News

POST TYPE

FEATURE

လိင်အနိုင်ကျင့်မှု အရှုပ်အထွေးများကိုအရေးယူရန် အိုင်ယာလန်ခရီးစဉ်တွင် ပုပ်ရဟန်းမင်းကြီးဆုံးဖြတ်
26-Aug-2018

ဒဗ်ဗလင်၊ ဩဂုတ် ၂၆

ခရစ်ယာန်ဘုန်းတော်ကြီးများ၏  ကလေးသူငယ် လိင်အနိုင်ကျင့်မှု အရှုပ်အထွေးများကို ကက်သလစ်ကျောင်းတော်က ဖုံးဖိပေးခဲ့မှုနှင့်ပတ်သက်၍ လူထုအမျက်ထွက်မှုကိုရင်ဆိုင်နေရသော ပုပ်ရဟန်းမင်းကြီးသည် ကျူးလွန်သောဘုန်းကြီးများအား ပြစ်ဒဏ်ပေးရန် ပျက်ကွက်ခဲ့မှုကို အိုင်ယာလန်ခရီးစဉ်တွင်ဝန်ခံလိုက်ပြီး အရေးယူဆောင်ရွက်မည်ဟု ပြောဆိုလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။

စနေနေ့က စတင်သည့် ၃၆ နာရီကြာ အိုင်ယာလန်ခရီးစဉ်တွင် လိင်အနိုင်ကျင့်ခံရမှုမှ ရှင်သန်နိုင်ခဲ့သူအချို့ တက်ရောက်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ကလေးများကို လိင်အနိုင်ကျင့်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ခရစ်ယာန်ဘုန်းကြီးများကို အရေးယူရန် ကက်သလစ်ကျောင်းတော်ခေါင်းဆောင်များက ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လိင်အနိုင်ကျင့်မှု အရှုပ်အထွေးများကို ကိုင်တွယ်ရန် ပျက်ကွက်ခဲ့မှုသည် အမျက်ထွက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ကက်သလစ်ကျောင်းတော်အတွက် အရှက်ရစရာ၊ နာကျင်စရာ အကြောင်းရင်းတစ်ခုအဖြစ် ကျန်ရှိနေသည်ဟု ပုပ်ဖရန်စစ်ကဆိုသည်။

ထို့နောက် ပုပ်ဖရန်စစ်သည် စိန့်မေရီ ပရိုကက်သီဒရယ် ကျောင်းတော်တွင် လိင်အနိုင်ကျင့်ခံရသည့် နစ်နာသူများအတွက် ၂၀၁၁ ခုနှစ်က ပထမဆုံး စတင်ထွန်းညှိခဲ့သော ဖယောင်းတိုင်ရှေ့မှောက်တွင် ဝတ်ပြုဆုတောင်းခဲ့သည်။

အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဘာရက်ကာကလည်း လိင်အနိုင်ကျင့်ခံရမှုမှ  ရှင်သန်ကျန်ရစ်ခဲ့သူများအတွက် တရားမျှတမှု၊ အမှန်တရားနှင့် စိတ်ဒဏ်ရာ အနာကျက်မှုတို့ကို ရရှိစေရန် ပုပ်ဖရန်စစ်ကို တိုက်တွန်းခဲ့သည်။

လိင်အနိုင်ကျင့်ခံရမှုမှ ရှင်သန်နိုင်ခဲ့သူတစ်ဦးဖြစ်သည့် မတ်ခ်ဗင်းဆင့်ဟယ်လီက လိင်အရှုပ်အထွေး ပြဿနာအပေါ် ပုပ်ဖရန်စစ်၏တုံ့ပြန်ပုံသည် အစွယ်ကင်းမဲ့သည်ဟု ဝေဖန်လိုက်သည်။

ကျောင်းသားဘဝက ဘုန်းကြီးနှစ်ပါး၏ လိင်အနိုင်ကျင့်မှုကိုခံခဲ့ရသူ ဟယ်လီက ကက်သလစ်ကျောင်းတော်သည် ပြဿနာ၏ ထုထည်တစ်ခုလုံးကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိကြောင်းနှင့် ကတိမြောက်မြားစွာ ပေးခဲ့သော်လည်း အရေးယူဆောင်ရွက်မှုများ လုံလောက်မှုမရှိကြောင်း မှတ်ချက်ပေးသည်။

ဒဗ်ဗလင် အခမ်းအနားသို့ တက်ရောက်ခဲ့သော အိုဂေါ်မန်ကလည်း ပုပ်ဖရန်စစ်၏ ပြောဆိုမှုများသည် ကျောင်းတော်၏လမ်းစဉ်မှ သွေဖည်နေပြီး အရှုပ်အထွေးကိုဖုံးဖိရာတွင် ပါဝင်ခဲ့သည့် ဗာတီကန်၏ကဏ္ဍကို ဝန်ခံရန်ပျက်ကွက်ခဲ့သည်ဟု ဝေဖန်ပြောကြားသည်။

F-04