News

POST TYPE

FEATURE

မြောက်ကိုရီးယားသို့ ပုပ်ရဟန်းမင်းကြီး လာရောက်လည်ပတ်ရန် ကင်ဂျုံအန်း ဖိတ်ကြား
11-Oct-2018


ပြုံယမ်း၊ အောက်တိုဘာ ၁၀ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတရုံးက သတင်းထုတ်ပြန်သည်။ 

ပြုံယမ်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားစာကို တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းက လာမည့်သီတင်းပတ်အတွင်း ဗာတီကန်သို့ သွားရောက်လည်ပတ်ရာ၌ ပုပ်ရဟန်းမင်းကြီးထံသို့ ပေးပို့မည်ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဗာတီကန်အကြား ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်း မရှိပေ။ 

“ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌကင်ဂျုံအန်းက မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက်ကို သမ္မတမွန်ဂျေအင်းက မလွဲမသွေ ဖိတ်ကြားပြောဆိုပေးမှာ ဖြစ်ပါတယ်”ဟု သမ္မတမွန်ဂျေအင်း၏ ပြောရေးဆိုခွင့်ရှိသူ ကင်မ်အီကွမ်းက သတင်းထောက်များကို ပြောကြားသည်။ 

ယခုလို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကင်ဂျုံအန်းကိုယ်စား ပုပ်ရဟန်းမင်းကြီးအား ဖိတ်ကြားမှုပြုပေးခြင်းကိုကြည့်လျှင် မြောက်ကိုရီးယားနိုင်ငံ၏ ပြန်လည်သင့်မြတ်လိုသော အရိပ်လက္ခဏာများကို တွေ့မြင်ရမည်ဖြစ်သည်။ 

ကင်ဂျံအန်း၏ဖခင်ဖြစ်သူ ကင်ဂျုံအီ (ယခင်ခေါင်းဆောင်) သည် ပုပ်ရဟန်းမင်းကြီး ၂ ကို မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်က ဖိတ်ကြားခဲ့ဖူးသည်။ ထိုစဉ်က ပုပ်ရဟန်းမင်းကြီးက အကယ်၍ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ခွင့်ရမည်ဆိုပါက လွန်စွာ အံ့အားသင့်စရာကောင်းမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကင်ဂျုံအီလ်က ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။ ကင်ဂျုံအီ၏ ဖိတ်ကြားမှုကို တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ (ကွယ်လွန်) က ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် ဖိတ်ကြားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခင်ခရီးစဉ်မှာ မည်သည့်အခါကမျှ ဖြစ်မလာခဲ့ပေ။ 

AP သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများကို လက်သင့်ခံသည့် အချိန်ကာလရောက်မှသာ ပုပ်ရဟန်းမင်းကြီးအနေနှင့် သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု ဗာတီကန်က အသိပေးထုတ်ဖော်ထားသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ အခြေခံဥပဒေတွင် လွတ်လပ်စွာကိုးကွယ်ခွင့်ပါရှိပြီး နိုင်ငံတွင်း အစိုးရကထိန်းချုပ်ထားသော ဘုရားရှိခိုးကျောင်းများရှိသည်။ သို့သော် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အဆိုပါ ဘုရားရှိခိုးကျောင်းများသည် အပေါ်ယံဟန်ပြသဘောမျှသာ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

“တကယ်တမ်းကျတော့ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာမရှိပါဘူး” ဟု နိုင်ငံ တကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ သုတေသီတစ်ဦးက ပြောကြားသည်။ 

၂၀၁၄ ခုနှစ်က ထွက်ပေါ်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတွင် ခရစ်ယာန်များအနေနှင့် နိုင်ငံတော်ကထိန်းချုပ်ထားသော ဘုရားရှိခိုးကျောင်းထဲတွင်မဟုတ်ဘဲ ပြင်ပတစ်နေရာတွင် ဘာသာရေးလုပ်ဆောင်ချက်များ ပြုလုပ်မည်ဆိုပါက ပြင်းထန်စွာ ဖိနှိပ်ခံကြရကြောင်း ဖော်ပြထားသည်။

F-01