News

POST TYPE

FEATURE

ကမ္ဘာကျော် သားတော်များ (သမ္မတသား ဂိုဏ်းစတား)
20-Oct-2016 tagged as

မာကို မီလိုဆာဗစ် (Marko Milosevic) တစ်ယောက် အသက် ၄၀ ကျော်ပြီ။ ၁၉၇၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မွေးဖွားသဖြင့် အတိအကျ ဆိုရလျှင် ၄၂ နှစ် ရှိပြီဟု ဆိုရမည်။ သူ့ဖခင်မှာ ယခင်ဆားဘီးယန်း သမ္မတဟောင်း ဆလိုဘိုဒန် မီလိုဆာဗစ် ဖြစ်သည်။ ဖခင်ခေတ်ကောင်းစဉ်က ဆိုးသွမ်းရမ်းကားခဲ့သမျှ သူ့ဖခင် အရာကျသည့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်နေ့တွင် တိုင်းပြည်က ထွက်ပြေးသွားခဲ့ရသည်။ ရုရှားနိုင်ငံတွင် ဒုက္ခသည်တစ်ဦး အနေနှင့် ခိုလှုံပြီး ဇနီးဖြစ်သူ မီလီကာ ဂါဂျစ်၊ သားမာကိုတို့နှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။ 

မာကို၏ မိခင်မှာ ဘဲလ်ဂရိတ်တက္ကသိုလ်မှ လူမှုဗေဒ ဘာသာရပ် သင်ကြားသည့် ပါမောက္ခတစ်ဦး ဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်သူများ ဖြစ်သည့် မိဘနှစ်ပါးက ဆင်းသက်လာသောကြောင့် မာကိုသည်လည်း ဘာသာမဲ့တစ်ဦး အဖြစ် ကြီးပြင်းလာခဲ့ရသည်ဟု ဆိုနိုင်သည်။ 

မာကို့ကို ဘဲလ်ဂရိတ်ရှိ ပုဂ္ဂလိကကျောင်း တစ်ကျောင်းတွင် ထားသည်။ ဖခင်က သမ္မတကြီးတစ်ယောက် ဖြစ်နေသောကြောင့် သက်တော်စောင့်များကြားတွင် ကြီးပြင်းလာခဲ့ရသည်။ ငယ်စဉ်ကတည်းက ဇာတိပြသည့် အနေနှင့် သေနတ်များ စုဆောင်းခြင်း၊ ကားများ စုဆောင်းခြင်းတို့တွင် ဝါသနာကြီးသည်။ အထက်ကျောင်းပြီးအောင် ဆက်မတက်ဘဲ ကျောင်းထွက်သည်။ 

ကားပြိုင်ပွဲများကို ဝါသနာကြီးသည့် မာကိုတစ်ယောက် ဂိုဏ်းစတား တစ်ယောက်ပါ ဖြစ်လာသည်။ ခရိုရေးရှားနှင့် ဘော့စ်နီးယား ဟာဇီဂိုးဗီးနားနိုင်ငံများကို ကားများရောင်းနေသည့် ဗလာဒါ ကိုဗာစီဗစ်၏ ဂိုဏ်းထဲဝင်သည်။ ၁၉၉၄ ခုနှစ်တွင် မာကိုသည် မာဒိုနာဆိုသည့် နိုက်ကလပ်တစ်ခုကို ပိုဇာရီဗက်မြို့တွင် ဖွင့်သည်။ ဥရောပ အရှေ့တောင်ပိုင်းမှ သူဌေးများ လာရောက်ခိုနားသည့် နေရာတစ်နေရာ ဖြစ်လာသည်။ ဆားဗီးယန်းမှ ရာဇဝတ်သားများလည်း ထိုကလပ်ကို ရောက်လာပြီး စီးကရက်၊ ဓာတ်ဆီ၊ ခိုးထားသောကားများ၊ မူးယစ်ဆေး စသည့် ကန့်သတ်ထားသော ပစ္စည်းများကို မှောင်ခိုရောင်းဝယ်ခြင်းများ လာလုပ်ကြသည်။ 

မာကိုသည် ရေဒီယို အသံလွှင့်ဌာန တစ်ခုကိုလည်း ပိုင်ဆိုင်သည်။ ထို့ပြင် မုန့်ဖုတ်လုပ်ငန်း၊ ကွန်ပျူတာစတိုး၊ ရေမွှေးဆိုင်တို့ကိုလည်း ဖွင့်ထားသေးသည်။ မြင်းပြပွဲ ပြိုင်ပွဲများ၏ ဒုဥက္ကဋ္ဌ တာဝန်များကိုလည်း ယူထားသေးသည်။ ဖခင်အရှိန်အဝါဖြင့် ကန်ထရိုက် လုပ်ငန်းများလည်း ရသေးသည်။ ထင်ရှားသည့် လုပ်ငန်းကြီးမှာ ဘမ်ဘီပါ့ခ်ဆိုသည့် နိုင်ငံတော်ပန်းခြံကြီး တစ်ခုကို တည်ဆောက်ခွင့် ရသွားခဲ့ခြင်း ဖြစ်သည်။ 

၁၉၉၈ ခုနှစ်တွင် ပိုဇာရီဗက်ဆိုသည့် စံအိမ်တော်ကြီးကို ဈေးကြီးပေးကာ ဝယ်သည်။ သူပိုင်သော ဇိမ်ခံကား ၁၇ စီးကို ဖျက်ဆီးလိုက်ပြီး ရွက်လှေတစ်စီးကို ဆားဗီးယားငွေ ၅ သိန်းဖြင့် ဝယ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် သူထူထောင်ထားသော ကလပ်မှ မှောင်ခိုလုပ်ငန်းကြီးက သူရရှိသည့် ဝင်ငွေမှာ စတာလင်ပေါင် သန်း ၅၀၀ ခန့် ရှိသည်။ ထို့ကြောင့် သူ့မှောင်ခိုလုပ်ငန်းကြီးကို အစွမ်းကုန် လူအင်အား လက်နက်အင်အားများဖြင့် ဝန်းရံပြီး အကာအကွယ် ပေးထားသည်။ မှောင်ခိုလုပ်ငန်းကို လာပြိုင်သည့် အခြားပြိုင်ဘက်များနှင့် မီဒီယာကိုလည်း ပြင်းထန်စွာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပါလီမန် ခေါင်းဆောင်လည်းဖြစ်၊ သူနှင့် စီးပွားရေး ပြိုင်ဘက် လုပ်နေသော ဇယ်ကို ရာဇနာတိုဗစ်ကို ဘဲလ်ဂရိတ်မြို့တွင် သတ်ပစ်လိုက်သည်။ 

ဆားဗီယားတွင် ဂိုဏ်းစတားတို့ ပြိုင်ဆိုင်မှုမှာ အလွန်ကြောက်စရာ ကောင်းလှသည်။ မာကို ခေါင်းဆောင်သည့် လူမိုက်ဂိုဏ်းသည် လမ်းပေါ်တွင် တွေ့သမျှ ပစ်သတ်နေသောကြောင့် အရပ်သားများကလည်း စစ်ဖြစ်နေသည့်အလား ကြောက်နေကြရသည်။ သူ့ဂိုဏ်းတွင် သောင်းကျန်းနေသူများမှာ ဆွေမျိုးအုပ်စုက များသည်။ ဘဲလ်ဂရိတ်ရှိ သံတမန်များက “ဆားဗီးယားမှာ အုပ်စုလိုက် ရမ်းကားတာ အဆန်းတော့ မဟုတ်ဘူး။ အဆိုးဆုံးကတော့ မာကိုအုပ်စုပဲ” ဟု ဆိုကြသည်။ သူ့လက်ချက်ကို ကြောက်ကြသောကြောင့် အချို့ဂိုဏ်းခေါင်းဆောင်များ နိုင်ငံခြားသို့ ထွက်ပြေးသွားကြသည်။ ၁၉၈၇ ခုနှစ်က နိုင်ငံခြားသို့ ထွက်သွားသော လူဆိုးဂိုဏ်းသားများ ယူဆောင်သွားသည့် ငွေကြေး တန်ဖိုးမှာ စတာလင်ပေါင် သန်း ၃၀၀ ခန့် ရှိသည်။

သူမြို့ထဲထွက်လျှင် စေ့စေ့ပင် မကြည့်ဝံ့ကြပေ။ တစ်ခါက မသန်စွမ်းသူတစ်ဦးက သူ့ကို စိုက်ကြည့်သည်ဆိုပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံရသည်။ သူ့မွေးဇာတိဖြစ် စသည့် ပိုဇာရီဗက်တွင် လိုလက်စ်အမည်ဖြင့် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်သည်။ လမ်းထွက်လျှင် သက်တော်စောင့် ငါးယောက် အမြဲပါသည်။ သပိတ်မှောက် ခေါင်းဆောင် နီဘိုဆာ ဆိုကိုလိုဗစ်ကို သူ့လူများ လွှတ်ပြီး အရိုက်ခိုင်းသည်။ သူ့သက်တော်စောင့်များသည် အနက်ရောင် သားရေဂျာကင်များ ဝတ်ဆင်ထားပြီး ကားနက်ကြီးများဖြင့် မြို့ထဲတွင် မကြာခဏ တွေ့ရသည်။ နီဘိုဆာ အရိုက်ခံရသည်မှာ မီကို မြို့ထဲလာစဉ် လမ်းပိတ်ပြီး ဆန္ဒပြနေသောကြောင့် ဖြစ်သည်။

ဘဲလ်ဂရိတ်ရှိ Glas သတင်းစာသည် မာကို ရမ်းကားသမျှ ဖွင့်ချလိုက်သည်။ သတင်းစာတိုက်ကိုသွားပြီး သေနတ်တယမ်းယမ်းလုပ်ကာ ရုံးခန်းများကို ရိုက်ချိုးဖျက်ဆီးသည်။ သူ့အမည်ကို သတင်းစာထဲထည့်သည့် သတင်းရေးသမားကိုလည်း ထုတ်ပေးရန် ခြိမ်းခြောက်သည်။ 

Vreme သတင်းစာမှ အယ်ဒီတာဖြစ်သူ ဖီးလစ် ရှက်ဝမ်းက “ဒီကောင်က တခြားကမ္ဘာမှာ နေတဲ့ကောင်။ NATO ကို ဗုံးကြဲခံရတုန်းက ဒီကောင် စစ်ဝတ်စုံကြီး တကားကားနဲ့ သူပိုင်တဲ့ ဘန်ဘီလန်း ပန်းခြံထဲကနေ လက်နက်တွေနဲ့ ခုခံတယ်” ဟု ဆိုသည်။

သူ့ဂိုဏ်းသားများသည် ဗော့ဇ်ဒိုဗစ်မြို့ ဝန်းကျင်ကို ထိန်းချုပ်ထားသည်။ သူတို့က မူးယစ်ဆေးဝါးများ ရောင်းသည်။ ဥရောပက ခိုးလာသည့် ကားများကို ပြန်ပြီး အရောင်းအဝယ် လုပ်သည်။ မြို့ထဲတွင် ဆောက်လုပ်သမျှ လုပ်ငန်းတိုင်းကို လက်ဝါးကြီး အုပ်ထားသည်။ တစ်ကြိမ်တွင် မာကိုတစ်ယောက် သေနတ်အပစ်ခံရသည်။ မျက်နှာကို လျှပ်ထိသည်။ မည်သူပစ်သွားမှန်း မသိသော်လည်း မားဖီးယားဂိုဏ်းသားတို့ နယ်မြေလု စစ်ပွဲမှာ ပိုပြီး ကြီးမားလာခဲ့ရတော့သည်။ 

ကီးလီတက္ကသိုလ်မှ ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ဝင် ညွှန်ကြားရေးမှူး ဒေါက်တာ မာ့ခ် ဂါလီယိုတီက “ဆာဗီးယားဟာ ရာဇဝတ်မှုတွေကို ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ။  နိုင်ငံရေးအရ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ လိုနေပြီ။ လူတွေက အကျင့်စာရိတ္တတွေလည်း ပျက်ယွင်းနေကြတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအသစ် တစ်ခုကို ပြောင်းလဲဖို့ လိုနေပြီ” ဟု ဆိုသည်။ သူက -

“သမ္မတ ဆလိုဘိုဒန် မီလိုဆာဗစ်က နိုင်ငံရေးမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ရှင်သန်နေရတာ။ သူ့အာဏာ တည်မြဲဖို့ဆိုတာ သူ့သားလုပ်နေတဲ့ မှောင်ခိုလုပ်ငန်းတွေက မရှိမဖြစ်ကို လိုအပ်နေတာ” ဟုလည်း ရှင်းလင်းခဲ့သည်။ 

ဆလိုဘိုဒန် မီလိုဆာဗစ် အာဏာမရမီက ၇ နှစ်ခန့် ကတည်းက နိုင်ငံတွင် အကျင့်ပျက် လာဘ်စားမှုများ ထွန်းကားနေသည်။ ထို့နောက် ၁၉၈၇ ခုနှစ်တွင် သူအာဏာရလာသည်။ သူ့ကြောင့် ဆာဗီးယားရှိ လူဆိုးဂိုဏ်းများကို ဖမ်းမရဆီးမရ လွှတ်ပေးထားရသည်။ လူဆိုးဂိုဏ်းများအတွက် သမ္မတက အပြည့်အဝ အကာအကွယ် ပေးထားပြီး သူလည်း ရပ်တည်နေနိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ဖခင်ဖြစ်သူ ဆလိုဘိုဒန် မီလိုဆာဗစ် သမ္မတရာထူးက ပြုတ်သွားသည်။ သူ့နေရာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရ တက်လာသည်။ ဖခင်လက်ထက် အာဏာနှင့် အကာအကွယ် ပေးထားသည့် လုပ်ငန်းများသည် အခြေအနေမကောင်း ဖြစ်လာသည်။ မာကို၏ ပိုင်ဆိုင်ထားသော ငွေကြေးများနှင့် ပစ္စည်းများကလည်း စိတ်မချရတော့ပေ။ သူဖွင့်ထားသည့် ကလပ်နှင့် လုပ်ငန်းများကိုလည်း ဒီမိုကရေစီ ဘက်တော်သားများနှင့် သူ့ဖခင်ကို ဆန့်ကျင်သူများက ဖျက်ဆီးလိုက်ကြသည်။ 

မာကိုတစ်ယောက် အခြေအနေမကောင်းသဖြင့် မော်စကိုသို့ ဇနီးနှင့်သား၊ ညီမဖြစ်သူ မာရီယာ၊ မိခင်၊ ဦးလေးတို့နှင့်အတူ ထွက်ပြေးသည်။ ဘဲလ်ဂရိတ် မှ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ထွက်ပြေးခဲ့ကြသည်။ သူတို့အားလုံး ရုပ်ဖျက်ထားကြ သည်။ သူ့ဇနီးက မုတ်ဆိတ်အတုကြီး တပ်ထားသည်။ 

လေယာဉ်လက်မှတ်ကို မိသားစုလိုက် ယူထားသည်။ လူနာမည်တွေလည်း ပြောင်းထားသည်။ ယူဂိုစလဗ် JAT လေကြောင်းလိုင်းဖြင့် ထွက်ပြေးကြခြင်း ဖြစ်သည်။ လေဆိပ်မှ ဝန်ထမ်းများက သူတို့ ယူဆောင်သွားသည့် အိတ်များကို ဖွင့်၍ပင်မကြည့် လေယာဉ်ပေါ် တက်ခွင့်ပြုလိုက်ကြသည်။ 

မာကိုတစ်ယောက် အသက်ရှင်လျက် တိုင်းပြည်က ထွက်သွားနိုင်သည် ဆိုခြင်းမှာ အလွန်ကံကောင်းသည်ဟု ဆိုရမည်။ သူ့မိသားစုကို မည်သူမှ တာဝန်မယူနိုင်သဖြင့် အလွယ်တကူ ထွက်ခွင့်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် တိုင်းပြည်တွင်း ကျန်ခဲ့သည့် သူ့ဂိုဏ်းသားများနှင့် မည်သို့ အဆက်အသွယ်ရှိမှန်းတော့ မသိ။ မတရား ရှာထားသည့်  ငွေများလည်း မည်သို့ ထုတ်နိုင်မှန်းမသိ။ ရုရှားနိုင်ငံတွင် ချမ်းသာစွာဖြင့် နေထိုင်နိုင်သည့် အဆင့်မှာ တော်ရုံအဆင့်နှင့်လည်း မရနိုင်ပေ။

မာကိုသည် တရုတ်ပြည် ဘေဂျင်းတွင် နေထိုင်ခွင့်ရရန် ကြိုးပမ်းသေးသည်။ သို့သော် သူ့ကို တရုတ်အစိုးရက ရုရှားသို့ ပြန်ပို့လိုက်သည်။ နိုင်ငံကူးလက်မှတ်အတုဖြင့် ဝင်လာသောကြောင့် ဖြစ်သည်။ 

သူဘေဂျင်းသို့ လာရောက်ရသည်မှာ အကြောင်းရှိသည်။ တရုတ်ဘဏ်များတွင် သူပိုင်ငွေ စတာလင် ပေါင်သန်း ၁၀၀ ခန့်ကို ထုတ်ယူလို၍ ဖြစ်သည်။ မာကို ရုရှားသို့ ထွက်သွားပြီးနောက် ဆားဗီးယားတွင် အခြားမားဖီးယားဂိုဏ်း တစ်ဂိုဏ်းက သူယခင်လုပ်ကိုင်ခဲ့သော လုပ်ငန်းများနှင့် နေရာများကို သိမ်းပိုက်လိုက်သည်။ မာကိုသည် ရုရှားတွင် နေသည်ဆိုသော်လည်း ယနေ့တိုင် မည်သည့်နေရာတွင် နေထိုင်မှန်း မသိကြပေ။ ရုရှားအစိုးရကလည်း မာကို၏ မိသားစုကို ပြည်ပြေး ဒုက္ခသည်များအဖြစ် လက်ခံထားသည်။ မာကိုအား ဆားဗီးယား အစိုးရက အလိုရှိသူအဖြစ် အမိန့်ထုတ်ထားသည်။ ဖခင်ခေတ်ကောင်းစဉ်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကြောင့် ဖြစ်သည်။ သူ့ကို ဥရောပသမဂ္ဂကလည်း ခရီးသွားလာခွင့်များ ပိတ်ပင်ထားသည်။ 

မာကို၏ ဖခင်ဇာတ်သိမ်းကလည်း ကောင်းလှ သည် မဟုတ်ပေ။ ဆလိုဘိုဒန်ကို  နောက်တက်လာသည့် အစိုးရက ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်။ သားသမီး၊ ဇနီးတို့ ရုရှားနိုင်ငံသို့ လွတ်မြောက် ထွက်ပြေးသွားနိုင်ခဲ့သော်လည်း သူ့ကို ၁၉၉၉ နှစ် မေလကတည်းက ဖမ်းဆီးထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ အစုအလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုများ၊ နိုင်ငံအတွင်းမှ ပြည်သူများကို အစုလိုက်အပြုံလိုက် နှင်ထုတ်မှုများ၊ နိုင်ငံရေးသမား ပြိုင်ဘက်များကို လက်စဖျောက် သုတ်သင်မှုများ၊ ဘာသာရေးဖိနှိပ်မှုများ၊ ထောင်ချဖမ်းဆီးမှုများ စသည့် လူမဆန်သော ပြစ်မှုများအတွက် စွဲချက်တင်ရန် ဖမ်းဆီးထားလိုက်သည်။ သားဖြစ်သူ မာကိုသည် အခြေအနေ မဟန်မှန်း သိသဖြင့် ၂၀၀၀ ပြည့်နှစ်မှ ရုရှားသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ 

ဆလိုဘိုဒန်ကို ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ The Hague တရားရုံးတွင် စတင်ကာ တရားစီရင်သည်။ စွဲဆိုထားသည့် အမှုများကို ကိုယ်တိုင်လျှောက်လဲသည်။ စစ်ဆေးမှု ၂ နှစ်ကြာသည့်တိုင် ပြီးဆုံးနိုင်ခြင်း မရှိပေ။ သူ့ကို စီရင်ချက်မချမီ ၂၀၀၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထောင်ထဲ၌ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ နိုင်ငံတော်ဈာပနအဖြစ် ငြင်းပယ်ခြင်း ခံရသည်။ ဆွေမျိုးအသိုင်းအဝိုင်းလောက်နှင့် ဇာတိမြေ ပိုဇာရီဗက်တွင် မြှုပ်နှံခဲ့ကြသည်။

ဆလိုဘိုဒန်၏ ဇနီးဖြစ်သူ မုဆိုးမ မာယာနာ မာကိုဗစ်သည် သားဖြစ်သူနှင့်အတူ ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ သူမကလည်း This is How it Was ဆိုသည့် စာအုပ်တစ်အုပ်ကို ထုတ်ဝေထားသည်။ ခင်ပွန်းဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခြင်းဟု ဆိုထားသည်။ သူမ၏ သမီးဖြစ်သူ မာရီယာကတော့ မွန်တီနီဂရိုးတွင် သွားရောက်နေထိုင်သည်။ သူတို့မိသားစု အားလုံးကို ဆားဗီးယားနိုင်ငံက အကျင့်ပျက်ခြစားမှုများ၊ မတရားပိုင်ဆိုင်မှုများ၊ လက်နက်များ ပိုင်ဆိုင်မှုများဖြင့် တရားစွဲရန် ပြင်ဆင်ထားသည်။ သားဖြစ်သူ မာကိုကိုလည်း နိုင်ငံခြားဘဏ်များတွင် ယူရိုငွေသန်းပေါင်း ၁၀ ဂဏန်းခန့် သိုဝှက်ထားမှုဖြင့် ဖမ်းဆီးရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်။ သို့သော် အာဏာရှင် ဆလိုဘိုဒန်၏ မိသားစုမှာ မော်စကိုတွင် ငြိမ်းချမ်းစွာ ရှိနေပါသည်။ 

(Ref: The Guardian, BBC News, Telegraph, Balken Insight)

ကျော်ဗလ

  • TAGS