News

POST TYPE

FEATURE

ခရစ်ယာန်ဘုန်းကြီးများ၏ လိင်ညှဉ်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်မှုမျိုး နောက်ထပ်မရှိစေရဟု ပုပ်ရဟန်းမင်းကြီးပြောကြား
22-Aug-2018


ဗာတီကန်၊ ဩဂုတ် ၂၁

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် တနင်္လာနေ့က ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်များထံ ပေးစာတွင် ကလေးငယ်များအပေါ် ခရစ်ယာန်ဘုန်းတော်ကြီး အသိုင်းအဝိုင်း၏ လိင်အနိုင်ကျင့်မှုများကို ပြစ်တင်ရှုတ်ချလိုက်ပြီး အမြစ်ဖြုတ်ရှင်းလင်းရေးကို ဝိုင်းဝန်းကူညီကြရန် ပြောကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

“ကျွနု်ပ်တို့ ရှိရမယ့်နေရာမှာမရှိခဲ့လို့၊ အချိန်မီအရေးယူခြင်းမရှိခဲ့လို့ ဘဝတွေ အများကြီးထိခိုက်ခဲ့ရတယ် ဆိုတာကို အရှက်တွေ၊ နောင်တတွေနဲ့အတူ ဝန်ခံပါတယ်။ ကလေးတွေကို ကျွနု်ပ်တို့ ဂရုမစိုက်မိခဲ့ပါဘူး။ သူတို့လေးတွေကို ပစ်ထားမိခဲ့ပါတယ်”ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

ယင်းကဲ့သို့ ခရစ်ယာန်ဘုန်းတော်ကြီးအသိုင်းအဝိုင်းထဲမှ အချို့ရဟန်းများ၏ လိင်အနိုင်ကျင့်မှုများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ ကက်သလစ်ဘာသာဝင် ၁ ဒသမ ၂ ဘီလီယံထံ ပုပ်ဖရန်စစ်က စာရေးတောင်းပန်ခြင်းသည် ယခု ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ သီတင်းပတ်ကုန်ရက်က အိုင်ယာလန်ခရီးစဉ် မတိုင်မီ သုံးမျက်နှာပါ ပေးစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ ဩစတြေးလျ၊ ချီလီ၊ အိုင်ယာလန်တို့တွင် ဖြစ်ခဲ့သော လိင်အနိုင်ကျင့်မှု အရှုပ်အထွေးများသည် ဗာတီကန်ကျောင်းတော်၏ ယုံကြည်စိတ်ချရမှုကို ဆိုးဝါးစွာထိခိုက်စေခဲ့သည်။

ယခင်အပတ်က ပင်ဆယ်ဗေးနီးယား ပြည်နယ်တရားသူကြီးအဖွဲ့၏ အစီရင်ခံစာတွင် လွန်ခဲ့သောနှစ်ပေါင်း ၇၀ အတွင်း ကလေးငယ် အနည်းဆုံး ၁၀၀၀ ခန့်သည် ခရစ်ယာန်ဘုန်းကြီး ၃၀၀ ခန့်၏ လိင်အနိုင်ကျင့်မှုကိုခံခဲ့ရကြောင်းနှင့် ဘုန်းတော်ကြီးများက ကျူးလွန်သူများကိုအရေးယူရန်နှင့် ကလေးများကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုအစီရင်ခံစာနှင့် ပတ်သက်၍ ပြောကြားသော ပုပ်ရဟန်းမင်းကြီးက “ရာဇဝတ်မှုတွေကို အကြာကြီးလျစ်လျူရှုထားခဲ့ကြတာ၊ နှုတ်ဆိတ်နေခဲ့ကြတာ ထင်ရှားပါတယ်” ဟုပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးသည် လွန်ခဲ့သော နှစ်ငါးဆယ်က ကလေးများအပေါ် လိင်အနိုင်ကျင့်မှုများ ထွက်ပေါ်လာသည့် နာမည်ကျော် အမေရိကန် ဘုန်းတော်ကြီး သီအိုဒို မက်ကာရစ်၏ နုတ်ထွက်မှုကိုဇူလိုင်လက လက်ခံခဲ့သည်။

မေလအတွင်းကလည်း ချီလီနိုင်ငံမှ ဘုန်းတော်ကြီး ၃၄ ပါးကလိင်အနိုင်ကျင့်မှု အရှုပ်အထွေးများကြောင့် နုတ်ထွက်ခွင့် တင်သွင်းခဲ့ရာ ငါးဦး၏ နုတ်ထွက်ခွင့်ကို ပုတ်ဖရန်စစ်ကလက်ခံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ၎င်း၏ ပေးစာတွင် “ဒီလိုအခြေအနေတွေကိုတားဆီးဖို့ လုပ်ဆောင်ရုံသာမကဘဲ ဖုံးကွယ်နိုင်မယ့် အလားအလာတွေကိုပါ တားဆီးသွားမှာ ဖြစ်ပါတယ်”ဟု ရေးသားဖော်ပြထားသော်လည်း အသေးစိတ်လုပ်ဆောင်မည့် အစီအစဉ်များကို ဖော်ပြထားခြင်းမရှိပေ။

နစ်နာသူအသိုင်းအဝိုင်းများကမူ အဆိုပါပေးစာကို စိတ်ပျက်မိကြောင်း မှတ်ချက်ပေးခဲ့ပြီး တာဝန်ရှိသောအကြီး တန်းဘုန်းတော်ကြီးများကို ကိုင်တွယ်ရန် ပိုမိုလုပ်ဆောင်ဖို့လိုသည်ဟု ပြောကြားကြသည်။

အမေရိကန်အခြေစိုက် ဘုန်းတော်ကြီးများ အနိုင်ကျင့်မှု စောင့်ကြည့်ရေးအဖွဲ့မှ အန်နီဘာရက်ဒွိုင်းလ်က “အပြောတွေလျှော့၊ အလုပ်ပိုလုပ်ပြပါ” ဟု ပြောကြားသွားသည်။

“အနိုင်ကျင့်မှု လုပ်နိုင်တယ်လို့ သိထားကြတဲ့ အကြီးတန်းဘုန်းတော်ကြီးတွေအတွက် ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပုပ်ရဟန်းမင်းကြီးအနေနဲ့ ချမှတ်ဖို့လိုပါတယ်” ဟု သူမက မှတ်ချက်ပေးသည်။

F-04