၀၀ မှ ၃၄၅၀၀၀ ခန့်ခေါ်ယူရန် အစီအစဉ်များရှိနေသည်။ လစာနည်းအလုပ်သမားများကို ဗီဇာ ၅ နှစ်အထိပေးမည့် အစီအစဉ်များလည်းပါသည်။ စားသောက်ဆိုင်များတွင် လုပ်ရန် လူပေါင်း ၅၃၀၀၀ နှင့် ဆောက်လုပ်ရေးကဏ္ဍ အတွက်လည်း လူပေါင်း ၄၀၀၀၀ အပြင်၊ လယ်ယာစိုက်ပျိုးရေးအတွက် ၃၆၅၀၀ ဦးခေါ်ရန် သတ်မှတ်ထားကြသည်။

အစိုးရအနေနှင့် နိုင်ငံခြားမှရောက်လာမည့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်မည့် သူများကို ဂျပန်ဘာသာစကား တတ်ကျွမ်းလာရေးကို အလေးပေးရွေးချယ်မည်ဟုလည်းဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် သက်ကြီး ရွယ်အိုများအနေနှင့် ဂျပန်လို ပြောဆိုဆက်သွယ် နိုင်မှသာ အဆင်ပြေနိုင် သောကြောင့်ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှရောက်လာသည့် အလုပ်သမားများအတွက် သက်ကြီးရွယ်အို စောင့် ရှောက်မှု သင်တန်းကို ၂၀၁၇ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည်။ သို့သော် ဂျပန်စကားသင်ကြား ရန်အတွက် နိုင်ငံခြားမှ လာသူများက ယနေ့တိုင် အခက်အခဲတွေရှိနေသည်။ လက်ရှိအနေအထားတွင် ဂျပန်စာကို ြ၄ ူနလနူ လောက် တတ်မြောက်မှ ခန့်ထားရန် သတ်မှတ်ထားသည်။ ဂျပန်ရောက်ပြီး တစ်နှစ်အတွင်း ြ၃ အဆင့်စာမေးပွဲကို ဖြေဆို၍ မအောင်မြင်လျှင် မိမိတို့နိုင်ငံများကို ပြန်ပို့ရန်လည်း အမိန့်ထုတ်ထားသည်။ 

နိုင်ငံခြားမှာ သက်ကြီးရွယ်အို ပြုစုရေးအတွက် ရောက်လာသူများကို ၂ နှစ်စောင့်ကြည့်မည်ဖြစ်ပြီး ဘာသာ စကားအခြေအနေ တိုးတက်လာမှုမရှိလျှင် နေထိုင်ခွင့်ပိတ်ပင်ခံရမည်ဖြစ်သည်။ ဂျပန်သည် သက်ကြီးရွယ်အိုများ စောင့်ရှောက်ပေးနိုင်မည့် အလုပ် သမားများကို ဗီယက်နမ်နိုင်ငံနှင့်လည်း ချိတ်ဆက် လုပ်ကိုင်လျက်ရှိ သည်။ သင်တန်းပေးရာတွင်လည်း အဘိုးအဘွားကို အဝတ်အစားလဲပေးနည်း၊ အစား အစာ ကျွေးမွေးနည်းအပြင် နေ့စဉ်စောင့်ရှောက် ဝန် ဆောင်မှုပေးရမည်များကို သင်ကြားပေးသည်။ ယမန်နှစ် အောက်တိုဘာလက ဗီယက်နမ်မှ ဝန်ထမ်း ၂၅၀ ကို လက်ခံခဲ့ပြီးဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် လာမည့်ဧပြီလကစတင်ပြီး ပြည်ပမှ လာရောက်နေထိုင် လုပ်ကိုင်နေသူများအပေါ် တင်းကျပ်စွာ စစ်ဆေးတော့မည်ဖြစ်သည်။ အလုပ်ဗီဇာ များကို ပုံစံအသစ်ဖြင့် လက်ခံတော့မည်ဖြစ်ပြီး အိုင်တီ လုပ်ငန်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကို လုပ်ကိုင်ကြမည့်သူများက ပိုပြီးအခွင့်အရေးရကာ ၅ နှစ်ခန့်ဗီဇာရကြမည်ဖြစ်သည်။ သက်ကြီးရွယ်အို စောင့်ရှောက်မှုအတွက် လာရောက်သူများကို သင်တန်း ပေးခြင်း၊ ဘာသာစကား သင်ပေးခြင်း၊ နေထိုင်စရာ ပေးခြင်းများကိုပါ စီစဉ်ဆောင်ရွက်ပေးနေသည်။ 

ဂျပန်နိုင်ငံတွင် လက်ရှိလုပ်ငန်းများ လုပ်ကိုင် နေကြသော လူငယ်များကလည်း မိမိတို့စိတ်အေးစွာ အလုပ် အကိုင်များလုပ်ပြီး နောက်ကြောင်းအေးအေး ငွေရှာနိုင်ရေးအတွက် မိအို၊ ဘအိုများကို စောင့်ရှောက် ပေးနိုင်မည့် အလုပ်သမားတွေကို တောင့်တမျှော်လင့် နေကြသည်။ တစ်ဦးတည်း အထီးကျန်နေထိုင်ကြရ သည့် ချမ်းသာသော သက်ကြီး ရွယ်အိုတွေကလည်း အနည်းဆုံး စကားပြောဖော်လေးတွေတော့ လိုချင် ကြသည်။ ထို့ကြောင့် စိတ်ရှည်စွာ ပြုစုစောင့်ရှောက် ပေးနိုင်မည့် သူနာပြုဝန်ထမ်းများကို မျှော်လင့်လျက်ရှိ သည်။ အာရှတိုက်မှ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ မြန်မာနိုင်ငံများသည် ဂျပန်အတွက် သက်ကြီးသူနာပြု ဝန်ထမ်းများ ပေးပို့နိုင်မည့် ဈေးကွက်ကောင်းကြီး တစ်ခုဖြစ်လာနိုင်သည်။ သို့သော် ပြဿနာအကြီး ဆုံးဖြစ်သည့် ဂျပန်ဘာသာစကားကို တတ်မြောက် သွားသူများကသာ အလုပ်အကိုင်အခွင့်အလမ်းတွင် သေချာနိုင်ပါသည်။

ဂျပန်နိုင်ငံ၏ လူဦးရေပြဿနာသည် အခြား နိုင်ငံများထက်ပိုပြီး စဉ်းစားစရာ ပြဿနာဖြစ်လာ သည်။ မြို့ပြရော ကျေးလက်မှာပါ သက်ကြီးရွယ်အို များ တိုးပွားလာနေသည့် ပြဿနာက သူတို့စီးပွားရေး ပြဿနာထက် ပိုပြီးအရေးကြီးစွာဖြင့် ဖြေရှင်းရန် ဖြစ်လာသည်။ ထို့ကြောင့်လည်း လူ့ဘောင်တွင် သက်ကြီးရွယ်အို ဝန်ဆောင်မှု လုပ်ငန်းများကို အလေး ထားလုပ်ဆောင်လာကြခြင်းဖြစ်သည်။

သက်ကြီးရွယ်အိုများ ပေါများလာခြင်းသည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လုပ်သားအရေ အတွက်လည်း လျော့ပါးလာခြင်းဖြစ်သည်။ ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ လူဦးရေနည်းပါးလာခြင်းနှင့် သက်ကြီးရွယ်အို တိုးပွားလာခြင်းတို့က ဂျပန်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အဟန့်အတား ဖြစ်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။ 

ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သလောက် အသက် အရွယ်မရွေးလုပ်နိုင်သူများကို လစာများတိုးပေးရန် အထိ ကုမ္ပဏီများကလည်း စီစဉ်နေကြသည်။ သူတို့ အနေနှင့် ကျွမ်းကျင်သူများကို နေရာဆက်ပေးချင် ကြသော ကြောင့်ဖြစ်သည်။ လူငယ်များကို လုပ်ငန်းခွင် များတွင် ခေါ်သုံးလျှင် လစာနည်းနည်းပေးရမည် မှန်သော်လည်း ကျွမ်းကျင်မှုနှင့် အောင်မြင်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းနည်းပါးသည်ဟု ယူဆပြီး လူဟောင်းတွေကိုသာ ဆက်သုံးချင်နေကြသည့် သဘောရှိသည်။ 

သို့သော် လုံးဝအလုပ်မလုပ်နိုင်တော့သည့် သက်ကြီးရွယ်အိုများဘဝတွေကလည်း တစ်နေ့ တခြား ပိုပြီးဆိုးရွားလာသဖြင့် အစိုးရက နိုင်ငံခြား မှ လုပ်သားများခေါ်ကာဖြေရှင်းရန် ကြိုးစားလာခြင်း အပေါ် အခွင့်ကောင်းတစ်ခုအဖြစ် မြင်သူတွေက မြင် နေကြသည်။

ကျော်ဗလ

Ref:The Japan Times, The Seattle Times, Nikkei Asian Review, Kyodo News)


  • VIA