News

POST TYPE

FEATURE

ကမ္ဘာကျော် သားတော်များ (အာဏာရှင်သား လူရမ်းကား)
27-Oct-2016 tagged as

ကမ္ဘာ့အရက်စက်ဆုံး အာဏာရှင်ကြီးတစ်ဦး ဖြစ်သည့် အီဒီအာမင်၏ သားတော်လေးသည် ၂၀၀၇ ခုနှစ်က လန်ဒန်မြို့ လူစည်ကားသည့် လမ်းမကြီးတစ်ခုပေါ်တွင် သူ့အပေါင်းအသင်းများနှင့် လူငယ်လေးတစ်ဦးကို မသေမချင်း ဓားနှင့်ထိုးပြီး ရိုက်သတ်ခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ 

အီဒီအာမင်၏သား ဖိုင်ဆယ် ဝမ်ဂီတာ တစ်ယောက် လူမိုက်လမ်းသရဲ ဂိုဏ်းအုပ်စုအတွင်း ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းနေသည်။ လူငယ်လေး တစ်ယောက်ကို ဓားနှင့်ထိုး၊ တုတ်တွေနှင့် ရိုက်နေသည့် အကြမ်းဖက် သွေးပျက်စရာ မြင်ကွင်းကို ဈေးဝယ်ထွက်လာသူများ၊ ကမ္ဘာလှည့် ခရီးသည်များ မျက်စိရှေ့မှောက်တွင်ပင် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

အဖြစ်အပျက်က ၁၉ စက္ကန့်ခန့်သာ ကြာသည်။ အသက် ၁၉ နှစ်အရွယ် မာဟာ အိုစမာ ဆိုသည့် လူငယ်လေးသည် ဒဏ်ရာများနှင့် သွေးအိုင်ထဲတွင် လဲကျကျန်ခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့် နေရာမှာ လန်ဒန်မြောက်ပိုင်း ကမ်ဒန်ဈေးရှေ့တွင် ဖြစ်သည်။

ထိုစဉ်က အာမင်၏သား ဝမ်ဂီတာသည် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ၁၉၇၀ ခုနှစ်များက ယူဂန်ဒါနိုင်ငံတွင် သူ့ဖခင်အာမင် ဖမ်းဆီးသတ်ဖြတ် နှိပ်စက်သည့်ဒဏ်ကြောင့် လူပေါင်းသိန်းချီပြီး သေဆုံးခဲ့ရသည်။ ယခုလည်း လန်ဒန်ရောက်နေသည့် သားဖြစ်သူက သူ့ဖခင်၏သွေးနှင့် လက်စလက်နလေးတွေကို ထုတ်ပြလိုက်သည်။ ပြစ်မှုက ထင်ရှားနေသည်။ လူမြင်ကွင်းတွင်လည်းဖြစ်၊ ရှောင်လွှဲလို့လည်းမရ၊ ဝမ်ဂီတာကို ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချလိုက်ကြသည်။ 

ဖြစ်ခဲ့သည်မှာ ကျောင်းတော်ကရန်စ ဆိုသလို ဖြစ်သည်။ ၂၀၀၆ ခုနှစ်လောက် ကတည်းက အင်္ဂလန်တွင် ဆိုမာလီ လူဆိုးဂိုဏ်းနှစ်ဂိုဏ်း ရန်စောင်နေကြသည်။ သေဆုံးသူ အိုစမာသည် စင်းထရစ်ဘွိုင်းဆိုသည့် ဂိုဏ်းသားတစ်ဦး ဖြစ်သည်။ သူသည် အင်ဂျင်နီယာကျောင်း တက်နေသည့် ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ CCTV မှတ်တမ်းအရ ၁၉ စက္ကန့်အတွင်း သူ့ကို ဓားဖြင့် ၂၁ ချက် ထိုးခဲ့ခြင်း ဖြစ်သည်။ ဆေးရုံတွင် ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။

ထိုအမှုကို ကျူးလွန်သူ အသက် ၁၆ နှစ်မှ ၂၀ အရွယ် လူငယ် ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအထဲတွင် ဆိုမာလီနိုင်ငံက မဟုတ်သူမှာ ဝမ်ဂီတာ တစ်ယောက်သာ ဖြစ်သည်။

ဝမ်ဂီတာသည် အာဏာရှင်ကြီး အာမင်၏ ၄၃ ဦးမြောက် သားတစ်ယောက် ဖြစ်သည်။ အီဒီ အာမင် ယူထားသည့် မယားပေါင်းများစွာထဲမှ ဆာရာ ကျိုလာဘာဆိုသည့် ဂိုဂိုးအကမယ်နှင့် မွေးထားသော သားလည်း ဖြစ်သည်။ ဆာရာကို ယူဂန်ဒါနိုင်ငံက ‘စူဆိုက်ဆာရာ’ ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယူဂန်ဒါ အသေခံ တော်လှန်ရေးတပ်ဖွဲ့တွင် ဂိုဂိုးအကမယ်အဖြစ် ဖျော်ဖြေခဲ့ရသောကြောင့် ဖြစ်သည်။

ဝမ်ဂီတာကို ၁၉၈၁ ခုနှစ်က ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မွေးဖွားသည်။ ထိုအချိန်ကဆိုလျှင် သူ့ဖခင် အာဏာရှင် အီဒီအာမင် တစ်ယောက် ပြည်ပြေးအဖြစ် ဆော်ဒီကို ရောက်နေချိန် ဖြစ်သည်။ ဆာရာသည် အာမင် အရာကျသွားသဖြင့် ဆော်ဒီတွင် အာဏာရှင်ဟောင်းလင်ကို ထားခဲ့ပြီး ဂျာမနီကို ထွက်ပြေးသည်။ ထိုမှ လန်ဒန်ကို ရောက်လာသည်။ သူမနှင့်အတူ သားတော်မောင် ဝမ်ဂီတာလည်း ပါလာခဲ့သည်။ မိခင်နှင့်အတူ ဝမ်ဂီတာသည် လန်ဒန်မြောက်ပိုင်း၊ တိုတမ်ဟမ်အရပ်တွင် အိပ်ခန်းနှစ်ခန်းပါ အိမ်တစ်လုံးနှင့် နေထိုင်ခဲ့ကြသည်။

ဝမ်ဂီတာသည် သွေးဆိုးသူတစ်ယောက် ဖြစ်သည်။ ဖခင်ဘက် လိုက်၍လားတော့ မသိ။ ကျောင်းလည်းမတက်။ ဆိုမာလီနိုင်ငံသား လူဆိုးလေးတွေနှင့် အဖွဲ့ကျသည်။ သူတို့နှင့် နေထိုင်သွားလာ လှုပ်ရှားရင်းက ပျက်စီးစလည်း ပြုလာခဲ့သည်။ သူသည် ဆိုမာလီနိုင်ငံ သားမဟုတ်သော်လည်း အစ္စလာမ်ဘာသာ ကိုးကွယ်သူ ဖြစ်သောကြောင့် ဆိုမာလီသားတွေက သူ့ကို ဘာသာတူအဖြစ် သွေးသောက်ရဲဘော်အဖြစ် သတ်မှတ်လက်ခံခဲ့ကြခြင်း ဖြစ်သည်။ 

ဗြိတိန်ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးစစ်ဆေးပြီးနောက် သတင်းထုတ်ပြန်သည်။ ဝမ်ဂီတာကို ၂၀၀၄ ခုနှစ် ဇူလိုင်လ ကတည်းက ဗြိတိန်တွင် နေထိုင်ခွင့် ပါမစ် ပိတ်ပင်ထားပြီး ဖြစ်ကြောင်း၊ သူ့ကို ရန်လိုတတ်သူ၊ ကြောက်စရာကောင်းသည့် အဖွဲ့အစည်းများနှင့် ပတ်သက်နေသူအဖြစ် သတ်မှတ်ကာ နေထိုင်ခွင့် ပိတ်ပင်ထားကြောင်း ပြောကြားခဲ့သည်။

အီဒီအာမင်သည် ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ယူဂန်ဒါနိုင်ငံတွင် အာဏာသိမ်းပြီး နိုင်ငံအကြီးအကဲနေရာ ရောက်လာသူ ဖြစ်သည်။ သူစိုးမိုးအုပ်ချုပ်ခဲ့သည့် ၈ နှစ်တာ ကာလသည် ယူဂန်ဒါ နိုင်ငံသားများအတွက် ငရဲကျခဲ့ရသည့် နှစ်ကာလများဟု ဆိုနိုင်သည်။ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်း ခံရသည်။ နိုင်ငံရေး ဖိနှိပ်ခြင်း ခံရသည်။ အပြစ်မဲ့ပြည်သူများ အများဆုံး သတ်ဖြတ်ခြင်း ခံရသည့် ကာလဟုလည်း ဆိုနိုင်သည်။ သူ့လက်ထက်တွင် သေဆုံးခဲ့ကြရသည့် ယူဂန်ဒါနိုင်ငံတွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများမှာ ငါးသောင်းမှ ငါးသိန်းခန့်အထိ ရှိနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့က ခန့်မှန်းထားသည်။

တစ်ချိန်က စစ်တပ်ထဲတွင် ထမင်းချက်ဘဝက အာဏာသိမ်းပြီး အာဏာရှင် ဖြစ်လာခဲ့သည့် ကမ္ဘာ့အရက်စက်ဆုံး အာဏာရှင် အီဒီအာမင်တစ်ယောက် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင်ပင် ၂၀၀၃ ခုနှစ်က ကွယ်လွန်သွားခဲ့ကြောင်း သူ၏ မယားတစ်ယောက် ဖြစ်သူ မာဒီနာက ထုတ်ပြန်ကြေညာခဲ့သည်။ ဘုရင်ဖိုင် ဆယ်ဆေးရုံကြီးတွင် ကျောက်ကပ်ပျက်စီးပြီး၊ ကာလကြာရှည်စွာ သတိလစ် မေ့မြောနေရာက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အာမင် တရားဝင် ယူခဲ့သည့် မယားစုစုပေါင်း ၆ ဦး ရှိသည်ဟု ဆိုသည်။ သုံးယောက်ကို ကွာရှင်းခဲ့ပြီး ဖြစ်သည်။ ဝမ်ဂီတာ၏ မိခင် ဆာရာကို ယူစဉ်က ဒေါ်လာသုံးသန်းခန့် အကုန်အကျခံပြီး မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ သူတို့ လက်ထပ်ပွဲကို နိုင်ငံအကြီးအကဲများစွာ တက်ရောက်ခဲ့ကြသည်။ ယူဂန်ဒါနှင့် မိတ်ဘက်နိုင်ငံများက ဖြစ်သည်။ ဆာရာသည် အာမင်ကို လက်မထပ်မီက ဂျက်ဆီဂစ်တာဆိုသူ တစ်ယောက်နှင့် အတူနေဖူးသည်။ အာမင်နှင့် လက်ထပ်လိုက်သည့် အခါတွင် ဂျက်ဆီတစ်ယောက် အားလုံးမြင်ကွင်းက ပျောက်သွားခဲ့ရသည်။ ဆာရာကလည်း အာမင်ကို ဆော်ဒီတွင် ပြည်ပြေးဘဝ ကတည်းက ခွဲထားခဲ့ပြီး လန်ဒန်ကို သားတစ်ယောက်နှင့် ရောက်လာသည်။ လန်ဒန်၊ တိုတန်ဟမ်တွင် ဆံပင်အလှပြင် အလုပ်ကို လုပ်ကိုင်ရင်း ၂၀၁၅ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့ရသည်။ 

ဝမ်ဂီတာ ထောင်ကလွတ်လျှင် ဗြိတိန်တွင် ဆက်ထား၍မဖြစ်။ သူ့ကို မည်သည့်နိုင်ငံ ပြန်ပို့ရမည်နည်း ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ဗြိတိန်တွင် ထားချိန်ကပင် သူ့ကို ပုန်းကွယ်ဝှက်ထားရမည့် အနေအထားဖြစ်သည်။ ဗြိတိန်ရဲမင်းကြီး ကမ်ပါလာက သူ့ကို ဗြိတိန်တွင် နေထိုင်ခွင့် ပယ်ဖျက်ထားပြီး ဖြစ်နေသဖြင့် ပြစ်မှုများကို ခံစားပြီးလျှင် သူ့မူရင်းနိုင်ငံကို ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

သူ့ကို ပြန်ပို့ရမည့် မူလနေရာ ဆိုသည်မှာ သူ့ဖခင် နေထိုင်သည့် ဆော်ဒီအာရေးဗီးယား နိုင်ငံလား၊ ယူဂန်ဒါနိုင်ငံလား စဉ်းစားစရာ ဖြစ်လာသည်။ သို့သော် အားလုံးက ဝမ်ဂီတာ မွေးခဲ့သည့် ဆော်ဒီကို ပြန်ပို့ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။ သို့သော် သူ့ကို ဆော်ဒီပြန်လာလျှင် သတ်ပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်နေရသည်။

ဝမ်ဂီတာကို သတ်ချင်နေသူများထဲတွင် အစ္စရေး ဂျူးတို့လည်း ပါဝင်နေသည်။ ၁၉၇၆ ခုနှစ်က အစ္စရေးတပ်ဖွဲ့ကို နှိမ်နင်းသုတ်သင်ခဲ့သူများထဲတွင် သူ့ဖခင် အာမင်လက်ချက် မကင်းသောကြောင့် ဂျူးတွေကိုလည်း အာမင်၏ မိသားစုကို အသေရရ၊ အရှင်ရရ ဖြစ်နေသည်။ 

ထောင်ကလွတ်ပြီး ဆော်ဒီကိုပြန်ရန် ပြင်နေသော ဝမ်ဂီတာထံမှ ဖုန်းဖြင့်ပေးပို့သည့် စာတစ်စောင်ကို ဆော်ဒီ ရောက်နေသည့် သူ့အစ်ကိုတစ်ယောက်က ရလိုက်သည်။

“ဆော်ဒီကို ထွက်လာဖို့ ဒီမှာ (ဗြိတိန်) ပုန်းနေရတယ်။ တစ်နေ့လုံး တစ်ညလုံး အပြင်မထွက်ရဲဘူး။ ဘယ်သွားသွား ပုန်းလျှိုးကွယ်လျှိုး သွားနေရတယ်” ဟု ဆိုထားသည်။

လန်ဒန်တွင် ရောက်နေသည့် အီဒီ အာမင်၏ သားလေးယောက် ရှိသည့်အနက် သုံးယောက်မှာ ယူဂန်ဒါနိုင်ငံသို့ ပြန်သွားခဲ့ကြရပြီ ဖြစ်သည်။ ဝမ်ဂီတာကတော့ အပြစ်ဒဏ်ခံရန် လန်ဒန်တွင် နေခဲ့ရသေးသည်။ ဖခင်ဖြစ်သူ အာဏာရှိစဉ် ကတည်းက လန်ဒန်တွင် ကဲ့ယူဝှက်ထားခဲ့သော ငွေများဖြင့် နေချင်တိုင်း နေထိုင်ခဲ့ကြပြီးနောက် အားလုံးတကွဲတပြားဖြင့် ရှောင်တိမ်းနေထိုင်ကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဖခင် အာမင်လက်ထက် ကတည်းက တစ်တိုင်းပြည်လုံးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဒဏ်ကို လက်ညှိုးထိုးမလွဲ ခံစားခဲ့ကြရသောကြောင့် ဖြစ်သည်။ 

ဗြိတိန်နိုင်ငံက ဝမ်ဂီတာကို ယူဂန်ဒါနိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် သူမည်သည့်နေရာ၊ မည်သည့်အရပ်တွင် နေထိုင်နေကြောင်း သူ့ညီအစ်ကိုတော်များပင် မသိ။ သူ့နောက်ကို သတ်ရန်လိုက်နေသည့် လူဆိုးဂိုဏ်းရန်ကြောင့်လား၊ ကျောင်းတော်က ရန်စတွေကြောင့်လားတော့ မသိ။ ယနေ့တိုင် သတင်းမထွက်သောကြောင့် ဝမ်ဂီတာ တစ်ယောက် သေသလား၊ ရှင်နေသေးသလား ပြောနိုင်သည့် အနေအထားတွင်ပင်မရှိ ဖြစ်နေခဲ့ရသည်။ 

(Ref: The Independent, Foreign Policy, BBC News, The Guardian)

ကျော်ဗလ

  • TAGS