News

POST TYPE

FEATURE

အငြင်းပွားဖွယ် ဇင်ဘာဘွေရွေးကောက်ပွဲတွင် အနိုင်ရသည့် အီမာဆန် မန်ဂါဂွါ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
28-Aug-2018



ဟာရီရီ၊ ဩဂုတ် ၂၇

ဇင်ဘာဘွေနိုင်ငံတွင် အာဏာ သက်တမ်းရှည်လျားသည့်ခေါင်းဆောင် ရောဘတ်မူဂါဘီ အငြိမ်းစားယူသွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီနှင့် အငြင်းပွားမှုများ ပေါ်ထွက်ခဲ့သော်လည်း အီမာဆန်မန်ဂါဂွါအနေနှင့် တနင်္ဂနွေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရွေးကောက်ပွဲ အနိုင်ရမှုမှာ မသမာမှုများကြောင့် ဖြစ်သည်ဟု အတိုက်အခံအင်အားစုများက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့သော်လည်း ခုံရုံးက ပယ်ချလိုက်ပြီးနောက် အီမာဆန်မန်ဂါဂွါအနေနှင့် ဇင်ဘာဘွေသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ 

အီမာဆန်မန်ဂါဂွါသည် ယခင်အာဏာရှင်သမ္မတ ရောဘတ်မူဂါဘီ၏ အစိုးရတွင် အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်။ ပြီးခဲ့သည့် ကိုးလခန့် ဇင်ဘာဘွေစစ်တပ်က ဖိအားပေးမှုကြောင့် ရောဘတ်မူဂါဘီ ရာထူးမှနုတ် ထွက်ခဲ့ချိန်မှစ၍ အီမာဆန်မန်ဂါဂွါသည် မူဂါဘီ၏နေရာကို ဆက်ခံရရှိခဲ့သည်။ 

တနင်္ဂနွေနေ့က ပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီမာဆန်မန်ဂါဂွါက ထောင်ပေါင်းများစွာသော ပရိသတ်ရှေ့မှောက်တွင် ဇင်ဘာဘွေသမ္မတငါးနှစ်တာ သက်တမ်းကို ကျေပွန်စွာထမ်းဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဇင်ဘာဘွေသမ္မတနိုင်ငံ၏ သမ္မတအဖြစ် ကျွန်ုပ် အီမာဆန်မန်ဂါဂွါအနေနှင့် သစ္စာစောင့်သိစွာ၊ တာဝန်သိစွာဖြင့် ထမ်းဆောင်သွားမည်ဖြစ်သလို ဇင်ဘာဘွေ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာကျင့်ကြံသွားမည်ဖြစ်သလို အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်”ဟု အီမာဆန်မန်ဂါဂွါက ပရိသတ်ရှေ့မှောက်တွင် ပြောကြားသည်။ 

ယင်းသမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ဇင်ဘာဘွေတရားသူကြီးချုပ် လူကာ မာလာဘာနှင့် အခြေခံဥပဒေခုံရုံး တရားသူကြီးများ၏ ရှေ့မှောက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံအင်အားစုများကမူ အီမာဆန်မန်ဂါဂွါ၏ ရွေးကောက်ပွဲအောင်မြင်မှုကို လက်မခံကြောင်းကြေညာထားသည်။ 

ဇူလိုင်လ ၃၀ ရက်နေ့ရွေးကောက်ပွဲတွင် အီမာဆန်မန်ဂါဂွါက မဲ ၅၁ ရာခိုင် နှုန်းနီးပါးရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် အတိုက်အခံခေါင်းဆောင် နယ်လ်ဆင်ချာမီဆာက ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။ 

သို့သော် အဆိုပါမဲရလဒ်သည် မသမာမှုမြောက်မြားစွာ ရှိနေသည်ဟု အတိုက်အခံတို့က စွပ်စွဲပြီး အခြေခံဥပဒေ ခုံရုံးအနေနှင့် စိစစ်ပေးရန် တောင်းဆိုခဲ့သည်။ 

သို့သော် အခြေခံဥပဒေခုံရုံးက အတိုက်အခံတို့၏ အသနားခံစာကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပယ်ချခဲ့သည်။ အီမာဆန်မန်ဂါဂွါ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တောင်အာဖရိက၊ ကွန်ဂို၊ ရဝမ်ဒါနှင့် ဇမ်ဘီးယား အစရှိသည့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

F-01