News

POST TYPE

FEATURE

စဥ့်ကူးရွှေတွင်းပိတ်မိမှုမှ အလောင်းတစ်လောင်းတွေ့၊ တစ်ဦးလျှင် ကျပ်သိန်း ၄၀ နစ်နာကြေးပေး
09-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာ “အောင်ကိုသူကုမ္ပဏီ”ရွှေလုပ်ကွက်တွင်းပိပြိုကျမှုကြောင့် လုပ်သားငါးဦးပိတ်မိခဲ့ရာတွင် တစ်ဦး၏အလောင်းကိုသာ တွေ့ရှိသေးပြီး ၎င်းတို့ကို တစ်ဦးလျှင် ကျပ်သိန်း ၄၀ စီ ယင်းကုမ္ပဏီက နစ်နာကြေးပေးခဲ့ကြောင်း ရွှေတွင်းလုပ်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါတွင်းပိခံရသူ ၅ ဦးအနက် ဖေဖော်ဝါရီ ၇ ရက်နေ့က အမျိုးသားတစ်ဦး၏အလောင်းကို ပြန်လည်တွေ့ရှိ ထုတ်ယူနိုင်ခဲ့သော်လည်း ကျန်လေးဦးကိုမူ မတွေ့သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

“သူတို့လုပ်နေတဲ့ ရှာဖွေကယ်ဆယ်ရေးက အားရစရာဘာမှမရှိပါဘူး။ ဘာကြောင့်ဆို အစိုးရလျှပ်စစ်မီးနဲ့ပဲ မောင်းနေတာဗျာ။ တကယ်တမ်းဆို ပါဝါမြင့်တဲ့ စက်ကြီးတွေနဲ့မောင်းပြီး မြန်မြန်ဆန်ဆန် လုပ်သင့်တာ။ ခုက မီးအားလာသလောက်နဲ့ လုပ်ပေးနေတာ။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့၊ သတ္တုဌာနက လာကြည့်တယ်။ ပြီးတော့ ပြန်သွားတယ်။ ဘာလုပ်ပါ။ ဘယ်လိုလုပ်ပါ။ ညွှန်ကြားနိုင်တာ ဘာမှမရှိဘူး။ မိသားစုဝင်တွေကိုကျတော့ ဘယ်လောက်ကြာကြာ တွေ့အောင်ရှာပေးမယ်။ အမှုဖွင့်တာ၊ တိုင်တန်းမလုပ်ဖို့ လက်မှတ်ထိုး နစ်နာကြေး သိန်း ၄၀ ပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတယ်။ မိသားစုဝင်တွေမှာလဲ တချို့ပင်ပန်းပြီး ဆေးကုနေရာတာတွေတောင် ရှိတယ်ဗျ”ဟု အမှတ်(၃) အခြေခံ ရွှေလုပ်သားများအဖွဲ့အစည်း အတွင်းရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

လက်မှတ်ထိုးခိုင်းထားသည်မှာ မှန်ကန်သော်လည်း ဖိအားပေးစေခိုင်းထားခြင်းမဟုတ်ဘဲ ကာယကံရှင် မိသားစုများနှင့် ကုမ္ပဏီတို့ ညှိနှိုင်းသဘောတူကာ ကြေအေးထားခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအတွက်လည်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးလျှင် ကျပ်သိန်း ၅၀ ပေးကာ အချိန်မည်မျှ ကြာသည်ဖြစ်စေ တွေ့အောင်ရှာဖွေပေးရန်ငှားရမ်းကာ ကယ်ဆယ်ပေးနေကြောင်း ရှောက်ပင်ရိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၂ နာရီခန့်က ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ငါးပြားပေးကျေးရွာအနီးတွင်ရှိသည့် လုပ်ကွက်နံပါတ် SGU-162 ၏ “အောင်ကိုသူ” ရွှေတူးဖော်ရေးလုပ်ကွက်အတွင်းရှိ ပေသုံးရာခန့်အနက်ရှိသည့် တွင်းတစ်ခုအတွင်းဆင်းကာ ပြုပြင်နေစဉ် ယင်းတွင်းနှင့် ကပ်လျက်ရှိ တွင်းဟောင်းမှ ရေများပေါက်ကျခဲ့ပြီး တွင်းအတွင်းရှိ ဇင်မင်းထိုက်၊ ကုလား၊ ဖိုးဖြူ၊ မင်းမင်းစိုးနှင့် စန်းဝင်းမြင့်တို့ အင်းလုပ်သားငါးဦး ပိတ်မိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဦးမင်းမင်းစိုးကိုသာ ပြန်လည်တွေ့ရှိသေးခြင်းဖြစ်သည်။

M-04