News

POST TYPE

FEATURE

နိုင်ငံရေးပါတီများ အခင်းအကျင်းနဲ့ ၂၀၂၀ လားရာ
01-Oct-2018

ဒီမိုကရေစီစနစ်ကို အဓိကပုံဖော်ပေးတာက မျှတတဲ့ရွေးကောက်ပွဲတွေဖြစ်ပြီး သူ့ကိုကျားကန်ပေးတာက များပြားလှတဲ့ နိုင်ငံရေးပါတီတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်တာနဲ့အညီ တိုင်းရင်းသား ၁၃၅ မျိုးစလုံး တစ်မျိုးကို တစ်ပါတီတည်ထောင်ထားကြသလိုမျိုးနဲ့ အခုဆိုရင် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီပေါင်းဟာ ၉၀ ကျော်ရှိပါတယ်။ ဒီ ၉၀ ကျော်ထဲကမှ ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်ထဲရောက်နေတဲ့ပါတီပေါင်းက ၂၀ ကျော်သာရှိပြီး ဒီပါတီတွေကတော့ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသားတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ နိုင်ငံရေးပါတီတွေများလာတာဟာ တစ်ဖက်ကကြည့်ရင်တော့ နိုင်ငံ့အရေးကိုစိတ်ဝင်စားပြီး ဥပဒေဘောင်ထဲက လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်ချင်ကြတဲ့အချက်လည်း ပါဝင်တာမို့ ကြိုဆိုရမယ့်ကိစ္စပါ။ ဒီလိုအခွင့်အရေးဆိုတာမျိုးကလည်း ယခင်တစ်ပါတီစနစ် ကျင့်သုံးတဲ့ကာလအပါအဝင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ ပြည်မနဲ့ တောင်တန်းဒေသအားလုံးက နိုင်ငံသားအားလုံး ဆုံးရှုံးခဲ့တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်မှုအနေနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းကဆိုရင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်အဆင့်အားလုံးအတွက် ကိုယ်စားလှယ် ၁၁၇၁ ရှိတဲ့နေရာမှာ ပါတီပေါင်း ၉၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့်လည်း နိုင်ငံရေးပါတီ ၇၀ ကျော်ကတော့ တစ်နေရာမှကို အနိုင်မရရှိခဲ့တာတွေ့ရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ယခင်ပါတီစုံဒီမိုကရေစီစနစ်စတင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ၂၀၁၈ ခုနှစ်အထိ ၈ နှစ်တာကာလမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းသွားတာ၊ ပေါင်းစည်းသွားတာမို့ လျော့နည်းသွားတဲ့ပါတီပေါင်းဟာ ၁၄ ပါတီရှိခဲ့တယ်လို့ဆိုပါတယ်။

အမှန်ဆို ၎င်းပါတီတွေသာ မဖျက်သိမ်းဘူးဆိုရင်တော့ ၁၀၀ ကျော် ရှိနေမှာပါ။ အခုဆိုရင်လည်း ထပ်တိုးပြီးဖွဲ့လာတဲ့ ပြည်မကပါတီတွေဖြစ်တဲ့ ဦးကိုကိုကြီးဦးစီးတဲ့ ပြည်သူ့ပါတီတို့၊ စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်တွေစုပေါင်းဖွဲ့ထားတဲ့ အမျိုးသားရေးပါတီဆိုတာတို့ မှတ်ပုံတင်ပြီး ဆက်လက်ပေါ်ပေါက်လာနေတာလည်း မြင်ကြရပါတယ်။ အမှန်တော့ အခုလက်ရှိ ရှိနေတဲ့နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်မှာ တိုင်းရင်းသားနယ်မြေတွေက တိုင်းရင်းသားတွေထူထောင်ထားတဲ့ ပါတီ ပေါင်း ၅၀ ကျော် ပါဝင်ပါတယ်။

ဒီအတွက်ပဲ လာမယ့်နိုဝင်ဘာ ၃ ရက်နေ့မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အခုလက်ရှိလွှတ်တော်ကိုယ်စားလှယ် အများဆုံးရပြီး အစိုးရဖွဲ့ခွင့်အာဏာရရှိထားတဲ့ NLD အဖွဲ့ချုပ်အနေနဲ့ စိုးရိမ်မှုတွေရှိနေတာမြင်ရပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ၎င်းတို့ပါတီအနေနဲ့ ဘာသာစကားမပေါက်တာ၊ ဖိအားပေးခံရတာတွေရှိတဲ့အတွက် ယခင်က နိုင်ခဲ့ဖူးတဲ့နေရာတွေမှာ ပြန်လည်အနိုင်ရအောင် ကြိုးစားရမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုပြင်းထန်ပြီး ပိုခက်ခဲလာနိုင်ကြောင်း၊ ဒီအတွက် နိုင်ငံရေးအသိမြင့်မားပြီး ပိုကြိုးစားရမှာဖြစ်ကြောင်း NLD ပါတ်ီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာ ၂၇ ရက်နေ့မှာဆိုခဲ့တာလည်း ကြားသိရပါတယ်။ 

အခုကြားဖြတ်မှာ လစ်လပ် ၁၃ နေရာအတွက် ပါဝင်ယှဉ်ပြိုင်မယ့်ပါတီ ၂၄ ခုရှိပြီး ကိုယ်စားလှယ်ပေါင်းက ၆၉ ဦးထဲမှာ တိုင်းရင်းသားပါတီက ၁၀ ပါတီလောက်က ၁၄ ဦးပါဝင်ပါတယ်။ ဒီနေရာမှာ ထူးခြားမှုရှိလာတာက သူတို့တိုင်းရင်းသားပါတီငယ်လေးတွေအနေနဲ့က သူတို့ရဲ့နယ်မြေ လစ်လပ်နေရာမှာတင် ဝင်ပြိုင်ကြတာမျိုးတောင် မဟုတ်တော့ဘဲ ရန်ကုန်ဆိပ်ကမ်းမြို့နယ်နဲ့ တာမွေမြို့နယ်တွေရဲ့ လစ်လပ်နေရာတွေမှာပါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာစီ ပါဝင်ယှဉ်ပြိုင်လာတာမျိုးထိ ခြေဆန့်လာနေတာ မြင်ရပါတယ်။ 

ဒီနေရာမှာ ဝင်ယှဉ်ပြိုင်ကြတဲ့ပါတီတွေရဲ့ ကွဲလွဲတဲ့ဆန္ဒတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ပြည်မကပါတီအများစုကတော့ သူတို့ပါတီတွေက ကိုယ်စားလှယ်တွေ အများစုအနိုင်ရပြီး လွှတ်တော်အတွင်းရောက်ရှိရေး၊ အခြားတိုင်းရင်းသားပါတီငယ်လေးတွေနဲ့စုပေါင်းပြီး ညွှန့်ပေါင်းဖွဲ့စည်းပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အဓိကထားရည်ရွယ်ကြပေမယ့် တိုင်းရင်းသားနယ်မြေကပါတီတွေကတော့ သူတို့လူမျိုးတွေရဲ့ အခွင့်အရေးတွေကို လွှတ်တော်အတွင်းမှာ တရားဝင်ပြောကြားခွင့်၊ တောင်းဆိုခွင့်တွေရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက်ပဲ သူတို့ပါတီငယ်လေးတွေ အားကောင်းလာရင်း ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်မှာကြည့်ရင် ရှမ်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတို့ဟာ ပြည်မထဲက အခြားအခြားသောပါတီတွေကို ကျော်ဖြတ်ပြီး ဒုတိယနဲ့ တတိယနေရာကို ရောက်ရှိလာခဲ့တာမြင်ကြရမှာပါ။ ဒီကနေမှ တစ်ဆင့်တက်ပြီး အခုဆိုရင် ရန်ကုန်မြို့ထဲအထိပါ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ ခြေဆန့်လာတာလည်း သတိထားမိကြမယ်ထင်ပါတယ်။

ဒါကိုမြင်သာအောင် ထပ်ပြောရရင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ စည်းရုံးရေးအတွက် ဟောပြောစဉ်တုန်းကတောင် သူတို့တိုင်းရင်းသားဒေသက မဲဆန္ဒရှင်ပြည်သူများတင်မကဘဲ ဗမာတိုင်းရင်းသားများအပါအဝင်ဆိုတဲ့ စကားမျိုးနဲ့ ပြည်မအထိပါ ခြေဆန့်ရင်း သူတို့ပါတီရဲ့မူဝါဒ၊ လုပ်ငန်းစဉ်တွေကို ဟောပြောခဲ့တာ ကြားရပါသေးတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တွေမှာဆိုရင် သူတို့တိုင်းရင်းသားပါတီငယ်လေးတွေဟာ အဓိကက သူတို့တိုင်းရင်းသားတွေအခွင့်အရေးအတွက် လုပ်ကြတဲ့ရည်ရွယ်ချက်ချင်းတူညီတာမို့ အချင်းချင်း စည်းရုံးပေါင်းစည်းပြီး ပါတီတွေကိုတောင် ပေါင်းစည်းခဲ့ကြတာလည်း မြင်ပြီးကြားပြီးဖြစ်ပါလိမ့်မယ်။ ဒီလို ပေါင်းစည်းကြခြင်းရဲ့ အဓိကကျတဲ့အချက်တစ်ချက်လည်း ရှိနေပါသေးတယ်။ ဒါကတော့ တိုင်းရင်းသားအချင်းချင်း မျိုးနွယ်စုချင်းတူညီတာနဲ့ နောက်တစ်ချက်ကတော့ မဲဆန္ဒရှင်ဖြစ်တဲ့ သူတို့တိုင်းရင်းသားတွေက တောင်းဆိုကြတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အချို့တိုင်းရင်းသား ပါတီငယ်လေးတွေကတော့ သူတို့ပါတီ ဆက်လက်ရပ်တည်နိုင်ဖို့ ဘဏ္ဍာရေးအခြေအနေအရ ပယ်ဖျက်လိုက်ကြတာရှိတယ်လို့လည်း သိရပါတယ်။ 

ဒါကိုကြည့်လိုက်တယ်ဆိုရင်ပဲ ယနေ့ကျွန်တော်တို့ပြည်မထဲက နိုင်ငံရေးပါတီတွေ အချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ နှိုင်းစာကြည့်လိုက်ရင် သူတို့ကို အတုယူအားကျဖို့လည်း ကောင်းလှပါတယ်။ သူတို့လိုမျိုးနွယ်စုလည်းတူပါလျက်၊ ဘဏ္ဍာရေးလည်း တောင့်တင်းကြပါလျက်၊ မဲဆန္ဒရှင်ပြည်သူတွေကလည်း ဆန္ဒရှိကြပါလျက်နှင့် မည်သည့်အတွက် ပေါင်းစည်းမလုပ်နိုင်ကြသလဲဆိုတာကို စဉ်းစားမရ ဖြစ်ကြရပါတယ်။ 

ပေါင်းစည်းလုပ်တယ်ဆိုတာက ပါတီတွေပေါင်းဖို့ချည်းပဲ ပြောနေတာမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ချင်းတူညီတဲ့ကိစ္စမျိုးတွေကို လက်ရှိအာဏာရပါတီနဲ့ပေါင်းလုပ်မယ်၊ အာဏာရပါတီကလည်း အခြားကိစ္စတွေဆိုရင် အခြားအာဏာမရတဲ့ပါတီတွေကိုပါ ဆင့်ခေါ်ပင့်ဖိတ်ပြီး ပေါင်းလုပ်ကြမယ်။ အချို့အချို့သော ပြည်မက အသီးသီးအသက ကွဲပြားခြားနားပြီး အပြိုင်းအရိုင်းထဖွဲ့နေကြတဲ့ ဗမာပါတီတွေအနေနဲ့လည်း နိုင်ငံနဲ့လူမျိုးအတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက်ချင်း တူညီနေတယ်ဆိုရင် ဘာလို့ပေါင်းပြီး လုပ်လို့မရနိုင်သလဲ။ သူ့ပါတီ ငါ့ပါတီ၊ သူအုပ်စု၊ ငါ့အုပ်စုနဲ့ ဝိဝါဒအမျိုးမျိုးကွဲပြီး ဗမာပါတီတွေအများကြီးထောင်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ မင်းအာဏာရှိတုန်း မင်းကြိုက်တာလုပ်၊ ငါအာဏာရရင် ငါကြိုက်တာလုပ်မယ်လို့များ ရည်မှန်းထားကြသလားဆိုတာ အခုလို အခြေအနေမျိုးမှာ လူထုက ဝေခွဲမရဖြစ်နေကြပြီ။

ဒီအတွက်ပဲ လက်ရှိအာဏာရပါတီက ဒုဥက္ကဋ္ဌလုပ်သူကတောင် ဖွင့်ပြောလာရတဲ့အခြေအနေအထိ ဖြစ်ခဲ့ပါပြီ။ သူဆိုလိုတဲ့တိုင်းရင်းသား နယ်မြေတွေမှာ စိန်ခေါ်မှုတွေများစွာရှိတယ်၊ နိုင်ခြေနည်းတယ်ဆိုတာ ဘာ့ကြောင့်လဲ။ ဘာဖြစ်လို့လဲ။ ဗမာပါတီတွေအချင်းချင်း ပြန်လည်သုံးသပ်သင့်ပါပြီ။ ပါတီတစ်ခုကလုပ်လို့ နည်းနည်းလမ်းလွဲနေရင် ဝိုင်းတည့်မယ်မစဉ်းစားဘဲ ကျန်တဲ့ပါတီတွေကစုပြီး ထစ်ခနဲရှိ သတင်းထထုတ်ပြန်တာမျိုး၊ ကိုယ့်ပါတီတွေအထဲမှာလည်း ပါတီဝင်အချင်းချင်း အထက်နဲ့အောက် ထစ်ခနဲရှိထုတ်မယ်၊ လာမယ့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခိုင်းတော့ဘူးဆိုတာမျိုးတွေ လုပ်သင့်နေကြသေးလားဆိုတာလည်း စဉ်းစားစရာပါ။

ဒီအတိုင်းဆိုရင် တဖြည်းဖြည်းနဲ့ ပြည်မက မဲဆန္ဒရှင်လူထုက မူဝါဒလမ်းစဉ်နဲ့ လုပ်ဆောင်မှုကောင်းတဲ့ပါတီတွေကို တဖြည်းဖြည်းရွေးချယ်လာကြတဲ့အခါ ကိုယ့်ပြည်မကပါတီတွေက ထင်ရာစိုင်းနေကြမယ်၊ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်နေကြမယ်ဆိုရင် သူတို့အကျိုးစီးပွားကိုကြည့်မယ့် တိုင်းရင်းသားပါတီတွေကို သွားပြီးမဲထည့်ကြလိမ့်မယ်။ အခုလက်ရှိ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာ တတိယနဲ့ စတုတ္ထနေရာရထားတဲ့ ပါတီတွေက ပထမနဲ့ ဒုတိယနေရာရသွားလိမ့်မယ်။ သူတို့တိုင်းရင်းသား ပါတီတွေက စုပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့လို့ နိုင်ငံတော်အာဏာကို ရယူသွားကြလိမ့်မယ်။ ဒီအခါ ပြည်မကပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အခြေခံကျတဲ့ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့အဖြေရလဒ်ကို လက်ခံကြရလိမ့်မယ်။ ဒါဖြစ်လာနိုင်သလား၊ မဖြစ်လာနိုင်သလားဆိုတာ ဒီကနေ့ အခြေအနေတွေအပေါ်မှာ သုံးသပ်ကြရပါလိမ့်မယ်။ ဖြစ်လာမယ်၊ မဖြစ်လာဘူးက အသာထားလို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်အရကြည့်ရင် မဲအများဆုံးရတဲ့ပါတီ၊ ကိုယ်စားလှယ်အရေအတွက်များတဲ့ပါတီက အစိုးရဖွဲ့ခွင့်ရှိတာမို့ တိုင်းရင်းသားပါတီထဲက ပါတီတစ်ခုခုက သူတို့ပါတီရဲ့မူဝါဒ၊ လုပ်ငန်းစဉ်တွေကောင်းပြီး ပြည်မကပါတီတွေထက် နိုင်ငံကို ဒီထက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရန်၊ ပြည်သူကို ဝမ်းဝခါးလှအောင်ထားနိုင်ရန် သူတို့မှာလည်း အခွင့်အရေးရှိနေပါတယ်။ ဥပမာအနေနဲ့ကြည့်ရင် အခုတောင် တာမွေနဲ့ ဆိပ်ကမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီက ပါဝင်ယှဉ်ပြိုင်လာတာကို မြင်ရနိုင်ပါတယ်။

ဒီအတွက် အထက်ဆိုခဲ့သမျှအပေါ် ပြန်ချုပ်ကြည့်ရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားပါတီတွေက ပြည်မထဲကမဲဆန္ဒနယ်တွေထဲကို ဝင်ရောက်အရွေးခံယှဉ်ပြိုင်ကြတာမျိုး ရှိလာနိုင်မှာဖြစ်တဲ့အတွက် သည်နေရာမှာ ဆိုလိုချင်တာကတော့ ပြည်မထဲမှာ အသီးသီးအသကရှိတဲ့ ဗမာပါတီတွေအနေနဲ့ ဒီမိုကရေစီစနစ်အရ ပါတီအစုံရှိကြရမှာ သဘာဝကျပါတယ်။ သူ့အုပ်စုနဲ့သူ တူရာစုနိုင်ငံရေးပါတီတွေဖွဲ့ပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနိုင်ငံ့အရေးကို ဥပဒေနဲ့အညီဆောင်ရွက်ကြတာ အလွန်သင့်မြတ်လှပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရတက်စ ၂၀၁၁ တုန်းကပြောခဲ့တဲ့ တူတာတွေကိုစုပြီး အရင်ပေါင်းလုပ်ကြပါ။ မတူတာတွေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြပါဆိုတာကို မမေ့ကြပါနဲ့။ ပြည်မထဲမှာ ပါတီတွေများ၊ လူတွေများပြီး ပွဲမစည်တာမျိုးမဖြစ်ကြပါစေနဲ့။ ထိုင်းနိုင်ငံမှာလို ရှပ်နီကတစ်မျိုး ရှပ်ဝါကတစ်ဖုံနဲ့ နောက်ဆုံးစစ်တပ်က အာဏာခဏခဏသိမ်းရတာမျိုးမဖြစ်ဖို့ အတုယူကြပါ။ ဂျာမနီနိုင်ငံကလို လက်ရှိညွှန့်ပေါင်းအစိုးရဖွဲ့ပြီး သူ့နိုင်ငံကောင်းအောင်လုပ်နေတဲ့စနစ်ကို အတုယူကြပါ။ သူတို့နိုင်ငံထဲက ပြည်နယ် ၁၆ ခုမှာကျင့်သုံးနေတဲ့ ပေါင်းစည်းဖက်ဒရယ်စနစ်ကို လေ့လာကြပါ။ သင်ယူကြပါ။ အခုလို အထွေထွေအကျပ်အတည်းကာလ ကျရောက်နေတဲ့အချိန်မှာ ပေါင်းစည်းညှိနှိုင်းလုပ်ကိုင်ကြပါ။ ဒါမှသာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ သင်တို့အတွက် ဖြစ်လာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ သူတစ်လူ ငါတမင်းနဲ့သာ လုပ်နေ၊ ပြောနေကြမယ်ဆိုရင် လွှတ်တော်ထဲဝင်နိုင်မယ့် ပြည်သူ့ထံကပေးမယ့် ဆန္ဒမဲတစ်မဲမှ ရနိုင်မယ့်လမ်းမမြင်မိပါကြောင်းနဲ့ ဆန္ဒမဲတွေဟာ အခြားပါတီတွေထံကိုသာ ဖြန့်ကူးရောက်ရှိသွားနိုင်မယ့်လမ်းစကို မြင်နေရပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ