News

POST TYPE

FEATURE

တစ်နေ့တန် ၅၀၀ ထုတ်မည့် အကြီးစားသကြားစက်ရုံ ယခုနှစ်ကုန် အပြီးတည်ဆောက်မည်
18-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တစ်နေ့လျှင် တန်ချိန် ၅၀၀ ထုတ်လုပ်နိုင်မည့် အကြီးစားသကြားစက်ရုံကို စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် တည်ဆောက်နေပြီး ယခုနှစ်ကုန် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဌေးက ပြောကြားသည်။

အဆိုပါ သကြားစက်ရုံအတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံထားပြီး သကြားမှထွက်သည့် တင်လဲရည်ကို လောင်စာဆီထုတ်မည်ဖြစ်ကြောင်း၊ ကြံဖတ်များမှလည်းစွမ်းအင်ထုတ်မည့်ဖြစ်ကာ ကျန်ရှိသည့်စွန့်ပစ်ပစ္စည်းများကို မြေဩဇာများထုတ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဒီလိုမျိုးတခြားဟာတွေလည်း ထုတ်တယ်ဆိုတာ သကြားဈေးကျတဲ့အချိန် ကာမိအောင်လို့ပါ။ အခုထုတ်မယ့်သကြားတွေက ပြည်တွင်းဈေးကွက်ကို ရည်ရွယ်ပါတယ်။ နောက်တစ်ချက်က တောင်သူတွေက သကြားစက်တွေရှိမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် တောင်သူတွေ အဆင်ပြေဖို့လည်း ရည်ရွယ်ပါတယ်” ဦးဝင်းဌေးကဆိုသည်။

စက်ရုံစီမံကိန်းအတွက် ခွင့်ပြုမိန့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြီးခဲ့သည့်နှစ်က လုပ်ကိုင်ခွင့်ချပေးခဲ့ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်အနေဖြင့် ခုနစ်နှစ်စာ အခွန်ကင်းလွှတ်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာ့သကြားထုတ်လုပ်မှု အများပိုင်ကုမ္ပဏီထံမှ သိရသည်။

ယခုနှစ်တွင် ကြံဈေးမှာ တစ်တန်ကို ကျပ်လေးသောင်းသာရရှိပြီး သကြားဈေးမှာ တစ်ပိဿလျှင် ကျပ် ၁၀၀၀ နီးပါးသာရရှိ၍ သကြားဈေးအနိမ့်ဆုံးရရှိသည့် နှစ်ဖြစ်ကြောင်း၊ တရုတ်ဘက်ကသာ တရားဝင် သကြားဝယ်ပါက သကြားဈေးလည်း မြင့်တက်လာနိုင်ပြီး ပြည်ပကုမ္ပဏီများမှာလည်း စက်ရုံများ လာရောက်တည်ထောင်နိုင်ကြောင်း ကြံနှင့် သကြား စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် သကြားထုတ်လုပ်သည့်စက်ရုံ ၇ ရုံနီးပါးရှိပြီး ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် သကြားတန်ချိန် လေးသိန်းခွဲသာ ထုတ်လုပ်နိုင်သေးကြောင်း ယင်းအသင်းထံမှ သိရသည်။

J-13