News

POST TYPE

FEATURE

သင်္ကြန်ရုံးပိတ်ရက် ကားလက်မှတ်အခက်အခဲ ဖြေရှင်းပေးနိုင်ရန် YRTA ရုံးခန်းဖွင့်ထားမည်
02-Mar-2019

ရန်ကုန်၊ မတ် ၂

သင်္ကြန်ကာလ နယ်ပြန်မည့် ခရီးသွားများအတွက် ကားလက်မှတ် အခက်အခဲ ဖြေရှင်းပေးနိုင်ရန် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာ အဝေးပြေးဝင်းတို့၌ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ ရုံးခန်းဖွင့်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“အခု အဝေးပြေးဝင်းတွေမှာ YCDC က အော်ပရေတာအနေနဲ့ ဆောင်ရွက်နေတယ်။ YRTA က ကွပ်ကဲပြီးတော့ အုပ်ချုပ်နိုင်ဖို့ ကြီးကြပ်ရေးအဖွဲ့အနေနဲ့ ရုံးခန်းဖွင့်ပေးထားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ဒဂုံမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက သင်္ကြန်ကာလမတိုင်မီ ရက်ရှည်ရုံးပိတ်ရက်များတွင် ခရီးသည်များ ကားလက်မှတ် အဆင်မပြေမှုများနှင့် အခက်အခဲများ ကြုံတွေ့လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွပ်ကဲမှုရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ခြင်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းနှင့် နီးစပ်သော ဧရာဝတီတိုင်းနှင့် တိုင်းအချို့သို့ CNG ဓာတ်ငွေ့သုံး YBS ယာဉ်လိုင်းများဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး YBS ယာဉ်များပြေးဆွဲ၍ အဆင်မပြေသည့် နေရာများကိုလည်း အခြားနည်းလမ်းများဖြင့် ညှိနှိုင်းဖြေရှင်းပေးမည်ဟု ဒေါ်နီလာကျော်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကွပ်ကဲမှုအောက်တွင် အဝေးပြေးယာဉ်လိုင်း ၁၁၈ လိုင်း ယာဉ်အစီးရေ ၉၀၀ ကျော်ရှိနေပြီး နေ့စဉ် ခရီးသွားလေးသောင်းကျော်ရှိကြောင်း YRTA ထံမှ သိရသည်။ 

J-17