News

POST TYPE

FEATURE

တရုတ်ရဲတပ်ဖွဲ့ လက်နက်ကိုင်၍ မြန်မာပိုင်နက်သို့ ဝင်ရောက်လာမှု မြန်မာအစိုးရ ကန့်ကွက်
18-Oct-2018


မူဆယ်၊ အောက်တိုဘာ ၁၇ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်နေမှုကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့က ၎င်းတို့၏ နယ်နိမိတ်ကို ကျူးကျော်သည်ဟုဆိုကာ မြန်မာဘက်အခြမ်းသို့ လက်နက်များကိုင်ဆောင်ဝင်ရောက်ပြီး အဆောက်အအုံဆောက်လုပ်နေမှုကို တားမြစ်ခဲ့သည့်အပေါ် မြန်မာအစိုးရက ကန့်ကွက်စာပေးပို့ခဲ့သည်။ 

မြန်မာပိုင်နက်အတွင်း ကြိုတင်အကြောင်းကြားညှိနှိုင်းထားခြင်းမရှိဘဲ လက်နက်ကိုင်ဆောင်ကာဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာ - တရုတ် နယ်စပ်ဒေသများစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အရ “နှစ်နိုင်ငံအရာရှိများသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ငြိမ်ဝပ်ပိပြားမှု ပူးတွဲထိန်းသိမ်းရန် ကိစ္စများမှတစ်ပါး လက်နက်များ၊ ခဲယမ်းမီးကျောက်များ (သို့မဟုတ်) ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို သယ်ဆောင်၍ အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမပြုရ” ဟူသည်ကို လေးစားလိုက်နာမှုမရှိကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းကို ကန့်ကွက်သည်ဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးက ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်အခြမ်းရှိ ဆင်ဖြူဈေး ကော်မတီရုံး အဆောက်အအုံ ဆောက်လုပ်လျက်ရှိသည့် မြေနေရာသည် တရုတ်နိုင်ငံဘက်အခြမ်းတွင် ပါဝင်နေသည်ဟုဆိုကာ အဆောက်အအုံဆောက်လုပ်နေမှုကို တရုတ်ရဲတပ်ဖွဲ့က လက်နက်များကိုင်ဆောင်ကာ လာရောက်တားမြစ်ကန့်ကွက်ခဲ့ခြင်းဖြစ်သဖြင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာဘက်အခြမ်းသို့ တရုတ်နိုင်ငံ ရွှေလီရဲစခန်းမှူး လီကျိန်ချန်နှင့်အတူ အင်အား ၃၀ ခန့်ပါဝင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဝင်ရောက်တားမြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လာရောက်ရာတွင် တင့်ကားသုံးစီး၊ စစ်ကားတစ်စီးနှင့် ကားငယ် ၁၁ စီးကိုလည်း တရုတ်ဘက်ခြမ်းတွင် ရပ်တန့်ထားခဲ့ကြောင်း မူဆယ်မြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်နေတဲ့နေရာကို မနက် ၈ နာရီလောက်က ရွှေလီရဲစခန်းက စခန်းမှူးလီကျိန်ချန်နဲ့ အင်အား ၃၀ က မြန်မာပြည်ဘက်ကို ဝင်ရောက်လာပြီး သူတို့နယ်မြေထဲ ကျူးကျော်တယ်လို့လာပြောတာ ၈ နာရီနဲ့ မိနစ် ၄၀ လောက်မှာ သူတို့ဝင်လာတဲ့အပေါက်က ပြန်ထွက်သွားကြတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

တရုတ်နိုင်ငံရွှေလီရဲစခန်းမှူးနှင့် လက်နက်ကိုင် ၃၀ ခန့်က မြန်မာ - တရုတ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင် Bp 81-82 အကြားတွင် မြန်မာဘက်ခြမ်း၊ မူဆယ်မြို့၊ ဆင်ဖြူဈေးကော်မတီရုံး (၃၃x၂၀x၁၃) ပေရှိ အဆောက်အအုံဆောက်လုပ်နေခြင်းကို လက်နက်များကိုင်ဆောင်ကာ လာရောက်ကန့်ကွက်ခဲ့သည့်အပေါ်  မူဆယ်မြို့ဒေသခံများက မကျေမနပ်ဖြစ်ကာ ကန့်ကွက်ဝေဖန်မှုများရှိခဲ့သည်။ 

အဆိုပါဖြစ်စဉ်အပြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ခေတ္တရပ်ဆိုင်းထားကြောင်း၊ တရုတ်ဘက်က ယခုကဲ့သို့ လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်တားမြစ်မှုနှင့်ပတ်သက်၍လည်း ကန့်ကွက်စာပေးပို့ခဲ့ကြောင်း မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

“နှစ်နိုင်ငံအကြားနယ်နိမိတ်ကိစ္စဖြစ်တာ သံတမန်နည်းနဲ့ နှစ်နိုင်ငံပြောဆိုရမယ်လေ။ ဒါကိုမြန်မာဘက်အထိဝင်လာပြီး လက်နက်နဲ့လာခြိမ်းခြောက်သလို ဖြစ်နေတယ်။ ပြီးတော့ နှစ်နိုင်ငံဝင်ပေါက်ထွက်ပေါက်ကမလာဘဲ သူ့တို့ဘက်အခြမ်း အုတ်တံတိုင်းနားကအပေါက်က ဝင်လာတာ”ဟု မူဆယ်မြို့ခံ ဦးမြင့်ထွန်းက ပြောဆိုသည်။

မူဆယ်မြို့၊ ဆင်ဖြူဈေးကော်မတီရုံးအဆာက်အအုံဆောက်လုပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်သည်။

အဆိုပါနေရာသည် တရုတ်ဘက်အခြမ်းနှင့် ချောင်းတစ်ခုသာခြားပြီး တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ တရားမဝင်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

R-07