News

POST TYPE

FEATURE

ကမ္ဘာကျော်သားတော်များ
06-Oct-2016 tagged as

သားစဉ်မြေးဆက် အာဏာရှင်လေး

မြောက်ကိုရီးယားနိုင်ငံကို ဘိုးတော်၊ သားတော်၊ မြေးတော်မှသည် မြစ်တော်များ တိုင်အောင် ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရန် စီစဉ်ခဲ့သော အာရှင် မျိုးဆက်သည် ယနေ့တိုင် မကုန်နိုင်သေးဟု ဆိုရမည်။ လက်ရှိ စိုးမိုးအုပ်ချုပ်နေသည့် ကင်ဂျုံအန်း ဆိုသူသည် ၂၀၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ကင်ဂျုံအီ ကွယ်လွန်ပြီးသည့် နောက်တွင် သူ့နေရာကို ဆက်ခံပြီး အာဏာရလာသူတစ်ဦး ဖြစ်သည်။ အာဏာသမိုင်းတွင် အရွယ်ကငယ်ငယ်၊ နောက်တီးနောက်တောက်၊ မျက်စိရှုပ်လောက်အောင် လုပ်နိုင်သူဟူ၍ နာမည်ကျော်ရုံမက အသုံးအဖြုန်းလည်း ကြီး၊ အကောင်းလည်းကြိုက်၊ အရက်စက်ဆုံး အာဏာရှင်တစ်ဦး အနေနှင့် သမိုင်းတွင်စေရန် ဆောင်ရွက်နေသူတစ်ဦး ဖြစ်ကြောင်း မှတ်ချက်ပြုနေမှုများကို တွေ့နေရသည်။

ကင်ဂျုံအန်းအကြောင်း တိတိပပ သိသူနည်းလှသည်။ မြောက်ကိုရီးယားနိုင်ငံကို ဆယ်စုနှစ်တစ်စုလောက် အာဏာရှင်ဆန်ဆန် စိုးမိုးအုပ်ချုပ်ကာ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားသူ ကင်ဂျုံအီနှင့် အော်ပရာ အဆိုတော်တစ်ဦး ဖြစ်ခဲ့သူ မိခင် ကိုယုံဟီးတို့၏ သားဖြစ်ကြောင်း အကြမ်းဖျင်းလောက်သာ သိကြသည်။ ဖခင်ထံမှ အာဏာကို လွှဲယူပြီးသည့် နောက်ပိုင်းတွင် ကင်ဂျုံအန်း တစ်ယောက် ထုံးစံအတိုင်း ပြုပြင်ပြောင်းလဲရေးများကို အဘိုးနှင့် အဖေဖြစ်သူတို့ ပုံစံအတိုင်း လုပ်ဆောင်ခဲ့သည်။ မြေယာပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်သည့် ခေါင်းဆောင်ကြီးဘွဲ့ ဆက်ခံနေသော်လည်း အနောက်တိုင်း ပညာရှင်များကမူ သူ့ကို လူ့အခွင့်အရေး အချိုးဖောက်ဆုံး အာဏာရှင်တစ်ယောက် အနေနှင့်သာ လက်ခံနေကြဆဲ ဖြစ်သည်။

ကင်ဂျုံအန်းကလည်း သူ့ကို ကမ္ဘာက အသိအမှတ်ပြုလာစေရန် နည်းပညာဘက် လမ်းကြောင်းပြောင်းပြီး နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ တာဝေးဒုံးပျံတွေကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ခြင်းဖြင့် အမေရိက၊ တောင်ကိုရီးယား၊ ဂျပန်တို့ကို ဘက်ပြိုင်စိန်ခေါ်မှုများ ပြုလုပ်နေသည်။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့၊ ကန့်ကွက်တားဆီး ဝေဖန်နေသည့်ကြားက ကင်ဂျုံအန်း တစ်ယောက် အားလုံးကို လျစ်လျူရှုကာ ထင်တိုင်းကြမ်းနေခြင်း ဖြစ်သည်။ 

ကင်ဂျုံအန်း၏ အဘိုးဖြစ်သူမှာ ကင်အီဆွန်း ဖြစ်သည်။ ကင်အီဆွန်းကလည်း မြောက်ကိုရီးယား နိုင်ငံကို နှစ်ပေါင်း ၄၀ ကျော် စိုးမိုးအုပ်ချုပ်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်သည်။ သူကွယ်လွန်ပြီးနောက် သားဖြစ်သူ ကင်ဂျုံအီထံ အာဏာလွှဲခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကင်ဂျုံအီ ကွယ်လွန်သောအခါ သားဖြစ်သူ ကင်ဂျုံအန်း လက်ထဲ အာဏာက ဆက်မြဲနေသည်။ ကင်ဂျုံအီသည် သူမကွယ်လွန်မီ ၂၀၁၀ ပြည့် နှစ်လောက်ကတည်းက သားဖြစ်သူကို သူ့နေရာ ဆက်ခံနိုင်စေရန်အတွက် စစ်တပ်နှင့် ပါတီကို အားကိုးပြီး စီစဉ်သွားခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအန်းသည် တက်လာပြီးသည်နှင့် လူငယ်ပီပီ အစွမ်းပြတော့သည်။ သူ့ဖခင်လက်ထက် ကတည်းက သက်တော်ရှည် ရာထူးကြီးများကို ယူထားသော အရာရှိကြီးများကို ဖယ်ရှားခြင်း၊ သုတ်သင်ခြင်းများကို ပြုလုပ်ခဲ့သည်။ သူ၏ ဦးလေးဖြစ်သူ ဂျန်ဆုန်သက်ကိုပင် ချမ်းသာမပေး သုတ်သင်ခဲ့သည်။ ဦးလေး ဂျန်ဆုန်သက်သည် သူ့ဖခင်ကို အာဏာရလာစေရန် ကြံဆောင်ပေးသူများထဲတွင် အဓိကကျသူတစ်ဦး ဖြစ်သလို၊ တူဖြစ်သူကိုလည်း နိုင်ငံရေးအတွက် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံလိုက်ရရုံမက ဦးလေး၏ မိသားစုပါ အစပျောက်သွားခဲ့ရသည်။

ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံတွင် ပြိုင်စံရှား ခေါင်းဆောင်ကြီး ဖြစ်လာသည်။ သူ့ကို တိုင်းပြည်က ချစ်သည်ဟု ပြောနေသော်လည်း ကမ္ဘာက မုန်းနေသည်။ သူနှင့်ပတ်သက်ပြီး ရိုက်ကူးထားသည့် The Interview ဆိုသည့် ရုပ်ရှင်ကားသည်ပင် ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ 

သူ့အကြောင်း အနောက်နိုင်ငံ သတင်းပေါင်းစုံတွင် ဖတ်နိုင်ပါသည်။ အကောင်းကြိုက်၊ အမြှောက်ကြိုက်၊ ဇိမ်အလွန်ခံတတ်ပြီး ကမ္ဘာ့အသုံးအဖြုန်း အကြီးဆုံး အာဏာရှင် တစ်ယောက်ဟူ၍ပင် နာမည်ကျော်ခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များ၊ စီရင်ချက်များ၊ နှုတ်ထွက်စကားများသည် ဥပဒေ ဖြစ်သည်။ ကိုယ်ကျင့်တရား၊ သိက္ခာ သူဂရုစိုက်ချင်မှ စိုက်တတ်သည်။ ကုလသမဂ္ဂ ကိုယ်တိုင်ကပင် ကင်ဂျုံအန်း တစ်ယောက်၏ သုံးဖြုန်းနေထိုင်မှုများကို စုံစမ်းစစ်ဆေးနေရသည်။ တစ်တိုင်းပြည်လုံး၏ GDP က အနိမ့်ဆုံး အနေအထားတွင် သူအဘယ်ကြောင့် သုံးဖြုန်းကာ နေနိုင်သနည်း။

အရက်ကောင်းကောင်း ကြိုက်တတ်သူ

ကင်ဂျုံအန်းသည် ကမ္ဘာပေါ်တွင် အရက်အကောင်းဆုံးကိုမှ သောက်သူတစ်ဦးအဖြစ် နာမည်ကျော်သည်။ နေ့တိုင်း ဝစ်စကီနှင့် ကော့ညက်အရက်များကို သောက်သည်။ ထိုအရက်များသည် နိုင်ငံခြားက မှာယူထားသည့် အကောင်းစားအရက်များဖြစ်သည်။ သူသောက်သည့် အရက်တစ်ပုလင်း တန်ဖိုးမှာ မြောက်ကိုရီးယား နိုင်ငံသားတစ်ဦး၏ တစ်ပတ်စာ ဝင်ငွေနှင့် ညီမျှသည်။ 

နာမည်ကျော် ဂျော်နီဝါးကား ဝစ်စကီသည် သူအကြိုက်ဆုံး ဖြစ်သည်။ တိုင်းပြည်က ငတ်နေသည်။ သူ့အိမ်တော်ထဲတွင် အရက်ကောင်းတွေက အလျှံအပယ် ရှိထားရသည်။ ပုလင်းပေါင်းထောင်ချီပြီး သိုလှောင် သိမ်းဆည်းပေးထားကြရသည်။ စီးကရက်ကလည်း အလွန်ကြိုက်သည်။ နိုင်ငံခြားက တင်သွင်းသည့် Yves Saint Laurent စီးကရက်သာ သောက်လေ့ ရှိသည်။

ဒုံးလက်နက်ကို ရူးသွပ်သူ

အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်ရန် အကောင်းဆုံးလက်နက် ဖြစ်သည့် ဒုံးကျည်များ ဝယ်ယူခြင်း၊ ဟိတ်ဟန်ထုတ်ကာ ပစ်ခတ်ပြပြီး ဂုဏ်ယူတတ်ခြင်းမှာ သူ့အတွက် အပျော်ဆုံးအလုပ် ဖြစ်သည်။ သူက ဗိုလ်ချုပ်ကြီးများကိုလည်း ဒုံးကျည်များစွာ ပိုင်ဆိုင်ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် ထိရောက်နိုင်မည် ဖြစ်ကြောင်း လမ်းညွှန်ထားသည်။ နိုင်ငံအတွင်း ငတ်နေသော ပြည်သူများထက် ဒုံးကျည်များ ဝယ်ယူပစ်ခတ် စမ်းသပ်နိုင်ရေးသည် သူ့အတွက် မဟာဗျူဟာကြီးတစ်ခု ဖြစ်သည်။

ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်သည့် ပွဲတိုင်းကို သူတက်ရောက်ပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးတတ်သည်။ သူက တကယ့်ဒုံးကျည် အစစ်များကို ရေအောက်ကလွှတ်လိုက်၊ မြေပြင်ကျွန်းဆွယ်များက လွှတ်လိုက်လုပ်ပြီး မာန်တက်နေချိန်တွင် တိုင်းပြည်အတွင်း ဆာလောင်နေသည့် ကလေးများက မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြရသည်။ 

ကိုယ်ပိုင်ဂေါက်ကွင်းထားသူ

ကင်ဂျုံအန်းသည် ဂေါက်ရိုက်သည့် အမွေကို သူ့ဖခင်ထံက ဆက်ခံခဲ့သူ ဖြစ်သည်။ သူ့ဖခင် ကင်ဂျုံအီတွင် စံတင်လောက်သည့် ဂေါက်ရိုက်သမိုင်း ရှိခဲ့သည်ဟု ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံတွင် စံတင်လောက်သည့် မှတ်တမ်း၌ ဖခင်ကင်ဂျုံအီသည် ၃၄ ကျင်း ကစားရာ၌ ၁၁ ကြိမ်တိတိ (holes in one) ဖြစ်ခဲ့သည်ဟု ဆိုသည်။ သူ့စံချိန်ကို မြောက်ကိုရီးယားတွင် မည်သူမျှ မချိုးနိုင်လောက်အောင် ဂေါက်ဘုရား ဖြစ်ခဲ့ရသည်ဟု သတ်မှတ်ခဲ့ကြရသည်။ 

သားဖြစ်သူကလည်း ဖခင်ခြေရာနင်းပြီး ကိုယ်ပိုင်ဂေါက်ကွင်းကြီးတစ်ခုကို တည်ဆောက်ထားသည်။ ယနေ့တိုင် ကင်ဂျုံအန်းတစ်ယောက် သူ့ဖခင် စံချိန်ကို မချိုးနိုင်ဟု ထင်သည် မည်သည့်သတင်းမှ ထွက်မလာသေးပေ။ သူ့ဖခင်ကို ကျော်လွန်နိုင်မည့် ဂေါက်တစ်ပတ်ရိုက်လျှင် ၁၂ ကြိမ်တိတိ (holes in one) ဖြစ်မှသာ ထုတ်ပြန်ကြေညာမည် ထင်သည်။

ကာတွန်းကြိုက်သူ

ကင်ဂျုံအန်းသည် ကလေးကြိုက် ကာတွန်းများကို စွဲလမ်းခုံမင်သူ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ကလေးရုပ် ဖြစ်နေသောကြောင့် ကာတွန်းကြိုက်သည်မှာ သဘာဝကျသည်ဟု ဆိုကြသည်။ ကာတွန်းစာအုပ်တွေ သာမက သူကြိုက်သည့် ကာတွန်းဇာတ်ကောင်များကို အထူးပြုလုပ်ချက် (animation) များကို ဖန်တီးနိုင်သူများအား ခေါ်ထားသည်။ သူ့စိတ်ကြိုက် ပျော်ရွှင်အောင် ကာတွန်းရုပ်ရှင်လေးတွေ ဖန်တီးပြကြရသည်။ ကာတွန်းကားတွေ ထွက်လျှင်လည်း သူ့ကို ဦးဆုံးလာပြကြရသည်။ ကာတွန်းစတူဒီယိုကြီးတစ်ခု ထူထောင်ပေး ထားပြီး သူ့စိတ်ကြိုက် ကာတွန်းကားများကို ပညာရှင်များက ဖန်တီးပေးကြရသည်။ တိုင်းပြည်က ငတ်နေချိန်တွင် ကင်ဂျုံအန်း တစ်ယောက် ကာတွန်းကားကြည့်ပြီး ကောင်းကောင်းစားသောက်ကာ တဟားဟား ရယ်နေသည်။

ကိုယ်ပိုင်နှင်းလျှောစီးစခန်း ထူထောင်ထားသူ

ကင်ဂျုံအန်းသည် ကိုယ်ပိုင်နှင်းလျှောစီးစခန်းကြီး တစ်ခုကို တည်ဆောက်ထားသည်။ မာဆစ်ရုံဟု အမည်ပေးထားသည်။ တေဟွာပန်းခြံအတွင်း ထိုနှင်းလျှောစီးကွင်းကြီးကို ဆောက်လုပ်ထားခြင်း ဖြစ်သည်။ သူ့ကိုယ်ပိုင်စိတ်ကူးနှင့် တည်ဆောက်ထားသော ကစားကွင်းဟု ဆိုသည်။ သူက နိုင်ငံအတွင်း နိုင်ငံခြားသားများ လာရောက်လည်ပတ် အားကောင်းစေရန် တည်ဆောက်ခြင်းဟု ဆိုသည်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် သူလုပ်ဆောင်ခြင်းဟု သူပြောသည်မှာ ဟုတ်လောက်သည်။ တစ်နှစ်ကို နိုင်ငံခြားသား နှစ်သိန်းခန့် လာရောက်လည်ပတ်ကြသည်။ သို့သော် ထိုနိုင်ငံခြားသားများထံကရသည့် ဝင်ငွေမှာ မည်သူ့ထံ ရောက်သွားသည်ကို တိုင်းပြည်က မသိပေ။

မြောက်ကိုရီးယားနိုင်ငံတွင် နှင်းလျှောစီးစခန်းကြီး ဆောက်ထားသော်လည်း တစ်နှစ်ပတ်လုံး နှင်းကျနေသည့် တိုင်းပြည်မဟုတ်။ မာဆစ်ရုံသည် ကင်ဂျုံအန်း နေထိုင်သည့် နေရာနှင့် မိုင် ၇၀ ခန့်သာ ဝေးသည်။ နှင်းလျှောစီးကွင်း ဆိုသော်လည်း နှင်းမရှိ မြက်တွေသာ မြင်ရသည့် ရက်ကများသည်။ ကင်ဂျုံအန်းတစ်ယောက် ထိုနေရာကို မကြာခဏ အလည်ရောက်သည်။ သူလာလျှင် ကွင်းကြီးတစ်ခုလုံးနှင့် ပန်းခြံကို ပိတ်ပေးထားရသည်။

ဒေါ်လာ ၇ သန်းတန် ရွက်လှေကို ပိုင်ဆိုင်သူ

ကင်ဂျုံအန်းသည် ပင်လယ်ပြင်ကိုလည်း မကြာခဏ အပန်းဖြေခရီး ထွက်တတ်သည်။ သူပင်လယ် ခရီးထွက်တိုင်း ဒေါ်လာ ၇ သန်းတန် ရွက်လှေဖြင့် သွားတတ်သည်။ ထိုလှေက ပေ ၁၀၀ ခန့် ရှည်သည်။ လှေထဲတွင် အဖိုးတန်အရက်များ ထည့်ထားသည်။ နိုင်ငံခြားဖြစ်ချည်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ကျွန်းဆွယ်ကို သူ့ကိုယ်ပိုင်အဖြစ် သဘောထားပြီး ရွက်လှေစီးကာ လှည့်လည်တတ်သည်။

နိုင်ငံခြားက အစားအစာကို ကြိုက်သူ

ကင်ဂျုံအန်းသည် နိုင်ငံခြားအရက်ကိုသာမဟုတ် နိုင်ငံခြား အစားအစာများကိုလည်း ခုံမင်သူ တစ်ယောက်ဖြစ်သည်။ အစားလည်းကြူးသူဟု နာမည်ကျော်သည်။ သူစားသည့် အစားအစာထဲတွင် ဆန်နှင့် ဂျုံတို့ဖြင့် လုပ်ထားသည့် ခေါက်ဆွဲမပါ။ မြောက်ကိုရီး ယားနိုင်ငံသားတို့ ဆန်ပြုတ်ကိုပင် မသောက်နိုင်သော အခြေအနေတွင် သူက ဒိန်းမတ်ကလာသည့် ဝက်သား၊ အီရန်ကလာသည့် ငါးဥ၊ ထိုင်းကလာသည့် သရက်သီးတို့ကို ပွဲတော်တည်နေသည်။

မြောက်ကိုရီးယား ပြည်သူများ ငတ်နေကြသည်။ ဆန်ကိုပင် ခွဲတမ်းနှင့် ရကြသည်။ ကုလသမဂ္ဂကလည်း ငတ်နေသည့် ပြည်သူများကို ထောက်ပံ့နေရသည်။ ငတ်၍သေသူတွေ သေနေချိန်တွင် ကင်ဂျုံအန်း တစ်ယောက် အစားအသောက် မီးလိုတောက်နေသည်။

ကားအစီး ၁၀၀ ကျော် ပိုင်ဆိုင်သူ

ကင်ဂျုံအန်းတစ်ယောက် ၇ နှစ်သားအရွယ် ကတည်းက ကားရောဂါထသည်။ ဖခင် ကင်ဂျုံအီကလည်း သားကိုအလိုလိုက်ပြီး ကားအမောင်းသင်ပေးထားသည်။ ဖခင်လက်ထက် ကတည်းက ကြိုက်သည့် ကားတက်မောင်းရာတွင် နာမည်ကျော်သည်။ ကားတိုက်ပြီး သေမလိုပင် ဖြစ်သွားခဲ့ရသေးသည်။ ကားကို အရူးအမူး စွဲလမ်းသဖြင့် တောက်လျှောက်စုဆောင်းလာရာ ကားအစီး ၁၀၀ လောက် တစ်ကားပြီး တစ်ကား ပြောင်းစီးခဲ့သည်။

သူအကြိုက်ဆုံးကားမှာ မာစီဒီးဘင့်ဇ်ကားများ ဖြစ်သည်။ သူ့ဖခင်ကလည်း ထိုကားမျိုးကို အလွန်ကြိုက်သည်။ ပြိုင်ကားတွေလည်း စုဆောင်းထား သည်။ သုံးနှစ်သားလောက် ကတည်းက ပြိုင်ကားမောင်းလာသူဟု သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားတတ်သည်။

(Ref : Telegraph, CNN, Biography, Business Insider)

ကျော်ဗလ

  • TAGS