News

POST TYPE

FEATURE

ထိုင်းလူမျိုးတို့၏ ဖခင်၊ ဘုရင်ကြီး ဘူမိဘော
ထိုင်းလူမျိုးတို့ တန်ဖိုးထားကာ လေးစားမြတ်နိုး ကိုးကွယ်ခြင်းကို ခံရသည့် ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်သည် သက်တော် ၈၈ နှစ်တွင် ကံတော်ကုန်သွားခဲ့ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ ထိုင်းဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၂ မိနစ်တွင် သတင်းဆိုးကို ကြားလိုက်ကြရသည့် ထိုင်းနိုင်ငံမှ ပြည်သူအပေါင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကြရရှာသည်။

ဘူမိဘော ဘုရင်ကြီးကို ချက်ကရီမင်းဆက် နဝမမြောက် ရာမမင်းဟုလည်း ခေါ်ကြသည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် နန်းသက်ပေါင်း ၇၀ ခန့် စိုးစံခဲ့သူအဖြစ် ထင်ရှားသည်။ 

ဘုရင်ကြီးသည် ထိုင်းနိုင်ငံအတွင်း မကြာခဏ ဖြစ်ပွားလေ့ ရှိသော မညီညွတ်မှုများ၊ ပဋိပက္ခများကို ကြားဝင်ထိန်းသိမ်းပေးရင်းက ပြေလည်သွားစေရန် ဆောင်ရွက်ပေးလေ့ ရှိသည်။ ကျေးလက်နှင့် မြို့ပြနေ ပြည်သူများထံ အရောက်သွားပြီး အားပေးစကားတွေ ပြောပေးတတ်သည်။ တိုင်းပြည်အတွင်း နိုင်ငံရေးပါတီများ အပြိုင်အဆိုင် များလာပြီး အင်အားလွန်ကဲစွာ ဖြစ်လာလျှင်လည်း ခေါ်ယူဆုံးမကာ တိုင်းပြည်မပြိုကွဲစေရန် ထိန်းသိမ်းပေးလေ့ရှိသူ ဖြစ်သည်။ 

စည်းမျဉ်းခံ ဘုရင်စနစ် ဆိုသော်လည်း ဒီမိုကရေစီ ထွန်းကားလာသည့် ခေတ်ကာလတွင် ထိုင်းဘုရင်ကြီးသည် ပဒေသရာဇ် သြဇာအရှိန်အဝါအတွက် များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။ သူ၏ နန်းစံကာလ အတွင်းမှာပင် ဒါဇင်နှင့်ချီသော စစ်တပ်၏ အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့သည် မဟုတ်ပါလား။ သူ့လက်ထက်တွင် စစ်တပ်က အာဏာသိမ်းပြီး စိုးမိုးအုပ်ချုပ်မှုများ ရှိခဲ့သည်။ ဆန္ဒပြသမားများကို သတ်ဖြတ်မှုများ လုပ်ဆောင်နေမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့နိုင်ငံ သူတို့လူမျိုးများအပေါ် ဘုရင်ကြီး ဘူမိဘော၏ သြဇာသက်ရောက်မှု အတိုင်းအတာကား အလွန်ကြီးမားလှပါပေသည်။

သူ့ကို ‘ပြည်သူ့ဘုရင်ကြီး’ ဟုလည်း ခေါ်ကြသည်။ ပြည်သူတွေ စိတ်နှလုံးထဲက ဖော်ထုတ်ပေးအပ်ထားသည့် ဘွဲ့ထူးဂုဏ်ထူး တစ်ခုလည်း ဖြစ်သည်။ ဘုရင်ကြီးက လူမှုရေးလုပ်ငန်းများ၊ ပရောဂျက်ပေါင်း များစွာလည်း လုပ်နေသည်။ ထို့ကြောင့်လည်း ပြည်သူအများစုက သူ့ကို နတ်ဘုရားတစ်ပါးသဖွယ် ရုပ်တုများ ထုလုပ်ကာ ကိုးကွယ်ကြသည်။ ထိုင်းတော်ဝင်မိသားစုသည် နိုင်ငံတော်၏ မျိုးချစ်စိတ်ဓာတ်ကို ဖော်ဆောင်ပေးသော အစဉ်အလာတစ်ရပ် အနေနှင့် သူ့ကို အလေးအမြတ် ပြုကြခြင်းလည်း ဖြစ်သည်။

“ဘုရင်ကြီးက ကျွန်တော့်ဘဝပါ။ သူက ကျွန်တော်တို့ရွာကို လျှပ်စစ်မီးနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ပေးခဲ့သူပါ။ သူက တိုင်းသူပြည်သားအားလုံး အပေါ် တစ်သားတည်း ဆက်ဆံပါတယ်။ သူဟာ ထိုင်းနိုင်ငံရဲ့ ပင်မအဓိကကျသူလည်း ဖြစ်ပါတယ်” ဟု အသက် ၄၉ နှစ်အရွယ် အနုပညာရှင် ကစ်တီသက် ခန်နန်စီရီက ဆိုသည်။

သမိုင်းတွင် ဘုရင်စနစ်ကို နှစ်သက်မြတ်နိုးစွာဖြင့် လက်ခံသော ပြည်သူများ နည်းပါသည်။ သက်တမ်းရှည် လက်ခံပြီး ချစ်ခင်ရန် ဆိုသည်မှာလည်း အလွန်မလွယ်သည့်ကိစ္စ ဖြစ်သည်။ ထိုင်းနိုင်ငံတွင်တော့ ဘူမိဘော၏ ရုပ်ပုံကို အိမ်တိုင်း၊ ဆိုင်တိုင်း၊ တစ်နိုင်ငံလုံး နေရာအနှံ့ အလေးအမြတ်ထားပြီး ချိတ်ဆွဲထားလေ့ ရှိကြသည်။ နှစ်ပေါင်းများစွာ ပြည်သူချစ်သော ဘုရင်တစ်ပါးဖြစ်ရန် မလွယ်သည့်ဂုဏ်ကို ဘူမိဘောသည် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုင်းနိုင်ငံ ရုပ်ရှင်ရုံများနှင့် တီဗီအစီအစဉ် တိုင်းတွင်လည်း အဖွင့်ကို နိုင်ငံတော်သီချင်းနှင့်အတူ ဘုရင့်ပုံတော်ကို ထုတ်လွှင့်ပြီး အလေးပြုကြသည်။ အခမ်းအနားတိုင်းတွင်လည်း အဖွင့်ကို ဘုရင့်အား ဂုဏ်ပြုပူဇော်လေ့ ရှိကြသည်။ ထိုအပြုအမူများသည် အနောက်တိုင်းသားများ အနေနှင့် ကြောင်တောင်တောင်နိုင်သည်ဟု ယူဆရသော်လည်း ထိုင်းနိုင်ငံသားများ၊ ဝန်ထမ်းများ အနေနှင့် ဘုရင်ကို ဖူးမြင်လိုက်ရသည်နှင့် ကိုယ်ကို ပြားပြားဝပ်ပြီး ဦးနှိမ်ချလိုက်ရန်သော် လည်းကောင်း၊ ဘုရင့်ခြေထောက်ကို ထိပြီး အလေးအမြတ် ပြုလိုက်ရခြင်းအား လည်းကောင်း အလွန်မွန်မြတ်သည့် အလေ့အထတစ်ခု အနေနှင့် ယူဆ လက်ခံကျင့်သုံးခဲ့ကြသည်။

နှစ်စဉ် ဒီဇင်ဘာ ၅ ရက်နေ့ရောက်တိုင်း ထိုင်းနိုင်ငံသူ နိုင်ငံသားတို့သည် အဝါရောင်ဝတ်စုံများ ဝတ်လေ့ရှိကြသည်။ အဝါရောင် ဆိုသည်မှာ ဘုရင်၏ အထိမ်းအမှတ်အရောင် ဖြစ်ပြီး ထိုနေ့တွင် ဘူမိဘော ဘုရင်ကြီးအတွက် မွေးနေ့ဆုတောင်းများကို ပြုလုပ်ကျင်းပလေ့ ရှိသည်။ ထိုနေ့တွင် ဘန်ကောက်ရှိ နန်းတော်ရှေ့တွင် အဝါရောင်ဝတ် လူထုကြီးက စုဝေးပြီး ဘုရင်ကြီးကို ပူဇော်လေ့ ရှိကြသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း စဉ်းစားနိုင်ပါသည်။ ထိုညတွင် ကောင်းကင်ကြီး တစ်ခုလုံး မီးပုံးပျံတွေ လွှတ်ကာ ‘ဖခင်ဘုရင်ကြီး’ အတွက် ချစ်မြတ်နိုးမှုများကို ပြသလေ့ ရှိသည်။ 

ဘုရင်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခြင်း ခံရသည့် နိုင်ငံများထဲတွင် ထိုင်းနိုင်ငံလောက် ဘုရင်အပေါ် ချစ်မြတ်နိုးသည့် နိုင်ငံမရှိဟု ဆိုနိုင်သည်။ ထိုင်းနိုင်ငံသားများအဖို့ ဘုရင်ကြီး ဘူမိဘောကို ချစ်မြတ်နိုးရမည် ဆိုခြင်းမှာ မွေးရာပါ တာဝန်တစ်ခုလို ဖြစ်နေသည်။ အချစ်ခံရခြင်း ဆိုသည်မှာ ချစ်အောင်လုပ်ပြ၊ နေပြမှ ရပါသည်။ ဘုရင်ကြီးသည် ပြည်သူတွေအတွက် ကောင်းကျိုးများစွာ ဆောင်ရွက်ပေးခဲ့သောကြောင့်လည်း သူ့လုပ်ဆောင်ချက်များသည် ပြည်သူတို့ ရင်ထဲကို ရောက်ခဲ့ရခြင်း ဖြစ်သည်။ 

“ဘုရင်ကြီးက ထိုင်းလူမျိုးတွေအတွက် ဖခင်တွေထက်တောင် ကောင်းပါတယ်။ တိုင်းပြည်ကြီး မီးလောင်နေပြီ ဆိုရင်တောင် ငြှိမ်းသတ်ပေးနိုင်မယ့်သူဟာ ဘုရင်ကြီးပဲ ဖြစ်ပါတယ်” ဟု အသက် ၅၉ နှစ် အရွယ်ရှိ အငြိမ်းစား တပ်မတော်သား ပန်ဘောပရာဒစ်က ဆိုသည်။

ဘူမိဘောကို ‘ဖွံ့ဖြိုးရေး ဘုရင်ကြီး’ ဟုလည်း ခေါ်ကြသည်။ ပြည်သူတွေ ဘာကို လိုအပ်နေသည်ကိုသိမှ ဖြည့်ဆည်းပေးတတ်မည်။ ဘုရင့်ပရောဂျက်ပေါင်း များစွာရှိသည်။ ပြည်သူတွေကို အစားအစာများ ပြည့်စုံလုံလောက်ရန် သာမက အခြေခံ လိုအပ်ချက်များအထိ ဖြည့်ဆည်းပေးရန် သူစီစဉ်ထားသည်။ 

ဘုရင်ကြီး နေထိုင်သော ဒူးဆစ်နန်းတော်ထဲတွင် သီးခြားအဆောင် တစ်ဆောင် ရှိသည်။ ချစ်တရာလာဒါ ဗီလာဟု ခေါ်သည့် ပန်းဥယျာဉ်ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဘုရင်ကြီးသည် ထိုအဆောက်အအုံထဲတွင် အမြဲတမ်း လေ့လာစမ်းသပ်မှုများ လုပ်လေ့ရှိသည်။ သူလေ့လာစမ်းသပ်နေသည်မှာ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် အသေးစား စက်မှုလုပ်ငန်းလေးများ ဖြစ်သည်။ ဘာတွေ စိုက်ပျိုးနိုင်သည်၊ ဘာတွေ ထုတ်လုပ်နိုင်သည် ဆိုသည့် တစ်ခုခုကို လေ့လာတွေ့ရှိပြီဆိုလျှင် သူက ပြည်သူများအတွက် ပရောဂျက်များ အနေနှင့် ပြန်လည်မျှဝေ လုပ်ကိုင်စေသည်။ 

သူထီးနန်းစိုးစံခဲ့သော ကာလတစ်လျှောက် ကျေးလက်ဒေသများနှင့် မဖွံ့ဖြိုး မတိုးတက်သေးသည့် ဒေသများကို မကြာခဏ သွားရောက်တတ်သည်။ ၁၉၅၂ ခုနှစ်ကတည်းက ထိုနေရာဒေသများအတွက် ပရောဂျက် လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို သတ်မှတ်ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

“ထိုင်းပြည်သူ ဆင်းရဲသားတွေကို သူ့ပရောဂျက်တွေကနေ အလုပ်အများကြီး ပေးနိုင်ခဲ့တယ်။ မိုးခေါင်တဲ့ ဒေသတွေမှာ မိုးအတုရွာဖို့ကအစ ဘုရင်ကြီးက လုပ်ပေးတယ်။ ပြည်သူတွေရဲ့ ဘယ်အရေးကိစ္စကိုမဆို သူက ဂရုစိုက်ပြီး ဖြေရှင်းပေးတယ်။ သူ့လောက် ဘယ်သူမှ ကျွန်တော်တို့အတွက် ဖြေရှင်းလုပ်ကိုင်ပေးတာမျိုးတွေ မရှိခဲ့ဖူးဘူး” ဟု စစ်သားဟောင်းကြီးက ဆိုသည်။

ဘူမိဘောသည် အသက်ထင်ရှား ရှိစဉ် ကတည်းက ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ UNDP က ချီးမြှင့်သည့် Human Development Lifetime Achievement Award ဆုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခြင်း ခံရသည့် ဂုဏ်ယူဖွယ် အကောင်းဆုံးဆု တစ်ခု ဖြစ်ခဲ့သည်။ ဆင်းရဲသော ပြည်သူများအတွက် မနေမနား လုပ်ဆောင်ပေးခဲ့သော မေတ္တာတရားကို ဂုဏ်ပြုသောဆု ဟူ၍လည်း ဆိုနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် အများဆုံး နိုင်ငံရေးအာဏာကို သိမ်းပိုက်အုပ်ချုပ်ထားသည်မှာ စစ်အစိုးရ အာဏာရှင်များသာ ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်သည့် အစိုးရအဖွဲ့နှင့် ဘုရင်ကြီး၏ လုပ်ဆောင်ချက်များမှာ အလွန်ခြားနားလှသည်။ 

ဘူမိဘောသည် ထိုင်းနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အဓိကနေရာ၌ ထိန်းသိမ်းချုပ်ကိုင်ထားနိုင်ခဲ့သူ တစ်ဦးဟု ပြောနိုင်ပါသည်။ ၁၉၉၂ ခုနှစ် ကတည်းက အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမား ဆုချင်ဒါနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ချမ်လုံဆရီမောင်တို့ကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ရုပ်မြင်သံကြားတွင် နှစ်ဦးစလုံးက ဘုရင်ကြီးရှေ့မှောက်တွင် ပြားပြားမှောက် ဂါရဝပြုကာ သင်ပုန်းချေလိုက်ကြသည်။

၁၉၉၇ ခုနှစ်တွင် အာရှတိုက်၏ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် ထိုင်းနိုင်ငံလည်း ခံခဲ့ရသည်။ ထိုသို့ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲ ကာလကို ဘုရင်ကြီးက မည်သို့ ရပ်တည်နေထိုင်ရမည်ကို လမ်းညွှန်ပြသနိုင်ခဲ့သည်။ သူက အကျပ်အတည်းကို အခွင့်အလမ်းများ အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်ဟု ဆိုရမည်။

ဘုရင်ကြီး ဘူမိဘောကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖွားမြင်ပါသည်။ အမေရိကန် ပြည်ထောင်စုရှိ မက်ဆာချူးဆက်၊ ကင်းဘရစ်ခ်ျတွင် မွေးဖွားခဲ့သည်။ ပထမဆုံး ထိုင်းနိုင်ငံ ပြင်ပတွင် ဖွားမြင်ခဲ့သည့် ဘုရင်တစ်ပါးဟု ဆိုရမည်။ သူ့ကို ဘူမိဘော အဒူယာဒက်ဟု အမည်ပေးခဲ့သူမှာ သူ၏ဦးရီးတော် သတ္တမမြောက် ရာမ ဖြစ်သည်။ နိုင်ငံတော်၏ ခွန်အား၊ အနှိုင်းမဲ့ စွမ်းအားရှင် ဆိုသည့် အဓိပ္ပာယ်ဖြင့် ထိုအမည်ကို ပေးခဲ့ကြောင်း သိရသည်။

ဘူမိဘောနှင့် သူ၏ မွေးချင်းနှစ်ယောက်မှာ ဖခင်သည် ၁၉၂၉ ခုနှစ်တွင် ကွယ်လွန်သွားသဖြင့် ဆွစ်ဇာလန်နိုင်ငံ၌ မိခင်၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ သူ့အစ်ကိုတော် အာနန္ဒမဟီဒေါသည် အသက် ၉ နှစ် အရွယ်တွင် ထိုင်းနိုင်ငံ၏ အဋ္ဌမမြောက်ဘုရင် ဖြစ်လာခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက် ထိုင်းနိုင်ငံမှ ဂျပန်တို့ ဆုတ်ခွာသွားပြီးနောက် မိသားစုသည် ထိုင်းနိုင်ငံသို့ ပြန်ရောက်လာသည်။ ၁၉၄၆ ခုနှစ် ဇွန်လတွင် အစ်ကိုတော် အာနန္ဒဘုရင် နတ်ရွာစံသည်။ ဦးခေါင်းတွင် သေနတ်အပစ်ခံထားရပြီး အိပ်ရာထဲတွင် သေဆုံးနေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ သေဆုံးရကြောင်း ယနေ့တိုင် ပဟေဠိ ဖြစ်နေရသေးသည်။

နောင်တော် ကွယ်လွန်သည့်အခါတွင် ဘူမိဘောသည် ဆွစ်ဇာလန်နိုင်ငံမှ ပြန်လာပြီး ထီးနန်းဆက်ခံသည်။ ထိုစဉ်က လော်စိန်းတက္ကသိုလ်တွင် သိပ္ပံနှင့် နည်းပညာရပ်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားနေရာမှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို ပြောင်းယူပြီး တိုင်းပြည်အုပ်ချုပ်ရေးကို စဉ်းစားပေးရတော့သည်။ 

ဘုရင်အသစ် အနေနှင့် တိုင်းပြည်ကို အုပ်ချုပ်ရန် ပြင်ဆင်နေချိန်မှာပင် ဇနီးလောင်းဖြစ်သော သီရိခေတ်နှင့် တွေ့ဆုံခဲ့ကြသည်။ ပဲရစ်သို့ ခရီးသွားစဉ် ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် စေ့စပ်လိုက်ကြပြီး ၁၉၅၀ ဧပြီ ၂၈ ရက်နေ့တွင် လက်ထပ်လိုက်ကြသည်။

ဘူမိဘောသည် ၁၉၅၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဖြစ်လာခဲ့သည်။ 

ပြည်သူချစ်သော ဘုရင်ကြီးမှာ ကံတော်ကုန်ရှာပြီ ဖြစ်သည်။ ထိုင်းနိုင်ငံ အနာဂတ်အတွက် မေးခွန်းပေါင်းများစွာ ထားခဲ့သည်။ 

“မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ဘုရင်ကြီးအကြောင်းကို ကျောင်းသင်ခန်းစာတွေထဲကနဲ့ သူတို့ မိသားစုတွေဆီကပဲ တစ်ဆင့်စကားအနေနဲ့ ကြားရတော့မယ်။ ကျွန်တော်တို့လို လက်တွေ့ခံစားရဖို့ အကြောင်းတော့ မရှိနိုင်တော့ဘူး။ ဘုရင်ဆိုတာ ဘယ်လိုလဲဆိုတာ မခံစားနိုင်တော့တဲ့ မျိုးဆက်သစ်တွေနဲ့ ထိုင်းနိုင်ငံဟာ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေ ဖြစ်သွားနိုင်ပါတယ်”

အထက်ပါစကားကို ပြောသူမှာ အသက် ၂၇ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးဖြစ်သူ ချိုလာဒါ ဟုတာရုံဖြစ်သည်။ ထိုင်းနိုင်ငံပြည်သူများ၏ စိတ်ထဲနှလုံးသားထဲတွင် ဘုရင်စနစ်၏ ချစ်စရာ မြတ်နိုးစရာကောင်းသော ကြည်ညိုမှုများ ပျောက်ပြီး ဒီမိုကရေစီလမ်းကို မည်သို့ ဆက်လျှောက်ကြမည်နည်း ဆိုသည်မှာ စောင့်ကြည့်ရန်သာ ဖြစ်သည်။ 

(Ref : Remembering Thailand's beloved King Bhumibol, Al Jazeera)

ကျော်ဗလ