News

POST TYPE

FEATURE

ဖုယွင်အလုပ်သမားသပိတ်တွင် ရိုက်နှက်ဖြိုခွဲသူများကို တရားစွဲရန် တိုင်းဝန်ကြီးချုပ်ပြော
19-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၈

ဖုယွင်အထည်ချုပ်စက်ရုံအနီး သပိတ်စခန်း အကြမ်းဖက်ရိုက်နှက်မှုကျူးလွန်သူများကို ပြည်ထဲရေးက အမှုဖွင့်တရားစွဲရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လမ်းညွှန်ခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်က ရန်ကုန်တိုင်းအစိုးရ အစည်းအဝေးတက်ရောက်ခဲ့သူ တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အောက်တိုဘာလ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန် (၂)၊ ကနောင်မင်းသားကြီးလမ်း၊ အမှတ် (၁၉၈/၁) ရှိ ဖုယွင်အထည်ချုပ် စက်ရုံတွင် ဖြစ်ပေါ်လျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားကိစ္စရပ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့်ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အကြမ်းဖက်မှုမဖြစ်စေဖို့ ပြည်ထဲရေးက သေချာကြီးကြပ်ဖို့၊ ဥပဒေချိုးဖောက်တာ ရိုက်တာနှက်တာတွေ သွေးထွက်သံယိုဖြစ်တဲ့ကိစ္စတွေကို ချိုးဖောက်သူကို တရားစွဲဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် လမ်းညွှန်ထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေး မောင်အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ (CTUM) နှင့် မြန်မာနိုင်ငံစက်မှုလက်မှုဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS) တို့ တက်ရောက်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဖုယွင်အလုပ်သမားသပိတ်ကို အသက်ညှာဆုံးဖြစ်အောင် ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

ယင်းအပြင် အလုပ်သမားပြဿနာကို အလုပ်သမားအဖွဲ့အစည်းများအနေနှင့် ILO အကူအညီနှင့်ဖြေရှင်းခြင်း၊ စက်ရုံပိုင်ရှင်၊ အလုပ်အပ်သူများနှင့် ချိတ်ဆက်ဖြေရှင်းခြင်းနှင့် သံရုံးများနှင့် ချိတ်ဆက်ဖြေရှင်းခြင်း နည်းလမ်းများသုံးပြီး သက်ညှာစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖုယွင်အလုပ်သမားသပိတ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အပေါ် ဆောင်ရွက်မည့်အခြေအနေနှင့် လက်ရှိဆောင်ရွက်ထားသည့် အခြေအနေကို The Voice  သတင်းစာက ဒဂုံဆိပ်ကမ်းရဲစခန်းမှ ဒုရဲမှူး ကျော်ဝင်းမောင်ထံ ဆက်သွယ်မေးမြန်းရာ ”ကျွန်တော် ဖြေကြားလို့မရပါ။ သတင်းထုတ်ပြန်ပါမယ်” ဟု ဆိုသည်။

လက်ရှိတွင် ဖုယွင်အလုပ်သမားသပိတ်သည် နှစ်လနီးပါးကြာမြင့်ပြီးဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားပြဿနာမှာ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။

ဖုယွင်အလုပ်သမားသပိတ်မှ ဆန္ဒပြသူများကို အောက်တိုဘာလ ၁၅ ရက်က စက်ရုံမှ ငှားရမ်းထားသည်ဆိုသော လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် အလုပ်သမား ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စက်ရုံကို ခဲများနှင့်ပစ်ပေါက်သူ သပိတ်ဝန်းရံသည့် ရပ်ကွက်နေပြည်သူ ၃ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားဆဲ ဖြစ်သည်။

J-18