News

POST TYPE

FEATURE

မြန်မာရေလုပ်သား လေးသောင်းကျော် ထိုင်းသို့ တရားဝင်ပို့မည်ဟု အစိုးရပြော
20-Aug-2018


ရန်ကုန်၊ ဩဂုတ် ၁၉

ရွှေ့ပြောင်းမြန်မာလုပ်သား အများစု သွားရောက်အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသို့ ယခုနှစ်မကုန်မီ မြန်မာရေလုပ်သား လေးသောင်းကျော်ကို တရားဝင်ပို့နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

“မနေ့ကဆွေးနွေးတယ်။ ရေလုပ်သားအတွက် MoU ထိုးဖို့ ညှိနှိုင်းနေတယ်။ အရင်က တရားမဝင် သွားလုပ်ကြတယ်။ အခုက တရားဝင်ဆိုတော့ ရေလုပ်သားတွေအတွက် ပိုကောင်းတယ်။ ဒီနှစ်ထဲ စေလွှတ်ဖို့ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာရေလုပ်သားများအပေါ် ကာကွယ်ပေးနိုင်ရန် ထိုင်းနိုင်ငံ ရေလုပ်သားဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိမည်ဖြစ်ပြီး လုပ်ခလစာခံစားခွင့်အတွက် အတွေ့အကြုံမရှိသည့် ရေလုပ်သားတစ်ဦးကို တစ်လလျှင် ထိုင်းဘတ် ငွေ ၁၀,၀၀၀ နှုန်း၊ ကျွမ်းကျင်သည့် ရေလုပ်သားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၂,၀၀၀ ရရှိရန်လည်း ညှိနှိုင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရေလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်လိုသူများအနေနှင့် ပြည်တွင်းရှိ လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရေလုပ်သားအဖြစ် ပို့ဆောင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် ခိုင်မာသည့်ဥပဒေ အာမခံချက်ရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးပီတာညွှန့်မောင်က ပြောကြားသည်။

“သူတို့ဘက်က အာမခံချက် အပြည့်အဝပေးဖို့လိုတယ်။ ကမ်းနီးဆိုပြီး ကမ်းဝေးရောက်သွားရင် ရေလုပ်သားအတွက် အန္တရာယ်လည်းရှိတယ်။ တရားဝင်စေလွှတ်တဲ့ အေးဂျင့်လည်း တာဝန်ခံ တာဝန်ယူရမယ်။ အေဂျင်စီတွေထဲမှာ ရေလုပ်သားပို့တဲ့ အေဂျင်က တစ်ခုမှမရှိဘူး။ အစိုးရအချင်းချင်း MoU ထိုးပြီး တကယ်ကို ခိုင်မာတဲ့ ဥပဒေရှိမှ ကျွန်တော်တို့ကလည်း လုပ်ရဲမှာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ မြန်မာအလုပ်သမား စေလွှတ်နေသည့် အေဂျင်စီ ၁၀၀ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းတွင် ရေလုပ်သား လေးသောင်းနှစ်ထောင်ခန့် လိုအပ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး အဒူလ်ဆန်စင်းကီးယိုက ဩဂုတ်လ ၁၆ ရက်က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မြန်မာအလုပ်သမားများအတွက် လုပ်ခလစာနှင့် အခြားလူမှုအခွင့်အရေးများနှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းနေပြီး နှစ်ဖက်အစိုးရ MoU ထိုးပြီးနောက် ရနောင်းမြို့တွင် ရုံးခန်းဖွင့်၍ မြန်မာအလုပ်သမားများကို လက်ခံမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားထားသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဌာနဝန်ကြီး MR. Adul Sangsinngkeo ဦးဆောင်သည့်အဖွဲ့သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဩဂုတ်လ ၁၆ ရက်က တွေ့ဆုံခဲ့သည်။

J-18


  • VIA