News

POST TYPE

FEATURE

ဂေးတို့၏ နောက်ဆုံးခံတပ်
08-Sep-2018 tagged as



နယူးယောက်စီတီးတစ်မြို့လုံး သတင်းတွေပြန့်နေသည်။ Facebook ပေါ်တွင်လည်း ဝေဖန်မှုတွေညံနေသည်။ အလက်ဇန်းဒါး ဗဟိုအထက်တန်းကျောင်းတွင် ကျောင်းသားတွေက PRIDE ဆိုသည့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေကြသည်။ PRIDE ဆိုသည်မှာ People Respecting Individuality, Diversity and Equality ၏ အတိုကောက်ဖြစ်ပြီး အားလုံးတန်းတူညီမျှ ဆက်ဆံရေးကို အခြေပြုကာ လှုပ်ရှားလာသည့် လူငယ်များ၏ ဖော်ဆောင်မှုတစ်ခု ဖြစ်သည်။ တစ်နည်းပြောရလျှင် ဂေးတို့သည် သူတို့အတွက် နောက်ဆုံးခံတပ်တစ်ခုကို အခိုင်အမာတည်ဆောက်ရန် အမေရိကတွင် ကြိုးစားနေကြခြင်းဖြစ်သည်။ 

ကျောင်းတွင် လိင်မခွဲခြားသည် အနားယူအပန်းဖြေခန်းကို သီးခြားထားတော့မည်ဆိုသည့် သတင်းများ ကောလာဟလအဖြစ် ပေါ်ထွက်နေသည်။ လိင်တူ ဆက်ဆံခြင်းကို အလေးပေးသည့် ကျောင်းသင်ရိုးများလည်း ပေါ်လာတော့မည်၊ လိင်တူဆက်ဆံခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို ကျောင်းတွင် ပြုလုပ်တော့မည်ဆိုသည့် သတင်းတွေလည်း ပေါ်ထွက်လာသည်။

ကျောင်းတွင် PRIDE ဆိုသည့် လိင်မခွဲခြားရေးလှုပ်ရှားမှုများကို လုပ်ဆောင်တော့မည်ဆိုသော သတင်းက မြို့တွင်းနေ ပြည်သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။ နယူးယောက်စီတီး၊ တေလာဗီးလ်စ်မြို့ထုတ် သတင်းစာတွင်လည်း ဆောင်းပါးရှင်တစ်ဦးက မိမိတို့လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားများ ဘယ်လိုဖြစ်ကုန်ပြီလဲဟု စိုးရိမ်ကြီးစွာဖြင့် ထောက်ပြဝေဖန်ခဲ့သည်။

ကျောင်းတွင် PRIDE ဆိုသည့် ကလပ်ဖွင့်မည်ဆိုသော ကြော်ငြာများကို ကပ်ထားသည်။ ထိုကြော်ငြာများကို ဆုတ်ဖြဲခြင်းခံရသည်။ ထိုကျောင်းတွင် ကျောင်းသားပေါင်း ၁၃၅၀ ခန့်ရှိသည်။ ပိုစတာတွေက လိင်မခွဲခြားဘဲ အားလုံးတန်းတူညီမျှဖြစ်ရေးဆိုသော်လည်း ဆန့်ကျင်သူတွေကြောင့် အမုန်းတရားတွေဖြစ်ကုန်ကြသည်။ အချို့ကလည်း သမ္မာကျမ်းစာဖြင့် ခြိမ်းခြောက်မှုတွေလုပ်လာကြသည်။ သို့သော် ကျောင်းသားတွေ ကိုယ်တိုင်က ကျောင်းထဲက သမ္မာကျမ်းစာကို အပြင်သွားလျှင် ယူဆောင်သွားစရာမလိုဟု ဆန့်ကျင်ကြသည်။ 

စက်တင်ဘာလတွင် LGBT (Lesbian, Gay, Bisexual and Transgender) တို့ အတွက် ဈေးဦးပေါက်သည့် ပထမဆုံးသတင်းမှာ မလေးရှားနိုင်ငံ၌ လိင်တူဆက်ဆံသည်ဆိုသော အမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်ပေးခြင်းဖြစ်သည်။ မလေးရှား ဘာသာရေးခုံရုံးက ကားအတွင်း အမျိုးသမီးနှစ်ဦးသည် လိင်တူဆက်ဆံသည်ဆိုကာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ 

အသက် ၂၂ နှစ်နှင့် ၃၃ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးနှစ်ဦးအား မလေးရှားနိုင်ငံ၊ တရန်ဂါနူ ပြည်နယ်ရှိ ရှာရီယာခုံရုံးက တစ်ဦးကို ကြိမ်ဒဏ်ခြောက်ချက်စီ ပြစ်ဒဏ်ပေးခဲ့သည်။ ထိုပြည်နယ်တွင် လိင်တူဆက်ဆံသည်ဆိုကာ ပထမဆုံးပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများရှေ့မှောက်တွင်လည်း ပထမဆုံး ကြိမ်ဒဏ်စီရင်ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များက ထိုစီရင်မှုနှင့် ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ကြသော်လည်း ထိုနိုင်ငံတွင် လိင်တူဆက်ဆံခြင်းကို ဘာသာရေးအရရော၊ တရားဥပဒေအရပါ ခွင့်ပြုထားခြင်းမရှိသောကြောင့် ဘာမှအကာအကွယ် မပေးနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။

အမျိုးသမီးနှစ်ဦးအား ကြိမ်ဒဏ်စီရင်ခြင်းကို လူပေါင်း ၁၀၀ ကျော်ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှားပြည်တွင်းသတင်း The Star တွင်လည်း ဖော်ပြထားသည်။ သို့သော် မလေးရှားနိုင်ငံ အမျိုးသမီးများ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Women’s Aid Organisation က ထိုသို့ အပြစ်ပေးခြင်းအား အလွန်စိတ်ပျက်စရာကောင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအဖြစ် ဝေဖန်ခဲ့သည်။ 

မေလ ၁၇ ရက်နေ့ကလည်း တရုတ်နိုင်ငံတွင် LGBT လှုပ်ရှားမှုတစ်ခုအဖြစ် ပွဲတစ်ခုကို ကျင်းပပြုလုပ်ကြသည်။ LGBT အထိမ်းအမှတ်အဖြစ် ဆေးရောင်စုံ သက်တံ တံဆိပ်ကို ဝတ်ဆင်လာကြသော အမျိုးသမီးနှစ်ဦးကို 798 Art Zone နေရာတွင် တရုတ်အစောင့်ရဲ ငါးဦးက ဝိုင်းရိုက်ခဲ့ကြသည့်သတင်းမှာ တရုတ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Weibo ပေါ်၌ ပြန့်နှံ့သွားပြီး ဝေဖန်စရာဖြစ်ခဲ့ရသည်။ ထိုနေရာတွင် LGBT အဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ပြီး နှစ်သိမ့်မှုပေးသည့် (free-hug) လှုပ်ရှားမှုကို လာလုပ်စဉ် ရဲများက တံဆိပ်များကို ချွတ်ခိုင်းရာက စတင်ကာ ပြဿနာတက်ခဲ့ရခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ လိင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို တရုတ်နိုင်ငံတွင်လည်း ကျင်းပခဲ့သည်။ မထင်မှတ်ဘဲ လူအင်အားများစွာဖြင့် ချီတက်ပြီး ပူးပေါင်းပါဝင်လာကြကြောင်းတွေ့ရသည်။ လမ်းများပေါ်သို့ ကောလိပ်နှင့် တက္ကသိုလ်များမှ ကျောင်းသားများ ထွက်လာကြသည်။ သူတို့သည် သက်တံရောင်များပါသည့် တံဆိပ်များ၊ လက်ပတ်များနှင့် ရောင်စုံအင်္ကျီများကို ဝတ်ဆင်လာကြသည့်အပြင် လမ်းတစ်လျှောက် လိင်မခွဲခြားရေးအတွက် လက်ကမ်းစာစောင်များကိုလည်း ဝေခဲ့ကြသည်။ ကျောင်းသားများက LGBT များအတွက် ကိုယ်ချင်းစာပြီး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတကာတွင် LGBT ဆိုင်ရာ လှုပ်ရှားမှုများကို မကြာသေးမီနှစ်များကစတင်ပြီး လုပ်ဆောင်လာကြကြောင်း တွေ့ရသည်။ သို့သော် အချို့နိုင်ငံများတွင် ထိုအခွင့်အရေးလှုပ်ရှားသူများမှာ ပြစ်ဒဏ်များ ချမှတ်ခြင်းကို ခံနေကြရသေးသည်။ LGBT အခွင့်အရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် Equaldex အဖွဲ့က အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှနိုင်ငံများတွင် LGBT လှုပ်ရှားမှုများနှင့် လိင်တူအခွင့်အရေးတောင်းဆိုမှုများအား တရားမဝင်ကြောင်း ထုတ်ပြန်ထားပြီး ဖိနှိပ်နေသည့် နိုင်ငံပေါင်း ၇၃ နိုင်ငံရှိသည်ဟု ဆိုသည်။ 

အချို့သောနိုင်ငံများတွင် အမျိုးသားချင်း လိင်တူဆက်ဆံခြင်းမှာ ရာဇဝတ်မှုဖြစ်သည်။ လိင်တူဆက်ဆံသူများကို ဖမ်းဆီးခြင်း၊ ပြင်းထန်စွာအပြစ်ပေးခြင်း၊ ထောင်ချခြင်းစသည့်ကိစ္စများကို ပြုလုပ်နေသော နိုင်ငံများရှိနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ လက်ရှိ လိင်တူဆက်ဆံမှုကို သေဒဏ်ပေးသည့် နိုင်ငံရှစ်နိုင်ငံ ရှိသည်။ အီရန်၊ ဆူဒန်၊ ဆော်ဒီအာရေးဗီးယား၊ ယီမင်၊ ဆိုမာလီ ဒေသအချို့နှင့် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၊ ဆီးရီးယားနှင့် အီရတ်တို့ဖြစ်သည်။ ထိုနိုင်ငံများတွင် ရှရီယာဥပဒေများဖြင့် စီရင်နေကြခြင်းဖြစ်သည်။ 

ဩစတြေးလျနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး လိင်တူလက်ထပ်ခွင့်ကို ဥပဒေအရခွင့်ပြုပေးလိုက်သည်။ ဂျာမနီနိုင်ငံလည်း ယမန်နှစ်က စတင်ပြီး ဥပဒေကို ပြင်ဆင်ပေးလိုက်ပြီး လိင်တူလက်ထပ်ခွင့်ပေးလိုက်သည်။ မော်လ်တာ၊ ဘာမျူဒါနှင့် ဖင်လန်နိုင်ငံများတွင်လည်း လိင်တူလက်ထပ်ခွင့်များကို ခွင့်ပြုပေးလိုက်ကြောင်းနှင့် ဩစတြီးယားတွင် လာမည့် ၂၀၁၉ ခုနှစ်ကစတင်ပြီး လိင်တူလက်ထပ်ခွင့်များကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

LGBT သို့မဟုတ် GLBT ဆိုသည်မှာ (Lesbian, Gay, Bisexual, Teansgender) ၏ အတိုကောက်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ခန့်တွင် စတင်သုံးစွဲကြသည်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က LGB ဟူ၍သာ သုံးစွဲကြသော်လည်း နောက်ပိုင်းတွင် လိင်တူပေါင်းသင်းနေထိုင်ဆက်ဆံမှုကို ထောက်ခံသည့် အသိုင်းအဝိုင်းနှင့် အဖွဲ့ဝင်များက ပိုမိုစည်းလုံးညီညွတ်လာပြီး အဖွဲ့အစည်းသဘောဖြင့် လှုပ်ရှားလာသဖြင့် LGBT အဖွဲ့အစည်းဟူ၍ ပိုပြီးခိုင်မာလာခဲ့ကြောင်း တွေ့ရသည်။ ယခင်က လိင်တူချင်းပေါင်းသင်းနေထိုင်ဆက်ဆံသည့်သဘောကို homosexual အနေဖြင့် သုံးစွဲကြသည်။ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွင် homophile ဟူ၍ သုံးစွဲကြပြန်သည်။ နောက်ပိုင်းတွင် gay ဆိုကာ ၁၉၇၀ ဝန်းကျင်ခန့်တွင် သုံးစွဲလာကြသည်။ 

LGBT သည် လိင်တူချင်းပေါင်းသင်းဆက်ဆံ နေထိုင်မှုများကို လူ့ဘောင်အဖွဲ့အစည်းက အပြစ်တစ်ခုအနေဖြင့် ရှုမြင်ခြင်းအပေါ် ဆန့်ကျင်သူများဖြစ်သည်။ လိင်တူချင်း ပေါင်းသင်းနေထိုင် ဆက်ဆံသူများအား လူ့ဘောင်အဖွဲ့အစည်းကြီးက ဖယ်ထုတ်ခြင်းမရှိဘဲ အားလုံးတန်းတူညီမျှ လေးစားစွာ လက်ခံပြီး ဆက်ဆံပြောဆိုနေထိုင်ရန် လှုပ်ရှားမှုတစ်ခုအဖြစ်လည်း ထင်ရှားသည်။ နောက်ပိုင်းတွင် LGBTQ ဟူ၍ Q တစ်လုံးထပ်တိုးကာ သုံးစွဲကြပြန်သည်။ Q မှာ Queer နှင့် Questioning ကို ကိုယ်စားပြုသည်။ ၁၉၉၆ ခုနှစ်ခန့်တွင် စတင်သုံးစွဲသည်။ သူတို့၏ လိင်တူဆက်ဆံနေထိုင်မှုများမှာ လူ့ဘောင်လောကအတွက် ဘာများ ထူးဆန်းသနည်းဆိုသည့်သဘောဖြင့် မေးခွန်းထုတ်ထားသည့် သဘောဆောင်သည်။ နောက်ပိုင်း LGBTQ ဟူ၍လည်း သုံးစွဲကြသေးသည်။ သူတို့ကို လူ့ဘောင်အဖွဲ့အစည်းအတွင်း ထည့်သွင်းရန်၊ ဖယ်မထုတ်ရန်သဘောဖြင့် (inclusivity, including) သဘောဖြင့် I ကိုထည့်သွင်းကာ သုံးစွဲကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် LGBT+ ဆိုကာသုံးစွဲလာကြပြန်သည်။ LGBT နှင့် ဆက်စပ်နေသည့်အဖွဲ့အစည်းများကို ကိုယ်စားပြုကာ သုံးစွဲခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လိင်တူချင်းမွေ့လျော်သူပေါင်း ၄ ဒသမ ၈ သန်းခန်ရှိကြောင်း သိရသည်။ LGBT လှုပ်ရှားမှုများကလည်း ပိုပြီးကျယ်ပြန့်လာသလို နိုင်ငံတော်တရားရုံးချုပ်မှာပင် လိင်တူချင်း ပေါင်းသင်းနေထိုင် ဆက်ဆံရေးကို ခွင့်ပြုပေးရန် ဆွေးနွေးနေကြသည့်အဆင့်ကို ရောက်လာပြီဖြစ်သည်။ 

အိန္ဒိယနိုင်ငံတွင် လိင်တူချင်းလက်ထပ်မှုအား ခွင့်မပြုရုံမက သူတို့လူ့ဘောင်အဖွဲ့အစည်းကလည်း လက်သင့်မခံကြောင်းတွေ့ရသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် အမျိုးသမီးနှစ်ဦးက လိင်တူခြင်းလက်ထပ်ရန် တင်ပြလာခြင်းအပေါ်ခွင့်ပြုလိုက်သဖြင့် မကျေနပ်သော ဘာသာရေးအဖွဲ့အစည်းများက ဆူပူသောင်းကျန်းခဲ့ကြသည်။ သူတို့နှစ်ယောက် လက်ထပ်ပြီးနောက် မိတ်ဆွေနှင့် ဆွေမျိုးအသိုင်းအဝိုင်းများက ခြိမ်းခြောက်ကြသောကြောင့် ဒုက္ခရောက်ခဲ့ကြရသည်။ 

သူတို့နှစ်ဦးကို ရန်ရှာဒုက္ခပေးလျှင် တရားရုံးက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့ရသည်။ သို့သော် ကျေးရွာရှိ လူကြီးများကလည်း မိမိတို့ရွာဓလေ့ထုံးစံအတိုင်း ရွာခုံရုံးကိုတင်ပြီး အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်းပြောသည်။ သူတို့အတွက် တစ်လမ်းသာရှိသည်။ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းခေါ်ရွာနှင့် လူမျိုးစုအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်မှုဖြင့် စီရင်ခြင်းခံရန်သာဖြစ်သည်။ ရဲတပ်ဖွဲ့က လာရောက်ပြီး လက်ထပ်ထားသည့် အမျိုးသမီးနှစ်ဦးကို လုံခြုံရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်အထိ ဖြစ်ပွားခဲ့ဖူးပါသည်။ 

၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင်လည်း လိင်တူအခွင့်အရေးတောင်းဆိုမှုများကို နှိမ်နင်းခဲ့ကြောင်းတွေ့ရသည်။ LGBTQ လှုပ်ရှားမှုများကို ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် လူပေါင်းရာနှင့်ချီပြီး ထိန်းသိမ်းခံခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံက လိင်တူပေါင်းသင်းဆက်ဆံခြင်းများကို ခွင့်မပြုရုံသာမက ကျူးလွန်သူများကို ထောင်ဒဏ် ၅ နှစ်နှင့် အထက် ချမှတ်နိုင်သည့် ဥပဒေများကို ထုတ်ပြန်ထားကြောင်းလည်း တွေ့ရသည်။ 

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုတွင်မူ မုန့်ဖုတ်သမားတစ်ဦးက လိင်တူစုံတွဲတစ်တွဲ၏ လက်ထပ်ကိတ်မုန့်ကိုလုပ်ပေးရန် ငြင်းဆန်သဖြင့် တရားရုံးတွင် တရားစွဲဆိုခြင်းကို လက်ခံစီရင်ပေးနေကြောင်း တွေ့ရသည်။ 

၂၀၁၆ ခုနှစ် LGBTI လေ့လာမှုစစ်တမ်းတစ်ခုတွင်လည်း ဘိုလီဗီးယား၊ အီကွေဒေါ၊ ဖီဂျီ၊ မော်လ်တာနှင့် ဗြိတိန်နိုင်ငံငါးနိုင်ငံသည် လိင်တူအခွင့်အရေးများကို အပြည့်အဝပေးနေသော နိုင်ငံများဖြစ်ကြောင်း ဖော်ပြထားသည်။ မက္ကဆီကို၊ နယူးဇီလန်၊ ပေါ်တူဂီ၊ တောင်အာဖရိကနှင့် ဆွီဒင်နိုင်ငံများသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အခိုင်အမာ အကာအကွယ်ပေးသည့် နိုင်ငံများဖြစ်သည်။ 

ယနေ့ LGBT ဆိုသူများသည် နိုင်ငံတိုင်း နေရာတိုင်းတွင် ရှိနိုင်သည့်သူများဖြစ်သည်။ ရှောင်လွှဲမရနိုင်သည့် သူတို့အပေါ် တန်းတူညီမျှ အခွင့်အရေးပေးရန် စာနာထောက်ထားသူများရှိသလို၊ အစွန်းရောက် ကန့်ကွက်ဆန့်ကျင်နေမှုများကိုလည်း ခံနေကြရသည်။ သူတို့သည်လည်း လူသားများဖြစ်သဖြင့် လူသားတစ်ဦး၏ ရသင့်ရထိုက် ရပိုင်ခွင့်များကို လွတ်လပ်စွာတောင်းဆိုခွင့်နှင့် ရရှိခံစားပိုင်ခွင့်များ မရှိဘူးလားဆိုသည်မှာ ခေတ်သစ်လူ့ဘောင်၏ ပြဿနာတစ်ရပ်ဖြစ်ပါသည်။ အနေအထားတစ်ခုသည် အသားကျရန် တိုက်ပွဲဝင်ကြရပါသည်။ LGBT တိုက်ပွဲတွေက ကမ္ဘာ့နေရာအနှံ့တွင် လက်ရှိလူ့ဘောင်ကို စိန်ခေါ်လျက်ရှိသည်။

(Ref: BBC, The Diplomat, The Washington Post, World Economic Forum)

  • TAGS