POST TYPE

FEATURE

မန္တလေးတိုင်း လူငယ်စင်တာ မြေနေရာရရန် တိုင်းအစိုးရထံတင်ပြထား
14-Jan-2019


မန္တလေး ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး လူငယ်စင်တာ မြေနေရာရရှိရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း လူငယ်ရေးရာမူဝါဒ မဟာဗျုဟာအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးထံမှ သိရသည်။

လူငယ်စင်တာ အသုံးစရိတ်အတွက် ပြည်ထောင်စုရန်ပုံငွေဘတ်ဂျတ်မှ တိုင်းနှင့်ပြည်နယ်အလိုက် ကျပ် (၅၃) သိန်းစီ ချထားပေးထားပြီး ရန်ကုန်၊ တနင်္သာရီ၊ မွန်နှင့် စစ်ကိုင်းတို့တွင် လူငယ်စင်တာ နေရာများအတွက် မြေနေရာလျာထားပြီးဖြစ်ကြောင်း လူငယ်ရေးရာကော်မတီထံမှ သိရသည်။

နိုင်ငံတော်အဆင့်နဲ့ တိုင်း/ပြည်နယ်အဆင့် လူငယ်ရေးရာကော်မတီကတော့ ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် လူငယ်ရေးရာမူဝါဒထွက်ရှိပြီးနောက်ပိုင်းတွင် ခရိုင်အဆင့်လူငယ်ရေးရာကော်မတီများအား ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းလူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် ဒေါ်စူးရှရှင်းသန့်က ပြောကြားခဲ့သည်။

လူငယ်ရေးရာမူဝါအတွက် ယခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ ခရိုင်လူငယ်ရေးရာ ကော်မတီများကိုဖွဲ့စည်း၍ ဖွဲ့စည်းပုံတွင် အစိုးရအဖွဲ့က (၄၀) ရာခိုင်နှုန်းနှင့် လူငယ်က (၆၀) ရာခိုင်နှုန်းပါဝင်ကြောင်း ဒေါ်စူးရှရှင်းသန့်က ထပ်မံ ပြောကြားသည်။

“ခရိုင်အဆင့်ဖွဲ့စည်းပုံကို အကြမ်းမျဉ်းကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာတင်ပြတဲ့အခါ ဝန်ကြီးဦးမျိုးသစ်ကလည်း လက်ခံတယ်။”ဟု ၎င်းက ဆိုသည်။

လူငယ်ရေးရာ မူဝါဒစာအုပ်ကို ၂၀၁၆ ခုနှစ်မှစတင်၍ လူငယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင် ထွက်ရှိခဲ့ပြီးနောက် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားဝင် ကြေညာအသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ လူထုစင်တာ၌ ယနေ့ (ဇန်နဝါရီ ၁၄ ရက်) မွန်းလွဲ (၂) နာရီက ကျင်းပခဲ့သော လူငယ်ရေးရာမူဝါဒ မဟာဗျုဟာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မန္တလေးတိုင်းလူငယ်ရေးရာ ကော်မတီမိတ်ဆက်ခြင်းနှင့် လူငယ်ရေးရာမူဝါဒအတွက် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို မန္တလေးတိုင်းလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ ရှင်းလင်းပြောကြားခဲ့သည်။