News

POST TYPE

FEATURE

ရသစာပေအပါအဝင် ဘာသာရပ်လေးခု အဝေးသင်ကျောင်းသားမရှိ
09-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၉

ရသစာပေ၊ မြန်မာမှု၊ ပြည်သူ့ရေးရာနှင့် အိမ်တွင်းစီးပွားဘာသာရပ်များတွင် အထူးပြုလေ့လာသင်ယူမည့် အဝေးသင်ကျောင်းသားသစ်များမရှိတော့ဘဲ နောက်ဆုံးစတုတ္ထနှစ်ကျောင်းသားများသာရှိတော့ကြောင်း အဝေးသင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရှိရသည်။

ထိုဘာသာရပ်များ အထူးပြုသင်ယူသည့် ကျောင်းသားများအနေနှင့် ဘွဲ့ရပြီးလျှင် အသုံးချရန်နေရာမရှိသဖြင့် ပြင်ပလုပ်ငန်းခွင်မှ အဝေးသင်တက်သည့် ကျောင်းသားအများစုသည် အလွယ်တကူသင်ယူနိုင်မည့် မြန်မာစာ၊ သင်္ချာ၊ စီးပွားရေးဘာသာရပ် အချို့သာ အထူးပြုသင်ယူလာကြောင်း ကျောင်းသားများက ဆိုကြသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက “အဲဒီဘာသာရပ်တွေမှာတက်တဲ့သူက အရင်တုန်းကလူတွေ၊ နောက်ဆုံးနှစ် ကျောင်းသားတွေပဲ ရှိတော့တယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းသားတွေ ဒီဘာသာရပ်ကို အထူးပြုယူသူမရှိတော့ဘူး”ဟု ပြောဆိုသည်။

ယခုနှစ် ဝိဇ္ဇာ၊ သိပ္ပံအထူးပြုဘာသာရပ်အားလုံးအတွက် အဝေးသင်စာမေးပွဲများကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ထုတ်ပြန်ထားသည့် အဝေးသင်စာမေးပွဲအချိန်စာရင်းတွင် အဆိုပါဘာသာရပ် ၄ ခုကို စတုတ္ထနှစ်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက်သာ ဖော်ပြထားသည်။

ထို့ပြင် ယခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်လည်း အဝေးသင်တက္ကသိုလ် ဌာနခွဲများ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာဘာသာရပ်များကိုသာ အထူးပြုဘာသာရပ်အဖြစ် ပို့ချမည်ဖြစ်ကြောင်းပါရှိသည်။

မုံရွာတက္ကသိုလ်၊ မြန်မာစာဌာနလက်ထောက်ကထိက ဦးကျော်ဝေဖြိုးက “အစကတည်းက ဒီဘာသာရပ်တွေက စိတ်ဝင်စားမှု သိပ်မရှိတဲ့ဘာသာရပ်တွေ ဖြစ်တယ်။ စာတွေခက်တယ်လို့ မြင်ကြတယ်။ အဲဒါကြောင့် ဒီဘာသာရပ်တွေကို မယူကြဘူး။ မယူကြတော့ မသင်နဲ့လူတွေက တဖြည်းဖြည်းနည်းသွားပြီး မျိုးဆက်ပြတ်သွားတဲ့ပုံစံပေါ့”ဟု ပြောကြားသည်။

အဝေးသင်တက္ကသိုလ်များတွင် အဆိုပါဘာသာရပ်များကိုကောင်းမွန်စွာ သင်ကြားပေးပြီး ယင်းတို့ကို အထူးပြုယူသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အာမခံချက်ရှိလာလျှင် ယင်းဘာသာရပ်များကို စိတ်ဝင်စားသည့် ကျောင်းသားများ ပြန်လည်ပေါ်ထွက်လာနိုင်ကြောင်း ဦးကျော်ဝေဖြိုးက ပြောကြားသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အဝေးသင် အဝေးသင်ကျောင်းသားရေးရာတာဝန်ခံ ကိုကောင်းစည်သူဟိန်းက “မြန်မာမှုတို့၊ ရသစာပေတို့၊ အိမ်တွင်စီးပွားတို့ကကျတော့ ဒီဘာသာရပ်အပေါ်ကို လူကြိုက်များမှုမရှိတော့ဘူး။ ဒီဘာသာရပ်တွေရဲ့အသုံးချမှုကလည်း ဒီနိုင်ငံမှာ မတွင်ကျယ်သေးတဲ့အတွက် ကျောင်းသားတွေက ဒီမေဂျာကို မလျှောက်ကြဘူး”ဟု ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ငါးသိန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

J-19


  • VIA