News

POST TYPE

FEATURE

ရန်ကုန်မြို့ ရှိ အထပ်မြင့် လူနေတိုက်ခန်းများ၏ အရေးပေါ်လှေကားများ ပြုပြင်ထိန်းသိမ်းရန် ပညာပေးစည်းရုံးမည်
19-Feb-2019


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်လူနေ တိုက်ခန်းများ မီးဘေးလုံခြုံရေးအတွက် တပ်ဆင်ထားသော အရေးပေါ် လှေကားများကို ပြုပြင်ထိန်းသိမ်းရန် ပညာပေးစည်းရုံးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“YCDC အနေနဲ့ လိုက်စစ်တဲ့အခါကျရင် လုံခြုံရေးအရ မသင့်တော်ဘူးဆိုရင် ပြင်ဖို့အတွက်လည်း အကြောင်းကြားသွားမယ်။ အထူးသဖြင့် မြေရှင်နဲ့အခန်းရှင်တွေကို လူမှုရေးရော ဥပဒေအရရော လုပ်ဖို့အစီအစဉ်တွေ ရှိပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ သံလှေကားအစား အာစီ လှေကားတွေနဲ့ ပြောင်းလဲတပ်ဆင်စေခဲ့တယ်။ အဓိကတော့ ပြုပြင်ထိန်းသိမ်းဖို့ ပညာပေးစည်းရုံးမယ်”ဟု မြို့တော်ဝန်က ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် “ရန်ကုန်မြို့တော်အတွင်း ယခင်တည်ဆောက်ခဲ့သော ငါးထပ်နှင့် အထက် လူနေတိုက်ခန်းများတွင် မီးဘေးလုံခြုံရေး အရေးပေါ်ဆင်းရန် လှေကား တပ်ဆင်ထားမှုများအနက် အချို့မှာ နှစ်ကြာလာသည့်နှင့်အမျှ ဆွေးမြည့်ပြီး ခိုင်ခံ့မှု မရှိတော့ပါသဖြင့် ပြန်လည်စိစစ် ပြင်ဆင်ဆောင်ရွက်စေရန် အစီအစဉ် ရှိ၊ မရှိ”မေးခွန်းနှင့်ပတ်သက်၍ မြို့တော်ဝန်က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ကြည့်ခဲ့တဲ့ မုဒိတာ အိမ်ရာက လှေကားတွေဆို အရေးပေါ် ပြေးဆင်းလာရင် မီးလောင်မှုကြောင့် အန္တရာယ်မဖြစ်ဘဲနဲ့ တိုက်ပေါ်ကနေ လှေကားကျိုးကျလို့ အန္တရာယ်ဖြစ်မယ့် အနေအထားမျိုးတွေ တွေ့ရတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောဆိုသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အပါအဝင် မြို့နယ်အများစုရှိ လူနေထိုင်သည့် အထပ်မြင့်အဆောက်အအုံများတွင် အရေးပေါ်ဆင်းမည့် နောက်ဖေးလှေကားများသည် အရည်အသွေး မပြည့်မီခြင်းကြောင့် နေထိုင်သူများအတွက် အန္တရာယ်ကြီးကြောင်း၊ ထို့ကြောင့် အဆောက်အအုံ ဆောက်လုပ်ခွင့်များကို ကြီးကြပ်ဆောင်ရွက်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက ထောက်ပြသည်။

J-17