News

POST TYPE

FEATURE

အယ်လ်ခိုင်းဒါး အမွေဆက်ခံမည့် အကြမ်းဖက်အိမ်ရှေ့စံ
05-Mar-2019


သူ့အမည်က ဟမ်ဇာဘင်လာဒင် (Hamza bin Laden) ဖြစ်သည်။ နာမည်ကျော် အကြမ်းဖက်သမား အိုစမာဘင်လာဒင်၏သားဖြစ်သည်။ ၉။၁၁ ဟု နာမည်ကျော်ခဲ့ရသော အမေရိက လုပ်ကြံမှုကြီးတွင် လေယာဉ်ဖြင့် ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သူ မိုဟာမက်အက်တာ၏ သမီးဖြစ်သူကိုယူထား သောအကြမ်းဖက်သမား၏ သမက်တော်သူလည်းဖြစ်သည်။ ဟမ်ဇာဘင်လာဒင်ကို အမေရိကန်ပြည်ထောင်စုက တိုင်းပြည်ရန်သူနံပါတ် ၁ စာရင်းတွင်ထည့်သွင်းလိုက်ပြီး ယခုအခါ သူ့ကိုဖမ်းမိရန် သတင်းပေးနိုင် သူကိုဆုငွေအဖြစ် ဒေါ်လာ ၁ သန်းပေးမည်ဟုလည်း ထုတ်ပြန်ထားခြင်းခံရသူဖြစ်သည်။

ဟမ်ဇာ ဘင်လာဒင်သည် ဖခင်ထူထောင်ခဲ့သော အယ်လ်ခိုင်းဒါးအဖွဲ့ကြီးကို ဆက်လက်ပြီး ဩဇာအာဏာရှိသည့် အဖွဲ့ကြီးတစ်ခုဖြစ်စေရန် ကြိုးပမ်းနေသူတစ်ဦးလည်းဖြစ်သည်။ သူ့ကို ၁၉၈၉ ခုနှစ်တွင် မွေးဖွားသည်ဆိုသဖြင့် ယခုအခါ အသက် ၃၀ ခန့် အရွယ်ရှိမည်ဖြစ်သည်။ အစ်ကိုဖြစ်သူ မိုဟာမက် ဘင်လာဒင်၏ အာဖဂန်နစ္စတန်တောင်ပိုင်း၊ ကန်ဒဟာမြို့၌ ၂၀၀၁ ခုနှစ် ဇန်နဝါရီကကျင်းပသည့် မင်္ဂလာဆောင်ကို သူ့ဖခင်၊ မိသားစုများနှင့်အတူ တက်ရောက်စဉ်က သူ့အသက်မှာ ၁၂ နှစ်အရွယ်ခန့်သာ ရှိသေးသည်။ 

ဟမ်ဇာသည် အီဂျစ် အယ်လ်ခိုင်းဒါး ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဘဒူလာ အာမက် အဘဒူလာ၏ သမီးဖြစ်သူနှင့် အသက် ၁၇ နှစ်သားအရွယ်တွင် လက်ထပ်ခဲ့သည်ဟုဆိုသည်။ ၂၀၁၈ ခုနှစ် The Guardian သတင်း၌လည်း ဟမ်ဇာသည်  9/11  တိုက်ခိုက်ရေးခေါင်းဆောင် မိုဟာမက်အက်တာ၏ သမီးနှင့် လက်ထပ်ထားသည်ဟု ဖော်ထုတ်ထားသည်။ 

ဟမ်ဇာသည် အယ်လ်ခိုင်းဒါး၏ အဓိကခေါင်းဆောင် ဘဝကို ရောက်လာခဲ့ခြင်းမှာ ဖခင်ဖြစ်သူ လက်ရဲဇက်ရဲ လုပ်တတ်သည့် အမွေအပြင်၊ လူငယ်လည်းဖြစ်၊ ဖခင်၏ လက်စလက်နကိုလည်းသိ၊ အချိတ်အဆက်တွေကလည်း မိသောကြောင့် ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး အကြမ်းဖက်သမားဘဝကို ရောက်လာရသည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း အမေရိကန်ပြည်ထောင်စုက အသည်းအသန် အမဲလိုက်သလိုလိုက်ကာ ရှာဖွေနေရခြင်းဖြစ်သည်။

သူ့ကို အမေရိကန်ပြည်ထောင်စုက “ကမ္ဘာ့ အထူးအကြမ်းဖက်သမား” အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့်လည်း ဤမျှများပြားသော ဆုကြေးကိုပေးမည်ဆိုကာ ဖမ်းဆီးနိုင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။ သူ့ကို အကြမ်းဖက်အိမ်ရှေ့စံဟုလည်း ခေါ်ကြသည်။ ဘဝတစ်လျှောက်လုံး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့ပြီး အယ်လ်ခိုင်းဒါးအတွက် အထူးသီးသန့် မွေးထုတ်ထားခဲ့သူတစ်ဦးဟုပင် ဆိုနိုင်သည်။ 

အိုစမာ ဘင်လာဒင်တွင် သားသမီးပေါင်း ၂၆ ဦး ခန့်ရှိကြောင်း သိရသည်။ ဟမ်ဇာက သူ၏ သားအငယ်ဆုံးလောက်ဖြစ်ပြီး မျိုးဆက်တစ်ခုကို အကြမ်းဖက်သမားအဖြစ် စနစ်တကျ မွေးထုတ်ကာ လက်ထပ်သင်ပေးခြင်းခံခဲ့ရရုံမက အိုစမာက သူ့အမွေကို ဆက်ခံနိုင်ရန်အတွက်ပါ ရည်စူးထားခြင်း ခံရသူလည်းဖြစ်သည်။ 

ဟမ်ဇာ၏ ဖခင်ဖြစ်သူ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ်တွင် အမေရိကန်အထူးတပ်က ပါကစ္စတန်နိုင်ငံ အဘော့တာဘက်အနီးတစ်ဝိုက်တွင် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကွယ်လွန်သွားသည့် ဖခင်နေရာကို ဟမ်ဇာက ဆက်ခံပြီး အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြောင်းလည်း အမေရိကန်တို့က ဆိုသည်။ 

အမေရိကန်တို့က ဟမ်ဇာသည် ရုပ်သံဗီဒီယိုများကို အင်တာနက်ပေါ်တင်ကာ ထုတ်လွှင့်ပြီး အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်မဟာမိတ်နိုင်ငံများကို ခြိမ်းခြောက်နေသူတစ်ယောက်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် မေလတွင် သူ့ဖခင်ကို အမေရိကန်တို့က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး လက်စားချေရန် အမြဲကြိုးပမ်း အားထုတ်နေသူ တစ်ယောက်ဖြစ်ကြောင်းကိုလည်း ပြောကြားထားသည်။ 

အိုစမာ ဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်စဉ်က သူ့ဇနီး သုံးယောက်နှင့် ကလေးများသည် ဆော်ဒီအာရေးဗီးယားနိုင်ငံကို တိတ်တဆိတ်ထွက်ပြေးသွားကြသည်ဟု ယူဆရသည်။ သို့သော် ဟမ်ဇာသည် ထိုအချိန်က မည်သည့်နေရာရောက်နေမှန်း မည်သူမျှ မသိကြရပေ။ သူ့ကို မိခင်ဖြစ်သူနှင့်အတူ အီရန်နိုင်ငံတွင် ခိုလှုံနေလိမ့်မည်ဟူ၍ ခန့်မှန်းခဲ့ကြသည်။ 

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စီအိုင်အေက ဟမ်ဇာ ဘင်လာဒင်၏ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့သည်။ ဟမ်ဇာကိုယ်တိုင် မင်္ဂလာဆောင်နေသည့် အခမ်းအနားဖြစ်ပြီး ယင်းဗီဒီယိုဖိုင်နှင့် အခြားအထောက်အထား ဖိုင်များကို ယခင်အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ဦး၏ ကွန်ပျူတာထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဟမ်ဇာ၏ ညီအစ်ကိုဝမ်းကွဲတော်သူတစ်ဦးက ဟမ်ဇာသည် အာဖဂန်နစ္စတန်ကို ပြန်ရောက်နေပြီဖြစ်ကြောင်း The Guardian သတင်ဌာနကို အတည်ပြုပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် ဟမ်ဇာသည် စစ်သွေးကြွအုပ်စု၏ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူထားသည်မှာ သေချာသည်။ သူသည် ပါကစ္စတန်နှင့် အာဖဂန်နယ်စပ်တွင်ရှိနေမည်ဟူ၍လည်း ခန့်မှန်းကြသည်။ ယခုနှစ်ပိုင်းအတွင်း သူ့ဖခင်ကို သတ်ဖြတ်ခဲ့သည် အမေရိကန်အပါအဝင် အနောက်အုပ်စုများကို လက်စားချေပြမည်ဆိုသည့် ဗီဒီယိုနှင့် အသံလွှင့်ထုတ်ချက်တွေက အင်တာနက်ပေါ်တွင် ပျံ့လွင့်နေသည်။ သူက သူ့ဖခင်ကို သတ်ဖြတ်ရာတွင် လူပေါင်း ၃၀၀၀ နီးပါးလည်း သေဆုံးခဲ့ရသည်ဟု ဆိုထားသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးကလည်း ဟမ်ဇာကို သူတို့နိုင်ငံသားအဖြစ် ပေးထားခြင်းမှ ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လက ဟမ်ဇာသည် ဆော်ဒီတိုင်းပြည်မှ ပြည်သူများသို့ ပန်ကြားချက်ဆိုကာ အသံလွှင့်ခဲ့သည်။ ထိုအသံလွှင့်ချက်ထဲတွင် သူတို့နိုင်ငံ ဘုရင်ကို ဂျီဟတ်နည်းဖြင့် ဆန့်ကျင်ရန် ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့သောကြောင့် ဆော်ဒီက သူ့ကို နိုင်ငံသားအဖြစ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ 

ဖခင်ဖြစ်သူကိုယ်တိုင်က လက်သပ်မွေးထားသူ ဖြစ်သောကြောင့် အာဖဂန်နစ္စတန်အရှေ့ပိုင်း ဂျလာလာဘတ်ရှိ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုကြား၌ ကြီးပြင်းခဲ့သည်။ ထိုရွာလေးသည် လူပေါင်း ၆၀ ခန့်သာရှိပြီး ထိုသူ အားလုံးကလည်း အိုစမာဘင်လာဒင်အတွက် အလုပ်လုပ်ပေးနေကြသူများဖြစ်သည်။ အားလုံးမှာ ဘင်လာဒင်နှင့် ဆွေမျိုးများလည်းဖြစ်ကြသည်။ 

၂၀၁၇ ခုနှစ်က ဟမ်ဇာနှင့် အရင်းနှီးဆုံး နေထိုင်ခဲ့သော သူငယ်ချင်းဖြစ်သည့် အဘဒူရာမန် ခါဒါ၏ ပြောကြားချက်အရ ထိုရွာတွင် သူတို့ကလေးဘဝကတည်းက ကိုရမ်ကျမ်းစာကိုသာ သင်ကြား ရွတ်ဆိုကြရသည့်အပြင် အကြမ်းဖက်တိုက်ခိုက်ရေး သင်ခန်းစာများကိုလည်း သင်ကြားကြရသည်ဟု ဆိုသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင် အမေရိကကို တိုက်ခိုက်ရန်အတွက်လည်း ထိုရွာ၌ပင်လေ့ကျင့် ပြင်ဆင်သွားကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဟမ်ဇာသည် ညီအစ်ကိုအားလုံးထဲတွင် သူပုန်စိတ်အပြည့်ရှိသူဖြစ်သည်။ သူသည် Coke အချိုရည် ကိုကြိုက်ပြီး အစားစားလျှင်လည်း အနံ့ပြင်းသည့် အချဉ်ရည်ဖြင့် စားလေ့ရှိကြောင်းသူ့ သူငယ်ချင်းက ပြောပြသည်။ ထို့ပြင် သူလိုချင်သည့် ပစ္စည်းဆိုလျှင် ခိုးယူတတ်ကြောင်းသိရသည်။ 9/11 ဖြစ်ရပ်ပေါ်ပေါက်စဉ်က ဟမ်ဇာသည် အသက် ၁၂ နှစ်ခန့်သာ ရှိသေးသည်။ 

အမေရိကရှိ အမြွှာမျှော်စင်တိုက်ကြီးနှစ်တိုက်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခြင်းခံရပြီး နှစ်လအကြာတွင် အသက် ၁၂ နှစ်ခန့်သာ ရှိသေးသည့် ဟမ်ဇာသည် အာဖဂန်ရိုးရာ ခေါင်းပေါင်းပါ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အစ်ကို သုံးယောက်နှင့်အတူ ပျက်စီးနေသည့် အမေရိကန်လုပ် ရဟတ်ယာဉ် တစ်စီးရှေ့တွင် လက်နက်များကိုင်ဆောင်ထားသည်ကို တွေ့လိုက်ကြရသည်။ ထိုဗီဒီယိုမှာ အယ်လ်ခိုင်းဒါးတို့အတွက် မီဒီယာကတစ်ဆင့် ဝါဒဖြန့်ခြင်းဖြစ်ပြီး၊ ဟမ်ဇာက အာရဗီဘာသာစကားဖြင့် ကဗျာတစ်ပုဒ်ကိုပင် ရွတ်နေလိုက်သေးသည်။ ထိုကဗျာမှာ တာလီဘန် ခေါင်းဆောင် မူလာမိုဟာမက် အိုမာရေးစပ်ထားသည့် ကဗျာဖြစ်သည်။

ထိုတိုက်ခိုက်ခဲ့သည့် ပုံရိပ်များကို ဝါဒဖြန့်သည့်အနေနှင့် ထုတ်ပြန်ခဲ့ပြီးနောက် ဘင်လာဒင်က သူ့ သားတွေကို ခြေရာဖျောက်ခိုင်းလိုက်သည်။ သို့သော် ဟမ်ဇာက ဖခင်နှင့်အတူနေခဲ့ပြီး ပါကစ္စတန်ရှိ အကြမ်းဖက်တိုက်ခိုက်ရေး သင်တန်းကိုသွားတက်ရန် ပူဆာခဲ့သည်။ ထို့ကြောင့် သူသည် အကြမ်းဖက်သင်တန်းများတက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ဖခင်ထံပြန်ရောက်လာသည်။ အမေရိက၊ ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်တို့ကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု သူကိုယ်တိုင်ထုတ် ပြန်ခဲ့သောကြောင့် ဟမ်ဇာကို အကြမ်းဖက်အိမ်ရှေ့ မင်းသားဆိုသည့် ဘွဲ့ကိုပေးလိုက်ကြသည်။ 

သူသည် အာဖဂန်သို့ပြန်လာပြီး ဖခင်၊ မိခင်တို့နှင့်အတူ ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘက်ရှိ လျှို့ဝှက်နေရာ၌ နေထိုင်ကာ ဖခင်ထံမှ အကြမ်းဖက်အဆက်အသွယ်များကို အမွေဆက်ခံနေစဉ် ၂၀၁၁ ခုနှစ်၌ အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဖခင်ကို ဆုံးရှုံးခဲ့ရသည်။ အိုစမာ ဘင်လာဒင်နှင့်အတူ အကြီးဆုံးသား ခါလစ်တို့ အသတ်ခံခဲ့ရသည်။ ဟမ်ဇာက ပျောက်သွားပြီး ထိုအချိန်ကတည်းက ပြန်မတွေ့ရတော့ဘဲ ၂၀၁၇ ခုနှစ်မှ ပြန်လည်ကာ ရှေ့တန်းထွက်လာခြင်းဖြစ်သည်။ 

၂၀၁၅ ခုနှစ်က အယ်လ်ခိုင်းဒါးတို့၏ Website ကတစ်ဆင့် ဟမ်ဇာက မြင့်မြတ်သည့်စစ်ပွဲကို ဆင်နွှဲကြရန် တိုက်ပွဲခေါ်သံအဖြစ် ထုတ်လွှင့်သည့် အသံတစ်သံကို ကြားလိုက်ကြရသေးသည်။ သူက ဝါရှင်တန်၊ လန်ဒန်၊ ပဲရစ်နှင့် တယ်လ်အဗစ်တို့ကို ဘာသာရေးစစ်ပွဲအသွင် ဆင်နွှဲမည်ဟု ဆိုခဲ့သည်။ 

“ခင်ဗျားတို့ အဘော့တာဘက်မှာ လုပ်ခဲ့တာတွေကို ဝန်လည်းမခံ အပြစ်လည်း မပေးဘူးဆိုရင် ခင်ဗျားတို့ မှားပြီဆိုတာ ကောင်းကောင်းသိစေရမယ်”ဟု သူက ခြိမ်းခြောက်ပြောကြားခဲ့သည်။ 

၂၀၁၇ ခုနှစ် မေလတွင် ထုတ်လွှင့်ခဲ့သော ဝါဒဖြန့်ချိသည့် အယ်လ်ခိုင်းဒါးတို့၏ ဗီဒီယိုတစ်ခုတွင်လည်းသူက ISIS တို့နည်းကို အသုံးပြုကာ “တစ်ကိုယ်တော်ဝံပုလွေ” ဗျူဟာဖြင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ သူက “ငါတို့သည် အိုစမာများဖြစ်ကြသည်”ဟုပင် ကြွေးကြော်ခဲ့သည်။

ဟမ်ဇာက သူ့ဖခင်သေဆုံးမှုအတွက် လက်စားချေမည်ဟု အမြဲပြောလေ့ရှိသည်။ အမေရိကန်နှင့် အပေါင်းအပါများကလည်း ထိုအချက်ကိုပင် အလေးထားပြီး ဟမ်ဇာကို အရေးယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အယ်လ်ခိုင်းဒါးကို ယခုအခါ ဦးဆောင်နေသူမှာ အသက် ၆၇ နှစ်အရွယ်ရှိ အီမာ အယ်လ် ဇာဝါဟီရီဖြစ်သည်။ သူသည် တစ်ကမ္ဘာလုံးရှိ အကြမ်းဖက်သမားတို့၏ လေးစားသောသူတစ်ဦးဖြစ်ကာ သူ့နောက်တော်ပါးတွင် ဘင်လာဒင်၏ သားဖြစ်သူ ဟမ်ဇာက အမွေဆက်ဆံရန် အသင့်ဖြစ်နေကြောင်း ဆန်းစစ်သူများက ဝေဖန်ကြသည်။

ယခုအခါ ISIS အဖွဲ့သည် ဆီးရီးယားနိုင်ငံအတွင်း တန်ခိုးမှိန်ချိန်ရောက်လာချိန်၌ အယ်လ်ခိုင်းဒါးများက ခေါင်းပြန်ထောင်လာနိုင်ကြောင်း အမေရိကန်တို့က သုံးသပ်ထားသည်။ ဟမ်ဇာသည် အယ်လ်ခိုင်းဒါးကို ဦးဆောင်မည့်သူ တစ်ဦးဖြစ်လာတော့မည်မှာ သေချာသလောက်ဖြစ်နေသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဟမ်ဇာကို အကြမ်းဖက် ခေါင်းဆောင်နေရာတွင် ဆက်ခံမည့်သူတစ်ဦးအဖြစ် ခေါ်ဝေါ်သုံးစွဲနေပြီဖြစ်သည်။ သို့သော် ဟမ်ဇာဘယ်မှာလဲဆိုသည်က မေးခွန်းထုတ်စရာဖြစ်လာသည်။

ဆော်ဒီကတော့ ကြိုတင်ကာကွယ်သည့်အနေနှင့် ဟမ်ဇာကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ထားကြောင်း ထုတ်ပြန်ထားသည်။ သူ့ဖခင် ဘင်လာဒင် ကိုယ်တိုင်က ဆော်ဒီမြို့တော် ရီယဒ်တွင် မွေးဖွားခဲ့ပြီး နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။ ယနေ့တိုင် ဘင်လာဒင်၏ ဇနီးများသည် သားသမီးများနှင့် ဆော်ဒီတွင် နေထိုင်လျက်ရှိနေသည်။ သူတို့ကို ဒုက္ခသည်များအဖြစ် ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ 

ဟမ်ဇာသည် ဇနီး၊ ကလေးသုံးယောက်နှင့်အတူ ယနေ့တိုင် ဘယ်ပျောက်နေမှန်းမသိ။ သူ့ခြိမ်းခြောက်သံတွေကလည်း အမေရိကန်တွေအတွက် သွေးပျက်စရာ။ ထို့ကြောင့် ဒေါ်လာ ၁ သန်းဆုကြေးကောက်ထုတ်လိုက်သည်။ ဟမ်ဇာ၏သွားရာလမ်းနှင့် သူ့ဖခင်သွား ရာလမ်း တစ်ထပ်တည်းဖြစ်လာမည်လော။

ကျော်ဗလ

(Ref: RTE, BBC, CNN, News.com)


  • VIA