News

POST TYPE

FEATURE

အဓမ္မ သားမွေးပေးနေရသည့် မြန်မာမလေးများ
15-Feb-2019



မြန်မာအမျိုးသမီးပေါင်း ၇၅၀၀ ကျော်ခန့်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်မယားများအဖြစ် လက်ထပ်ပေးခြင်းခံနေရပြီး၊ ကလေးမွေးပေးရန်ပါ အတင်းအကျပ်ခိုင်းစေခြင်းများ ခံနေရကြောင်း ထိုင်းနိုင်ငံမှ ကချင်အမျိုးသမီးအစည်းအရုံးနှင့် John Hopkins Bloomberg School of Public Health အဖွဲ့တို့၏ သုတေသနပြု ဖော်ပြချက်များတွင် တွေ့ရပါသည်။ တရုတ်နိုင်ငံသို့ ပွဲစားများက တစ်ဆင့် လူကုန်ကူးခံနေရသည့် မြန်မာအမျိုးသမီး ၆၅ ရာခိုင်နှုန်းခန့်မှာ အဓမ္မလက်ထပ်ပေးရန်အတွက်ဖြစ်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအချက်များကို အခိုင်အမာသက်သေပြရန်တော့ခက်သည်။ အဘယ်ကြောင့်ဆိုသော် အထောက်အထားများကို အတိအကျရယူရန် ခက်ခဲသောကြောင့်ဖြစ်သည်။ လူနည်းစု လူမျိုးစုဒေသများတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ ဖြစ်သည့်အပြင် တရုတ်တို့ကလည်း ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်ပြီး အချက်အလက်များကို တိကျစွာ ထုတ်ပြန်ခြင်းမရှိပေ။ တရုတ်နိုင်ငံတွင် အလုပ်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များမရှိလျှင် သို့မဟုတ် လက်ထပ်ထားသော်လည်း ခွင့်ပြုချက်လိုင်စင်မရှိလျှင် အသိအမှတ်ပြုရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တရားမဝင် လက်ထပ်ထားသည့် အိမ်ထောင်စုများက မွေးလာသည့် ကလေးများကလည်း တရားဝင်မှတ်ပုံတင်ထား နိုင်ခြင်းမရှိသောကြောင့် တရုတ်နိုင်ငံကို မြန်မာအမျိုးသမီးတွေ မည်မျှရောက်ပြီး မည်မျှအဓမ္မတရုတ် မယားများအဖြစ် ခံယူကာ ကလေးမွေးပေးနေကြရကြောင်း တရုတ်ဘက်က မထုတ်ပြန်မချင်း အချက်အလက်များကို အတိအကျရယူရန် ခက်ခဲနေဦးမည်သာဖြစ်သည်။

သို့သော် John Hopkins Bloomberg School of Public Health အဖွဲ့၏ သုတေသနခေါင်းဆောင် ကို့လန်း ရော်ဘင်ဆန်က -

“သူတို့အားလုံး အဓမ္မလက်ထပ်ထိမ်းမြားပေးခြင်း ခံရသလို၊ သူတို့အကျိုးတွေအတွက် အမြတ်ထုတ်ကာ အကြမ်းဖက်လုပ်ဆောင်ခိုင်းစေခြင်းတွေ ခံနေရတယ်”ဟု အခိုင်အမာပြောကြားခဲ့သည်။ 

ရော်ဘင်ဆန်နှင့် ကချင်အမျိုးသမီး အစည်းအရုံးတို့၏ လေ့လာတွေ့ရှိချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဘန်ကောက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးများသည် လူကုန်ကူးခံနေရခြင်း၊ အဓမ္မ လက်ထပ်ထိမ်းမြားပေးမှုများ ခံနေရခြင်းများကို ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

လွန်ခဲ့သော ၅ နှစ်အတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၁၀၆၀၀၀ ဦးခန့်ရှိသည်။ ယင်းတို့အထဲတွင် အမျိုးသမီး ၅၀၀၀ ခန့်မှာ တရုတ်မယားများအဖြစ် အဓမ္မခိုင်းစေခြင်းခံခဲ့ရသည်။ အမျိုးသမီး ၂၈၀၀ ခန့်မှာ အဓမ္မကိုယ်ဝန်ဆောင်ခိုင်းပြီး ကလေးမွေးပေးခဲ့ရသည်။

တရုတ်နိုင်ငံတွင် ကျန်နေခဲ့သော အမျိုးသမီးပေါင်း များစွာရှိနေသေးသည်။ အမျိုးသမီး ၆၅၀၀၀ ခန့်ကျန်နေပြီး အမျိုးသမီး ၂၅၀၀ ခန့်မှာ အဓမ္မလက်ထပ်ပေးခြင်း ခံထားရကာ၊ ၂၃၀၀ ခန့်မှာ ကိုယ်ဝန်ဆောင်ပေးထားကြရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံလူဦးရေစာရင်းအရ အမျိုးသမီးအရေအတွက်ထက် အမျိုးသားအရေအတွက်က ၃၅ သန်းကျော် ပိုများနေသည်။ တစ်အိမ်ထောင် ကလေးတစ်ယောက်သာယူရမည်ဆိုသည့် မူဝါဒကို ချမှတ်ခဲ့ခြင်းကြောင့် ရှားပါးနေသည့် အမျိုးသမီးအရေအတွက်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြောက်ကိုရီးယားနိုင်ငံများမှ ဖြည့်ဆည်းရန် စီစဉ်နေကြသည်။ 

မြန်မာနိုင်ငံတွင် လူမျိုးစုဆိုင်ရာ ပဋိပက္ခများနှင့် မြေယာပြဿနာများကြောင့် ရွှေ့ပြောင်းနေထိုင်မှုတွေ ပိုများလာသည်။ မြေမဲ့ယာမဲ့ တိုင်းရင်းသား အများစုသည် အလုပ်လက်မဲ့များဖြစ်ကာ အိမ်နီးချင်း တရုတ်နိုင်ငံဘက်သို့ ကူးပြောင်းပြီး ရွှေ့ပြောင်းနေထိုင်သူများအဖြစ်ခံယူကာ ဖြစ်သလို လုပ်ကိုင်စားသောက်နေကြရမှုများ ရှိနေသည်။ လက်ရှိအနေအထားတွင် ကချင်နှင့် မြောက်ပိုင်းရှမ်းပြည်မှ တိုင်းရင်းသားတို့ သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း လာရောက်နေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြမှုများကို တွေ့ရသည်။ 

ပြည်တွင်းစစ်မီး မငြိမ်းနိုင်သေးသော မြန်မာနိုင်ငံဒေသအချို့ရှိ တိုင်းရင်းသားပြည်သူများမှာ အိမ်နီးချင်းနိုင်ငံများထဲသို့ ဝင်ရောက်ခိုလှုံရင်း သူတို့ အိုးအိမ်များကို စွန့်ခွာခဲ့ရမှုများ ရှိနေဆဲဖြစ်သည်။ ကချင်ပြည်နယ်အတွင်းနှင့် မြောက်ပိုင်းရှမ်းပြည်နယ် အချို့တွင် ပဋိပက္ခများကြောင့် ၂၀၁၁ ခုနှစ်ခန့်ကတည်းက အိုးအိမ်စွန့်ကာ ထွက်ပြေးနေကြရသူပေါင်း ၁၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ 

ဘန်ကောက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အမျိုးသမီးပေါင်း ၅၀၀၀ ကျော်သည် အဓမ္မ ကိုယ်ဝန်ဆောင်ခြင်းများကို လုပ်ဆောင်ပေးနေရသည်ဟု ဆိုပါသည်။ တရုတ်လင်ယောကျာ်းများ၏ ဆက်ဆံပြောဆိုမှုများကို သဘောမကျသော်လည်း လက်ထပ်ထားပြီးဖြစ်သောကြောင့် သူတို့တွင် အခြားရွေးချယ်ခွင့်လည်း မရှိအောင်ဖြစ်နေကြရရှာသည်။ 

အသက် ၄၈ နှစ်အရွယ် ကချင်အမျိုးသမီး တစ်ယောက်က -

“သူက စိတ်ထားကောင်းတဲ့ကောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကလေးရဲ့ အဖေဖြစ်နေတယ်မဟုတ်လား ဒါကြောင့် ဆက်နေရတာပေါ့။ ခဏခဏရန် ဖြစ်ရတယ်။ သူ့အလုပ်က ဘိန်းရှူမယ် ငါ့ကိုရိုက်မယ် ဒါပဲသိတယ်”ဟု ပြောပြသည်။ 

တရုတ်တွေက အချို့မိန်းမတွေကို ကလေးမွေးပေးရန် သက်သက်အတွက်သာ ယူကြခြင်းဖြစ်သည်။ ကလေးမွေးပြီးလျှင် အိမ်က နှင်ထုတ်လိုက်ကြသည်လည်းရှိသည်။ 

အဓမ္မလက်ထပ်ထားခြင်း၏ ပြဿနာမှာ နှိပ်စက်ချင်သလို နှိပ်စက်လျှင်လည်း ခေါင်းငုံ့ခံနေရန်သာဖြစ်သည်။ အမျိုးသမီးများအတွက် ကိုယ်ကာယအား နှိပ်စက်ညှဉ်းပန်းခြင်း ခံရရုံမက၊ စိတ်ဓာတ်ပါ ရစရာမရှိလောက်အောင် ဖျက်ဆီးခြင်း ခံကြရမည့်အနေအထားတွင် ရှိနေသည်။ သို့သော် မည်မျှပင် နှိပ်စက်သည်ဆိုစေ ကယ်ပါ ယူပါ မအော်ရဲ၊ ထွက်လည်း မပြေးရဲပေ။ သူတို့ကို ရဲဖမ်းမည်လည်း ကြောက်နေကြရသည့် ဘဝမျိုးကို မြန်မာဘက်က မိန်းကလေးတွေ ရောက်နေကြရသည်။ သူတို့က တရုတ်လိုလည်း မပြောတတ်သည့်အပြင် သူတို့ထံတွင် ဘာအထောက်အထားမှ မရှိသဖြင့် ထွက်ပြေးလည်း အဖမ်းခံရရုံသာ ရှိပေလိမ့်မည်။

ကချင်ပြည်နယ်ဘက်မှ ရွှေ့ပြောင်းနေထိုင်သူ မိန်းကလေးအများစုသည် လူကုန်ကူးခြင်းကို ခံနေကြရကြောင်း မြန်မာနိုင်ငံမှ လွတ်လပ်သော သုတေသီတစ်ဦးဖြစ်သည် ဂျာဆန်အင်းက ဆိုသည်။ ကချင်ပြည်နယ် တစ်ခုတည်းမှာပင် ဒုက္ခသည်စခန်းပေါင်းက ရာကျော်ရှိနေသည်။ ကချင်အမျိုးသမီး အများစုသည် တရုတ်နိုင်ငံအတွင်းရှိ စက်ရုံများတွင် အလုပ်ရမည်ဆိုကာ ညာခေါ်သွားခြင်းခံရပြီး ဟိုဘက်ရောက်သွားလျှင် အဓမ္မလက်ထပ်ပေးခြင်းကို ခံလိုက်ကြရသည်ကများကြောင်း သူက ဆိုသည်။ 

“ခုတော့ အဲဒီလို အဓမ္မလုပ်တာကိုပဲ အခွင့်အရေးအဖြစ်ရယူဖို့ လုပ်သူတွေ ပေါ်လာတယ်။ ဆင်းရဲတွင်းက လွတ်ဖို့ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ပေးတာကို ခံလိုက်တာပဲကောင်းတယ်လို့ မြင်နေကြတယ်။ သူတို့ စခန်းကနေ လွတ်မြောက်ဖို့ဆိုတာလည်း ဒီတစ်လမ်းပဲရှိနေတယ်။ သူတို့ဘဝတွေက မျှော်လင့်ချက်မဲ့နေကြတယ်။ အလုပ်ရလည်း မထူးဘူးလေ။ ဟိုမှာက သူတို့တရုတ်တွေနဲ့တန်းတူ ဆက်ဆံခြင်း ခံကြရတာမှ မဟုတ်တာ”ဟု ဂျာဆန်က ပြောပြသည်။

ဘန်ကောက်တွင် ဖော်ပြထားသည့် အဖွဲ့အစည်း နှစ်ခု၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား လူမျိုးများ ထွက်ပြေးကာ နေထိုင်ရမှုအပေါ် တရုတ်တို့အနေနှင့် အကြမ်းဖက်ခြင်းထပ်မံမပြုရန်နှင့် အထောက်အပံ့များပေးရန် တိုက်တွန်းထားသည်။ တိုင်းရင်းသား အမျိုးသမီးများကို အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခြင်းများ မလုပ်ခိုင်းရန်နှင့် အဓမ္မကလေး မွေးခိုင်းခြင်းများ မပြုလုပ်ခိုင်းရန်လည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်မှလည်း ရွှေ့ပြောင်းနေထိုင်နေကြရသူများနှင့် ပတ်သက်ပြီး အကာအကွယ်ပေးနိုင်မည့် မူဝါဒတစ်ခုကို သတ်မှတ်ပေးရန် လိုပါသည်။ အထူးသဖြင့် မှတ်ပုံတင်များ၊ သက်သေခံ ကတ်ပြားများ ထုတ်ထားပေးခြင်းမျိုးဖြစ်သည်။ သို့မှသာ တရုတ်နိုင်ငံအတွင်း အလုပ်သွားလုပ်လျှင်လည်း ဦးရေ မည်မျှ ထွက်သွားပြီး မည်မျှပြန်ရောက်လာသည်ဆိုခြင်းကို တိကျစွာ အဖြေရှာနိုင်မည်ဖြစ်သည်။ 

ကချင်နှင့် ရှမ်းမြောက်ဒေသများအတွင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် တိုင်းရင်းသား လူမျိုးများသည် ဆင်းရဲဒုက္ခရောက်နေကြရသည်။ ထို့ကြောင့်လည်း တရုတ်ကိုကူးပြီး ရှာဖွေစားသောက်နေရခြင်းက အဖိနှိပ်ခံ၊ အကြမ်းဖက်ခံများဘဝကို သက်ဆင်းနေရသောကြောင့် ထိုအရေးကိုလည်း မြန်မာနိုင်ငံ အစိုးရဘက်က ထည့်သွင်းစဉ်းစားပေးရန် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အမေရိကန်ပြည်ထောင်စုအစိုးရ၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (Tire 3) တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွင်း လူကုန်ကူးမှုနှုန်းမှာ အမြင့်မားဆုံးဖြစ်နေသည်ဟုဆိုထားသည်။ နောက်ဆုံး ဆန်းစစ်ချက်အရ အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်း အမျိုးသမီး လူကုန်ကူးခံရသူပေါင်း ၄၀၀ ခန့်ရှိကြောင်း ၂၀၁၇ ဇွန်လမှ ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ဆန်းစစ်ချက်များအရ သိရသည်။ 

တရုတ်နိုင်ငံအတွင်းသို့ လူကုန်ကူးခံရမှု အများစုမှာ ကလေးလုပ်သားများအဖြစ် ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများအတွက် ခိုင်းစေရန်၊ ကိုယ်ခန္ဓာအတွင်းမှ အစားထိုးနိုင်မည့် အစိတ်အပိုင်းများကို ထုတ်ယူရန်နှင့် အငှားကိုယ်ဝန်ဆောင် လုပ်ငန်းများအတွက် ခိုင်းစေရန်တို့ကြောင့်ဖြစ်ကြောင်း သတိပြုကြစေချင်ပါသည်။

တရုတ်နိုင်ငံတွင် ကိုယ်တွင်းအစိတ်အပိုင်းများကို ရောင်းချခြင်းအား အစိုးရကပိတ်ပင်ထားသည် ဆိုစေ မှောင်ခိုဈေးကွက်ကြီးတစ်ခုကတော့ ရှိနေသည်သာဖြစ်သည်။ ကျန်းမာသူများထံမှ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို ထုတ်ရောင်းနေမှုများကို လုပ်သူတွေက အခြေအနေအရပ်ရပ်ကြောင့် လုပ်နေကြရသည်ကိုလည်း သတိပြုသင့်ပါသည်။

တရုတ်နိုင်ငံအတွင်း အမျိုးသမီးအရေအတွက် ရှားနေခြင်းကလည်း နယ်စပ်ဒေသ ကျေးရွာများမှ အမျိုးသမီးလေးများအတွက် ရတက်မအေးနိုင်လောက်သည့် အနေအထားဖြစ်သည်။ လက်ထပ်မည်ဆိုကာ ခေါ်သွားပြီး တရုတ်ဘက်ကို ရောင်းစားခြင်းခံနေရသော အမျိုးသမီးလေးတွေဘဝပေါင်းများစွာရှိနေသည်။ အဓမ္မလက်ထပ်ပေးလိုက်ခြင်းကို ခံလိုက်ရသည်ကမှ တော်ဦးမည်။ အချို့ဆိုလျှင် အသက် ၂၀ မှ ၅၀ အတွင်း နိုင်ငံရပ်ခြားက ခေါ်လာသော အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစားနေခြင်းက ပိုဆိုးသည်။ အချို့ဆိုလျှင် ၁၂ နှစ်အရွယ် ကလေးများပင်ပါသည်။

တရုတ်နိုင်ငံအတွင်း အမျိုးသမီးရှားပါးမှုနှင့် ကလေးလိုချင်သည့် ပြဿနာကို ကျေးလက်ဒေသများတွင် အမျိုးသမီးများအားဝယ်ပြီး လက်ထပ်ပေးစားကာ ကိုယ်ဝန်ဆောင်ခိုင်းခြင်းနည်းဖြင့် ဖြေရှင်းနေကြသည်။ ကလေးမမွေးနိုင်သည့် အမျိုးသမီးများအတွက်ပင် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းအတွက် အိမ်တွင် ကျွန်တစ်ယောက်လို ငှားထားပြီး ကိုယ်ဝန်ဆောင်ထားခိုင်းမှုများ ရှိလာကြောင်းတွေ့ရသည်။ ချမ်းသာသော မိသားစုများဆိုလျှင် အိမ်၌ခေါ်ထားသည့် မိန်းမတစ်ယောက်ကို ကလေး ၈ ယောက်အထိ မွေးခိုင်းသည်ဟု ဆိုသည်။ ၈ ဂဏန်းက တရုတ်တို့အတွက် ကံကောင်းခြင်းကိုဖြစ်ပေါ်စေသည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။

“နယ်စပ်ကို ပိတ်ပစ်လိုက်ပါလို့တော့ မပြောချင်ဘူး။ နယ်စပ်ကို ပိတ်လိုက်လို့ ပြဿနာက ရပ်သွားမှာ မဟုတ်ဘူး။ သူတို့ကို စနစ်တကျလေး လုပ်ပေးဖို့ ပြောနေတာ။ အလုပ်သွားလုပ်ရင်လည်း တရားဝင် ဖြစ်စေချင်တယ်။ လက်ထပ်တယ်ဆိုတာတောင် ကိုယ်ကြိုက်တဲ့သူကို ကိုယ်ရွေးချယ်လက်ထပ်တာမျိုး ဖြစ်စေချင်တယ်။ သူတို့အတွက် အခြားတစ်ယောက်ယောက်က ရွေးချယ်ပေးတာ မဖြစ်စေချင်ဘူး။ တရားဥပဒေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အကာအကွယ်ပေးနိုင်မှ လူကုန်ကူးနေတာတွေ ပျောက်ကွယ်သွားလိမ့်မယ်”ဟု ရော်ဘင်ဆန်၏ ပြောကြားချက်မှာ စဉ်းစားစရာ ဖြစ်ပါသည်။

ကျော်ဗလ

(Ref: South China Morning Post, "Human Trafficking & Modern-day Slavery - China" Martin Patt)