News

POST TYPE

FEATURE

ကမ္ဘာကျော် သားတော်များ (ဘောလုံးရူးနှင့် အာဏာရူးတို့ တိုင်းပြည်)
13-Oct-2016 tagged as ဘောလုံး

ကွယ်လွန်သူ လစ်ဗျားနိုင်ငံ ခေါင်းဆောင် အာဏာရှင်ကြီး ကဒါဖီ၏ သားတော် အယ်ဆာဒီး (Al-Saadi Gaddafi) တစ်ယောက် ထောင်ထဲရောက်သည့် သတင်းများသည် ၂၀၁၅ ခုနှစ်၏ အထူးခြားဆုံး သတင်းများ ဖြစ်ခဲ့ရသည်။ တစ်ချိန်က လက်စောင်းထက်ခဲ့သော ခမည်းတော် ကဒါဖီကလည်း ရုပ်ပျက်ဆင်းပျက် သေပွဲဝင်ခဲ့ရပြီး ဖြစ်သည်။ သူ့ကိုယ်သူ ဘောလုံးသူရဲကောင်း တစ်ယောက်ပမာ ငွေတွေပုံပြီး အကုန်ခံခဲ့သည့် ဆာဒီးလည်း ယခုတော့ ထောင်ထဲရောက်သည့်အပြင် သေဒဏ်ကျခံရသည့် ဘဝသို့ပင် ရောက်ခဲ့ရသည်။ 

ဆာဒီးသည် ကဒါဖီ၏ တတိယမြောက် သားတစ်ယောက် ဖြစ်သည်။ သူ့ကို ၁၉၇၃ ခုနှစ်တွင် မွေးဖွားသည် ဆိုသောကြောင့် ယခုအခါ အသက် ၄၀ ကျော်နေပြီ။ သူ့ဖခင် မိုးကောင်းစဉ်က လစ်ဗျားနိုင်ငံ ဘောလုံးအသင်း၏ ကစားသမားတစ်ယောက် ဘဝကို ခံယူခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် လစ်ဗျားအထူးတပ်ဖွဲ့၌ တပ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လစ်ဗျားနိုင်ငံ ပြည်တွင်းစစ်ကာလတွင်း ဖခင်ဖြစ်သူ၏ အနီးကပ် စောင့်ရှောက်ရသူ ဖြစ်လာသည်။ သူ့ကို ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်နေ့၌ နိုင်ဂျာနိုင်ငံတွင် ဖမ်းဆီးခြင်း ခံရသည်။ လစ်ဗျားနိုင်ငံသို့ အကျဉ်းသားအဖြစ် လွှဲပြောင်းပေးအပ်ခြင်း ခံရသည်။ လစ်ဗျားအစိုးရသစ်က သူ့ကို လူသတ်မှုပေါင်းများစွာ အတွက် တရားစီရင်ပြီးနောက် သေဒဏ်ချထားကြောင်း သတင်းများ ထွက်လာခဲ့သည်။

၂၀၁၁ ခုနှစ် မတိုင်မီကတော့ ဆာဒီးတစ်ယောက် ဘုန်းမီးနေလ တောက်နေချိန်ဟု ဆိုရမည်။ ဘယ်လ်ဂျီယံနိုင်ငံသူ ဒါဖင်ကာ မာချီဗာဆိုသည့် အလှမယ်လေးတစ်ဦးနှင့် ခြောက်နှစ်တာမျှ တွဲခုတ်ခဲ့သည်။ မာချီဗာက အလှမယ်သာမဟုတ် အကမယ် အဖြစ်လည်း ကျော်ကြားသည်။ သူမ ပြန်ပြောပြချက်အရ သူ့ထံရောက်လာသည့် ဆာဒီး၏ လက်ကိုင်အိတ်ထဲတွင် ဒေါ်လာတွေက ထောင်သောင်းချီပြီး ပါလာတတ်သည်။ တစ်နှစ်လျှင် ဆာဒီးသုံးသည့် အသေးသုံးက ဒေါ်လာသန်း ၂၀၀ ကျော် ဖြစ်သည်။ 

မာချီဗာနှင့် ဆာဒီးတို့ စတွေ့စဉ်က ၂၀၀၄ ခုနှစ် ဖြစ်သည်။ ထိုစဉ်က သူမအသက်မှာ ၂၁ နှစ်ခန့်သာ ရှိသေးသည်။ စတိတ်စင်ပေါ်တွင် ကပြနေသည့် သူ့ကို ဆာဒီးက လာဖိတ်ခေါ်ခြင်း ခံလိုက်ရသည်။ “သားတော်လေးက နောက် တစ်နေ့တွင် ကရေဗီယံကို ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားမည်။ လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်သည်” ဟု အမှာတော် ရောက်လာသည်။ 

ဆာဒီးသည် ပြင်သစ်နိုင်ငံ ပဲရစ်သို့လည်း မကြာခဏ သွားတတ်သည်။ သူသွားစဉ် မာချီဗာလည်း နောက်တော်ပါးက ခစားသည့်ဘဝ ရောက်လာသည်။ သူတို့ နာမည်အကြီးဆုံး ဈေးအကြီးဆုံး ဟိုတယ်ကြီးများတွင် တည်းခိုကြသည်။ အခန်းခက တစ်ညလျှင် ဒေါ်လာ ၄၀၀၀ ကျော် ပေးရသည်။ မာချီဗာရသည့် လက်ဆောင်တွေကလည်း ဘူလ်ဂေးရီးယား ကျောက်မျက်ရတနာ တစ်စုံသည်ပင် ဒေါ်လာ ၃၀,၀၀၀ ခန့်တန်သည်။

ထိုစဉ်က ဆာဒီးသည် အီတလီ စီးရီးအေ ဘောလုံးအသင်းတွင် အဖွဲ့ဝင် ကစားသမား တစ်ယောက်ဘဝကို ခံယူထားသည်။ နာမည်ကျော် ကလပ်အသင်းများတွင် သူ့အမည်ကို တွေ့ရသော်လည်း ဝင်ရောက်ကစားမှုကိုတော့ သိပ်မတွေ့ရပေ။ သူ့က ဘောလုံးရူးပြီး ဘောလုံးသမား ဖြစ်ချင်သောကြောင့် ဘောလုံးလောကထဲတွင် လူလုံးပြနေသော်လည်း သူ့ဖခင်က သူ့ကို လေ့ကျင့်ပေးထားသည်မှာ အင်ဂျင်နီယာ စစ်သားဘဝ ဖြစ်သည်။ 

သူသွားလေရာတွင် ကိုယ်ရံတော် ခြောက်ယောက်က သူ့ဘေးပတ်လည်တွင် အမြဲပါသည်။ မာချီဗာ အဆိုအရ ဆာဒီးအတွက် ငွေရေးကြေးရေး ဆိုသည်မှာ ခြေသလုံး မွေးလောက်ပင် တန်ဖိုးမရှိဟု ဆိုသည်။

“သူ့မှာ လက်ဆွဲသေတ္တာအနက် တစ်လုံးကို ကိုင်တဲ့သူ တစ်ယောက် အမြဲပါတယ်။ အဲဒီသေတ္တာထဲမှာလည်း ဒေါ်လာတွေအပြည့်။ သူခေါ်လိုက်တာနဲ့ သံရုံးက လူတွေတောင် သူ့ဆီကို အရောက်လာကြရတယ်” ဟု သူမက ဆိုသည်။

သူ့ဘေးတွင် ထားသူများသည် များသောအားဖြင့် လစ်ဗျားနိုင်ငံသားများ ဖြစ်ကြသည်။ သူက ဘေးနားတွင် ခစားနေသူများကို ကျွန်တွေဟု ရင့်သီးရိုင်းစိုင်းစွာ ခေါ်တတ်သည်။ တစ်ခါတလေ စိတ်မထင်လျှင် ထိုသူများကို ပါးရိုက်တတ်သည်။ မာချီဗာအပေါ် ကောင်းသော်လည်း ကျန်သူများအပေါ် အတော်လေး ရိုင်းစိုင်းစွာ ဆက်ဆံသည်။ တစ်ခါက ပဲရစ်တွင် လမ်းဘေး၌ ဂစ်တာတီးပြီး သီချင်းဆိုနေသော သူတောင်းစား တစ်ယောက်ကို တွေ့သည်။ သူအလွန်သဘောကျသဖြင့် ဟိုတယ်ထဲ ခေါ်လာပြီး သူ့တစ်ယောက်တည်းကို ဖျော်ဖြေခိုင်းကာ ပိုက်ဆံတွေ ပေးလိုက်သည်။

ဟိုတယ်တွင် အခန်းငှားပါကလည်း အခန်းကြီးကြီးငှားပြီး တပည့်များနှင့် ညဘက်တွင် ပျော်ပျော်ပါးပါး သီချင်းဆိုသည်။ အကောင်းဆုံး ဆိုနိုင်သူကို ပိုက်ဆံဆုချသည်။ သူ့ကို အင်ဂျင်နီယာ ဆာဒီးဟုခေါ်လျှင် အလွန်သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် သူ့အစ်ကိုအား ဒေါက်တာမူတာဆင်းဟု ခေါ်နေကြသောကြောင့် ဖြစ်သည်။ 

ဆာဒီးကို မာချီဗာက ယောက်ျားစစ်စစ်ဟု ထင်ထားသော်လည်း တစ်ခါတစ်ရံ ယောက်ျားချင်း ဝတ်လစ်စားလစ်ဖြင့် ခုတင်တစ်ခုထဲတွင် ဖက်အိပ်နေကြသည်ကို တွေ့ရကြောင်း ပြောကြားသည်။ ကိုကင်းမူးယစ်ဆေးကိုလည်း သုံးတတ်ပြီး လိင်တူချင်း ဆက်ဆံတတ်သူအဖြစ် သူ့အကြောင်း ကောင်းကောင်းသိခဲ့ကြောင်း မာချီဗာက ဆိုသည်။

သားတော်လေး ဆာဒီးတစ်ယောက် ဘောလုံးရူးသဖြင့် လစ်ဗျားဘောလုံးအသင်းတွင် အသင်းဝင်တစ်ဦး ဖြစ်ခဲ့သည်မှာ ကဒါဖီ၏ သားတော် ဖြစ်သောကြောင့်ဟုပင် ဆိုရမည်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့တွင်လည်း ဆာဒီးသည် ချန်ပီယံလိဂ်အသင်း တစ်သင်း ဖြစ်သော ဘောလုံးအသင်း တစ်သင်းနှင့် လက်မှတ်ရေးထိုးကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ 

နိုင်ငံတော် ဘောလုံးအသင်းက ဆာဒီးကို မျက်နှာသာ ပေးကြရသည်။ လုံခြုံရေး အကြောင်းပြပြီး သူ့အမည်ကို ကြေညာခိုင်းခြင်း မပြုသော်လည်း လစ်ဗျားအသင်းတွင် သူပါဝင်နေသည်။ အီတလီ စီးရီးအေတွင် Perugia အသင်း၌ ၂၀၀၃ ခုနှစ်က အသင်းဝင် ကစားသမား ဖြစ်သွားပြန်သည်။ မာရာဒိုနာ ကိုယ်တိုင်က သူ့ကို လေ့ကျင့်ပေးသည်ဟုဆိုကြသည်။ မူးယစ်ဆေး သုံးစွဲထားမှု စစ်ဆေးစဉ် ကျသည်။ တစ်ကြိမ်သာ လူစားထိုးပြီး ပွဲထွက်ကစားခဲ့ဖူးကြောင်း ဆိုကြသည်။ ကစားပွဲများတွင် တစ်ပွဲမျှ ဝင်မကစားဘဲ ကစားသမားစာရင်းဝင် အဖြစ် လိုက်လုပ်ထားသည့် နာမည်ကျော် ကလပ်အသင်းပေါင်း များစွာလည်း ရှိသည်။ 

၂၀၀၅ ခုနှစ်က ဆာဒီးနှင့် New York Times အင်တာဗျူးတစ်ခုတွင် တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အရေးထက် ဘောလုံးသင်းအရေးက ပိုအရေးကြီးကြောင်း ပြောဆိုချက်များကို တွေ့လိုက်ရသည်။ သူက လစ်ဗျားဘောလုံး အသင်းကြီးကို နာမည်ကျော် နည်းပြကြီးများငှားပြီး ထိပ်တန်းပရိုအသင်းကြီးတစ်သင်း ဖြစ်စေရန် ထူထောင်သွားမည်ဟု ပြောလိုက်သည်။ 

သူသည် ငယ်စဉ်ကတည်းက ဘောလုံးရူးတစ်ယောက် ဖြစ်ခဲ့သည်။ သားဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ဖခင်အာဏာရှင် ကဒါဖီသည် ဘောလုံးကလပ်အသင်း တစ်သင်းကို ဝယ်ပေးခဲ့သည်။ ထရီပိုလီ Al Ahli အသင်းတွင် ဆာဒီးသည် တိုက်စစ်မှူး ဖြစ်လာသည်။ သူသည် ဘောလုံးအသင်းတွင် နံပါတ်မပါ ကိုယ့်အမည်ကို တပ်ခွင့်ရသည့် အခွင့်ထူးခံ ကစားသမားတစ်ဦး ဖြစ်လာသည်။ 

ဆာဒီးတစ်ယောက် ရှုပ်ချင်တိုင်း ရှုပ်နေသည်မှာ အာဏာနှင့် ငွေကြောင့်သာဖြစ်သည်။ ဖခင်က အကြီးစား အာဏာရှင်တစ်ယောက် ဖြစ်နေပြီး သားတော်များထဲတွင် ဆာဒီးကို အမေရိကန်သံတမန် လောက၌ပင် “သိုးမည်းတစ်ကောင်” ဟု ခေါ်ရလောက်အောင် ပြောင်မြောက်စွာ ဆိုးသွမ်းသည်။ သူသည် လစ်ဗျားနိုင်ငံ တပ်မှူးကြီးတစ်ဦး၏ သမီးနှင့် လက်ထပ်ထားသည်မှာ သူ့ကို နောက်ကွယ်တွင် လိင်တူဆက်ဆံသူဟု ပြောင်လှောင်မှုကို ရှောင်ရှားရန် ဖြစ်နိုင်သည်ဟုလည်း ယူဆကြသည်။

ဥရောပ ရဲတပ်ဖွဲ့များကလည်း သူ့ကို အရက်၊ မူးယစ်ဆေးနှင့် ပါတီပွဲများတွင် သောင်းကျန်းချင်တိုင်း သောင်းကျန်းတတ်သူဟု မှတ်တမ်းတင်ထားသည်။ အမျိုးသမီးများအတွက် သာမက အမျိုးသားများ အတွက်ပါ ငွေကုန်ကြေးကျ အများဆုံးခံပြီး လက်ဆောင်ဝယ်ပေးရခြင်းများကို နှစ်သက်သူ အဖြစ်လည်း မှတ်တမ်းများတွင် တွေ့ရသည်။ 

၂၀၁၁ ခုနှစ်သည် အာဏာရှင် မိသားစုတို့ ကံဆိုးမိုးမှောင်ကျသော ကာလ ဖြစ်သည်။ အာရပ်နွေဦး တော်လှန်ရေးကာလ ဖြစ်လာသည်။ ပြည်သူ့တော်လှန်ရေး ပေါ်ပေါက်လာပြီး  အာဏာရှင် ကဒါဖီကို ပြည်သူတွေက တရားစီရင်လိုက်သည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကဒါဖီ သေဆုံးကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၁ ရက်နေ့လောက် ကတည်းက အခြေအနေမဟန်မှန်း သိသောကြောင့် သားတော် ဆာဒီးတစ်ယောက် နိုင်ဂျာနိုင်ငံကို ထွက်ပြေးရသည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် လစ်ဗျားနိုင်ငံသို့ ပြန်အပ်ရပြီး ထရီပိုလ တရားရုံးတွင် သူကျူးလွန်ခဲ့သမျှသော ပြစ်မှုများအတွက် တရားစီရင်ခြင်း ခံရသည်။ 

၂၀၁၅ ခုနှစ်တွင် ထရီပိုလီတရားရုံး၌ သူ့ကို ရုံးထုတ်စစ်ဆေးသည်။ ၂၀၀၅ ခုနှစ်က ဘောလုံးသမား ဘာရှားအယ်လ်ရီယာနီကို သတ်ဖြတ်ခဲ့မှုကြောင့် ဖြစ်သည်။ ၂၀၁၅ သြဂုတ်လတွင် တရားရုံး၌ အစစ်ဆေးခံရန် ရောက်နေသော ဆာဒီးကို အခန်းတစ်ခန်းအတွင်း အစောင့်တပ်များက ရိုက်နှက်နေသည့် ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့လာသည်။ ခြေထောက်ဖြင့် ကန်ခြင်း၊ ပါးရိုက်ခြင်းများကြောင့် ငယ်သံပါအောင် အော်နေရသည့် ဘဝကို ရောက်သွားခဲ့ရသည်။ ဘဝအပြောင်းအလဲများကား သံဝေဂရစရာ ဖြစ်သည်။ 

ဘောလုံးသမား ရီယာနီကို ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်မှာ ၂၀၀၅ ခုနှစ်က ဖြစ်သည်။ မိသားစုဝင်များသည် မည်သူသတ်ကြောင်း သိသော်လည်း ထိုစဉ်က မပြောရဲ မဆိုရဲ နှုတ်ပိတ်နေခဲ့ကြရသည်။ ၂၀၁၁ ခုနှစ်မှ မိသားစုက ရီယာနီအတွက် တရားဥပဒေအတိုင်း အရေးယူပေးရန် တောင်းဆိုနိုင်သည်။ ထိုစဉ်က တရားခံဖြစ်သူ ဆာဒီးမှာ တိုင်းတစ်ပါးသို့ ထွက်ပြေးနေသည်။ ၂၀၁၅ ခုနှစ်ကျမှ သူ့ကို ပြည်သူ့တရားရုံးသို့ ထုတ်ကာ ဥပဒေအတိုင်း စီရင်ပိုင်ခွင့် ရခဲ့ကြသည်။

အသက် ၄၂ နှစ် ရှိနေပြီ ဖြစ်သော ဆာဒီးတစ်ယောက် ဆံပင်များကို ကတုံးကဲ့သို့ ထိုးဖြတ်ခြင်း ခံထားရပြီး ရုံးရောက်လာသည်။ လစ်ဗျားဥပဒေအရ သေဆုံးသူ၏ မိသားစုသည် သတ်သူကို ခွင့်လွှတ်ပါသည်ဟု ပြောလိုက်လျှင် သေဒဏ်အစား တစ်သက်တစ်ကျွန်းဒဏ် ပြောင်းလဲချမှတ်ပေးလေ့ ရှိသည်။ သို့သော် မိသားစုရင်ထဲတွင် ၁၀ နှစ်မျှ ခံစားခဲ့ကြရသည့် သောကကို အာဏာရှင်သား ဆာဒီးတစ်ယောက် ပြေပျောက်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ရီယာနီ သေဆုံးစဉ်က မိသားစုကို ရင်ခွဲရုံသို့ ခေါ်ပြသည်။ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက အိမ်ပြန်မလာတော့သည့် ရီယာနီအတွက် မိသားစု စိတ်ပူခဲ့ရသည်။ ရီယာနီသည် ဘောလုံးသမားကောင်းတစ်ဦး သာမက လစ်ဗျားအသင်း၏ နည်းပြကောင်း တစ်ဦးလည်း ဖြစ်ခဲ့သည်။ သူ့အလောင်းကို ပျောက်သွားပြီး သုံးရက်အကြာမှ ရေမြောင်းတစ်ခုအတွင်း တွေ့ကြရသည်။ မျက်နှာနှင့် တစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ထားခြင်း ခံခဲ့ရသည်။ 

ဆာဒီးကို ထရီပိုလီ တရားရုံးက စွဲဆိုခဲ့သော အမှုများတွင် ရီယာနီကို သတ်မှုတစ်ခုတည်း မဟုတ်  မြေမြှုပ်မိုင်းများနှင့် လက်နက်များကို ထုတ်လုပ်မှု၊ ၂၀၁၁ ခုနှစ် လစ်ဗျားနိုင်ငံအတွင်း ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများကို နိုင်ငံခြားမှ ကြေးစားတပ်များကို ခေါ်ကာ ဖြိုခွဲနှိမ်နင်းခိုင်းခဲ့မှုများနှင့်လည်း ပတ်သက်နေသည်။ 

ထရီပိုလီ တရားရုံးက ယခင်စစ်အာဏာရှင် လက်ထက် အစွမ်းထက်ခဲ့သော အုပ်ချုပ်ရေး အဖွဲ့ဝင်များကို အစုလိုက် အပြုံလိုက် ရုံးထုတ်ကာ တရားစီရင်မှုများ ပြုလုပ်ခဲ့သည်။ ဆာဒီး အပါအဝင် ကဒါဖီ လက်ထက်က အစွမ်းထက်ခဲ့သော အာဏာရှင် ၈ ဦးကို သေဒဏ်ချမှတ်လိုက်ကြသည်။ ယင်းတို့အထဲတွင် ထောက်လှမ်းရေး အကြီးအကဲ အဘဒူလာ အယ်လ်ဆီနုဆီနှင့် ကဒါဖီ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အယ်လ်ဘာဒါဒီအလီ မာမိုဒီတို့လည်း ပါဝင်သည်။ 

အာဏာနှင့်ငွေသည် အရာရာကို ဖြစ်စေသည်ဟု ထင်သော အာဏာရှင်တို့သည် ထင်တိုင်းလုပ်လေ့ ရှိကြသည်။ သတ်ချင်တိုင်း သတ်သည်။ ဥပဒေ ဆိုသည်ကို မထီမဲ့မြင် လုပ်ချင်တိုင်း လုပ်ကြသည်။ သို့သော် နာကြည်းချက်များ ပေါက်ကွဲတတ်သည့် အချိန်ကာလ တစ်ခုသည် တိုင်းပြည်တိုင်းတွင် တစ်ချိန်မဟုတ် တစ်ချိန် ရှိလာတတ်ပါသည်။ အာရပ်နွေဦးသည် အာဏာရှင် စုန်းပြူးများကို ဇာတ်သိမ်းမလှစွာဖြင့် နိဂုံးကို အရောက်ပို့နိုင်ခဲ့သော သမိုင်းတွင်သည့် လှုပ်ရှားမှု ဖြစ်ခဲ့ကြောင်း သက်သေထူနေသည်။

(Ref: Middleeast Eye, News Talk, New York Times, The Guardian)

ကျော်ဗလ