News

POST TYPE

FEATURE

အတက်နှင့်အကျ ထိုင်းနိုင်ငံဂျက်ကိုယ်တော်၏ ဘဝ
14-Aug-2018 tagged as ထိုင်း



သူ့ကိုယ်သူ ရဟန်းတစ်ပါးဟုဆိုသည်။ လူတွေကတော့ သူ့ကို ဂျက်ကိုယ်တော်ဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးနှင့် စတိုင်ကျကျ နေနိုင်သည့် ကိုယ်တော်ဖြစ်သောကြောင့်ပင်။ ဩဂုတ်လ ၉ ရက်နေ့က သူ့ကို ထောင်ဒဏ် ၁၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။ ထိုင်းနိုင်ငံတရားရုံးက သူ့ကိုလိမ်လည်မှု၊ ငွေမည်းခဝါချမှုနှင့် ကွန်ပျူတာရာဇဝတ်မှုများဖြင့် ထိုပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

ဂျက်ကိုယ်တော်အမည်က ဝီရပိုဆုဖိုဖြစ်သည်။ သူ့သတင်းတွေက ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာ့သတင်း၌ စိတ်ဝင်စားစရာဖြစ်လာသည်။ YouTube ပေါ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်၌ တန်ဖိုးကြီးအိတ်ကိုချကာ၊ နေကာမျက်မှန်နှင့် ဗီဒီယိုပေါ်ထွက်လာပြီးနောက် သူ့ကိုလူသိများခဲ့ရသည်။ သတင်းတွေကြီးလာသည့် ကိုယ်တော်က အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် သူ့ကို အမေရိကန်ပြည်ထောင်စုက တရားခံပြေးအဖြစ် ပြန်လည်အပ်နှံခြင်းကြောင့် ထိုင်းနိုင်ငံကိုပြန်ရောက်လာခဲ့ပြီး အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ 

ဝီရပို၏ ရဟန်းဘွဲ့အမည်မှာ လောင်ပူနန်ခမ်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ပေါ်ထွက်လာသည့် ဗီဒီယိုကြောင့် သူသည်ထွက်ပြေးခဲ့ရခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှုကို ရဟန်းမပီသစွာ ပြုလုပ်ခဲ့ခြင်းက အကြီးလေးဆုံး စွဲချက်ကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ သူ့ကိုအသက်မပြည့်သေးသည့် ကလေးမလေးတစ်ဦးအား မုဒိမ်းကျင့်မှုအပြင် အခြားအမှုတွဲပေါင်းများစွာဖြင့် စွဲချက်တင်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဗီဒီယိုလေးတစ်ခုကြောင့် ပွဲဆူရသဖြင့် ဝီရပိုလည်း အမေရိကကို ထွက်ပြေးခဲ့ရတော့သည်။ 

ဘန်ကောက်တရားရုံးက ဝီရပိုအား ထောင်ဒဏ် စုစုပေါင်း ၁၁၄ နှစ် ချမှတ်လိုက်သည်ဆိုသော်လည်း ထိုင်း ဥပဒေအရ သူသည် ထောင်ထဲတွင် နှစ်ပေါင်း ၂၀ လောက်နေပြီး ပြန်လွတ်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဗုဒ္ဓဘာသာ သာသနာတော် သန့်ရှင်းရေးအတွက် သံဃာ့ကောင်စီအကူအညီဖြင့် ရဟန်းတု၊ ရဟန်းယောင်များကိစ္စကို ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့မှုတွင် ဝီရပိုကိစ္စသည် အလွန်စိတ်ဝင်စားစရာကောင်းသည့် မှတ်တမ်းကြီးတစ်ခုဖြစ်ခဲ့ရသည်။ 

ဝီရပိုသည် ၂၀၀၀ ပြည့်နှစ်လောက်က ထိုင်းနိုင်ငံ အီဆန်ဒေသ ဆီဆာခတ်နယ်အတွင်းရှိ နမ်ကျန်းရွာလေးကိုရောက်လာသည်။ အသက် ၇၀ အရွယ် အဘွားအို ဆီဟာဝမ်က ဝီရပိုကို အလွန်ကြည်ညိုသည်။ ရုပ်ရည်သန့်ပြန့်သည့် ကိုယ်တော်လေးသည် တဲကျောင်းလေးနှင့် နေရသည်။ အဘွားအို ဆီဟာဝမ်တွင် မြေးလေးတစ်ယောက်ရှိသည်။ မြေးလေးအမည်က ယင်းဖြစ်သည်။ ယင်းက ၁၃ နှစ်သာရှိသေးသည်။ 

ဦးပဉ္စင်းလေး ဝီရပိုကို ကြည်ညိုလွန်းသဖြင့် မြေးအဘွားနှစ်ယောက် ကျောင်းကို သန့်ရှင်းရေးသွားလုပ်ပေးသည်။ ဟင်းတွေချက်ပို့ကြသည်။ ယင်းသည် ရွာတွင် အလွန်ချောမောသည့် အမျိုးသမီးလေးတစ်ဦးဖြစ်သည်။ ဝီရပိုက ယင်းကို ဗုဒ္ဓ၏အလိုတော်အရ မွေးဖွားလာသော ဘုရားပေးသည့်သမီးလေးဟု တင်စားခေါ်ခဲ့သည်။

ရွာထဲတွင်နေထိုင်သည့် ယင်း၏ သစ်သားအိမ်သို့ ဝီရပိုက မကြာခဏ လာလည်ပြီး လက်ဆောင်တွေ ပေးတတ်သည်။ ရွှေဆွဲကြိုးတွေနှင့် ကောင်မလေးက ဖြစ်လာသည်။ မကြာမီ ကျောင်းကို ခဏခဏသွားနေသည့် ယင်းတစ်ယောက် ဗိုက်လေးဖောင်းလာသည်။ အဘွားသာမက တစ်ရွာလုံးက ကြည်ညိုနေသည့် ကိုယ်တော်ဖြစ်နေသဖြင့် အပြစ်လည်း မတင်ရက်နိုင်လောက်အောင် ဖြစ်နေသည်။ ဝီရပိုက အေးအေးဆေးဆေးပဲ ဖြစ်သည်။ အဘွားက ဘယ်လိုလုပ်ကြမလဲဟု သူ့ကိုပြောသည်။ ဝီရပိုက ဘာမှစိုးရိမ်ရန်မလို ကလေးနှင့် ယင်းကို သူစောင့်ရှောက်မည်ဟု ပြောလိုက်သည်။ 

ထိုအဖြစ်အပျက်က ထိုင်းနိုင်ငံရဟန်းတော်များထံ ပေါက်ကြားသွားပြီး အသက် ၃၃ နှစ်အရွယ် ဝီရပိုကို စိတ်ဝင်စားစရာဖြစ်လာချိန်တွင် YouTube ပေါ်က ဗီဒီယိုကြောင့် သူ့နောက်ကို မီဒီယာတွေကလည်း ဝိုင်းလိုက်သည့် အနေအထားကို ရောက်သွားခဲ့ရသည်။ ဝီရပိုလည်း သင်္ကန်းချွတ်ပြီး အမေရိကသို့ ထွက်ပြေးခဲ့ရသည်။ သူ့အကြောင်းကို အစဆွဲထုတ်ရင်းက ရဟန်းအမည်ခံပြီး မှားယွင်းသော ကြော်ငြာများကို ထုတ်ပြန်ခြင်း၊ အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်ခြင်း၊ အခွန်ငွေများ ရှောင်တိမ်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်များ လိမ်လည်ခြင်း၊ ငွေမည်းခဝါချခြင်း၊ တန်ခိုးရှိသူတစ်ဦးအဖြစ် ဟန်ဆောင်ခြင်း၊ လူသတ်မှုကျူးလွန်ခြင်းများဖြင့် တရားစွဲရန် စီစဉ်ကြတော့သည်။ 

ထိုင်းနိုင်ငံတွင် ရဟန်းတစ်ပါးကို ဤမျှများပြားသည့် ပြစ်မှုများ တစ်သီတစ်တန်းကြီးဖြင့် တရားစွဲဆိုထားမှုမျိုး မကြုံတွေ့ခဲ့ဖူးပေ။ ဝီရပိုကလည်း ခေသူမဟုတ်။ သူ့တွင် ထောင်ပေါင်းများစွာသော ကြည်ညိုသူများနှင့် နောက်လိုက်များရှိနေသည်။ သူက ဘန်ကောက်ရှိ နန်းတော်အတွင်းမှာပင် ဉာဏ်တော် ၄၅ စင်တီမီတာရှိသည့် ဗုဒ္ဓရုပ်ပွားမြဆင်းတုတော်ကြီးအား လာရောက်လှူဒါန်းထားသူဖြစ်သည်။ 

သူသည် ရေပေါ်တွင် လမ်းလျှောက်နိုင်သည့် ကိုယ်တော်၊ မိုးပျံကိုယ်တော်၊ နတ်ဒေဝါများနှင့် စကားပြောနိုင်သည့် ကိုယ်တော်၊ အနာဂတ်ကို ကြိုမြင်နိုင်သည့်ကိုယ်တော်၊ မြွေဆိပ်ဖြေကိုယ်တော်အဖြစ်လည်း နာမည်ကျော်သူတစ်ဦးဖြစ်ပြီး ကျေးလက်ပြည်သူတို့ အများဆုံး ယုံကြည်ကိုးကွယ်မှုကို ရရှိထားသူတစ်ဦးဖြစ်သည်။ သူတရားထိုင်နေလျှင် စိတ်နှင့် ကိုယ်ခွဲထွက်သွားတတ်ပြီး ယခင်ဘဝက သူ့ကို ဗုဒ္ဓအဖြစ် ပြန်လည်မွေးဖွားရန် တိုက်တွန်းချက်ကြောင့် လူ့လောကကို ပြန်လည်ရောက်လာရခြင်းဖြစ်သည်ဟု သူကဆိုသည်။ မည်သို့ဆိုစေ ဝီရပိုတစ်ယောက် ဒေါ်လာ ၃၂ သန်းလောက် အဘယ်ကြောင့် ချမ်းသာနေရသနည်းဆိုခြင်းမှာ ထိုင်းထောက်လှမ်းရေးအဖွဲ့ကို ခေါင်းခဲစရာ ဖြစ်လာစေခဲ့သည်။ 

ယင်းသည် ဝီရပိုနှင့် အိပ်ခဲ့သော်လည်း အပြစ်ရှိသည်ဟု မထင်။ သူက ကလေးသာသာရှိသေးသည်။ ထိုင်းနိုင်ငံ ဥပဒေအရ အသက် ၁၅ နှစ်အောက် မိန်းကလေးတစ်ယောက်ကို ကာမကျူးလွန်လျှင် မုဒိမ်းမှုအဖြစ် သတ်မှတ်ထားသည်။ ဝီရပိုက ၁၃ နှစ် အရွယ် ယင်းကို မတော်မတရား ပြစ်မှုကျူးလွန်ထားခြင်းကပင် ဥပဒေအရ ထောင်ဒဏ် အနှစ် ၂၀ လောက် ကျနိုင်သည်။ ဝီရပိုက ယင်းနှင့် သူ့အဘွားကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ လာအိုနယ်စပ်ရှိ ဥဘုံ ရက်ချာသနီ အရပ်ကို ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုဒေသတွင် ဝီရပိုက အိမ်တစ်လုံးကို ငှားပေးထားသည်။ ထိုဒေသကို ဝီရပိုသည် အရပ်သား အဝတ်အစားများဝတ်ဆင်ပြီး မကြာခဏ သွားတတ်သည်။

၂၀၀၂ ခုနှစ်တွင် သူတို့ သားလေးတစ်ယောက် မွေးဖွားခဲ့သည်။ ကလေးကို ဆတူနွမ်ဟု အမည်ပေးသည်။ နွမ်ဟုသူတို့က အတိုကောက်ခေါ်ကြသည်။ ဝီရပိုက သူတို့ထံရောက်လာသော်လည်း ကလေးကို ဘယ်တော့မှမချီ။ ကလေးကို အဝေးကစိုက်ကြည့်နေတတ်ကြောင်း အဘွားအိုကပြောပြသည်။ ယင်းကတော့ ဝီရပိုကို ချစ်ကြောင်းပြောသည်။ သူ့ကို မကြာမီ လူထွက်လာပြီး မိသားစုအတူနေမည်ဖြစ်ကြောင်း ပြောပြသည်ဟု ဆိုသည်။

ရက်ချသနီတွင် ခြောက်လခန့်နေထိုင်ပြီးနောက် ထိုအိမ်ကြီးကို ရဲတွေက ရောက်လာသည်။ မည်သူတွေနေထိုင်သနည်းဟု လာရောက်စုံစမ်းကြခြင်းဖြစ်သည်။ ရဲတွေ လာစုံစမ်းကြောင်း ဝီရပို သိလိုက်ရသည့်အခါတွင် သူတို့သားအမိကို ဘန်ကောက်သို့ ပို့ပြန်သည်။ ဘန်ကောက်တွင် တိုက်ခန်းတစ်ခန်းငှားပြီး ထားခြင်းဖြစ်သည်။ ထိုတိုက်ခန်းကို ဝီရပိုက ဘယ်တော့မှ မလာပေ။ သို့သော် ကောင်မလေးနှင့် သားဖြစ်သူထံ ပုံမှန်ငွေနှင့် အစားအစာများ ပို့ပေးသည်။ 

တစ်နှစ်ခန့် ဘန်ကောက်တွင် နေပြီးနောက် ယင်းသည် နမ်ကျန်းသို့ ရထားစီးပြီး ပြန်လာသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အဖြစ်အပျက်ကို ယင်းက ပြန်ပြောပြရာတွင် -

“ဘန်ကောက်ကို ရောက်ပြီးကတည်းက သူ့ကို မတွေ့ရတော့ဘူး။ စကားလည်း မပြောရတော့ဘူး။ ကလေးကို ကျောင်းထားဖို့လည်း ပိုက်ဆံ မထောက်တော့ဘူး” ဟု မျက်ရည်များဖြင့် ဆိုခဲ့သည်။

ဝီရပိုကို ၁၉၇၉ ခုနှစ် စက်တင်ဘာ ၁၈ ရက် နေ့တွင် မွေးဖွားသည်။ မိဘများမှာ တောင်သူလယ်သမားများ ဖြစ်သည်။ မွေးချင်းလေးယောက်ရှိသည်။ ရက်ချာ သနီဒေသ၊ ဖီဘန်မန်ဆာဟန်တွင် သူတို့ကြီးပြင်းခဲ့ကြရသည်။ သူသည် ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားသူတစ်ဦးဖြစ်သည်။ အသက် ငါးနှစ်သား အရွယ်ကတည်းက ဝတ်ဖြူစင်ကြယ်ဝတ်ပြီး သူတော်စင်အဖြစ် သူ့ကိုယ်သူပြောကာ ကလေးတွေနှင့် ကစားတတ်သည်။ သူ့ကို တစ်ရွာလုံးက အရှူးလေးဟုခေါ်ကြသည်။ ဝီရပိုသည် ၂၀၁၁ ခုနှစ်တွင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ထုတ်သည်။ “Only This Life: Vever To Be Reborn” စာအုပ်ဖြစ်သည်။ ထိုစာအုပ်ထဲတွင် သူ့အကြောင်းတွေကို ရေးသားထားသည်။

အသက် ၁၅ နှစ်အရွယ်တွင် သူသည် သာသနာ့ဘောင်ကိုဝင်သည်။ ၆ နှစ်အကြာတွင် ရဟန်းဘောင်တက်ပြီး တန်ခိုးရှင် ကိုယ်တော်လေးဟု နာမည်ရလာသည်။ ရက်ချာသနီအရပ်တွင် သူ့ကို လူသိများလာသည်။ သူက တောထဲတွင်လှည့်လည်ပြီး တရားကျင့်သည်ဟုဆိုသည်။ လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံများသို့ ရောက်ဖူးသည်။ သူ့ကို မြွေမကိုက်၊ မြွေလည်းမကြောက်။ အဘယ်ကြောင့်ဆိုသော် သူ့ဇနီးသည် ယခင်ဘဝက မြွေဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ 

၁၉၉၉ ခုနှစ်တွင် ရဟန်းဘဝသို့ရောက်ခဲ့ပြီး နောက် ဝီရပိုက သူ့ကိုယ်သူ လောင်ပူကိုယ်တော်အဖြစ် သတ်မှတ်ခေါ်တွင်စေသည်။ သူက စေတီဘုရားများကို လှည့်လည်သွားလာပြီး နောက်ဆုံး ဆီဆာခက် အရပ်ကို ရောက်လာသည်။ ထိုဒေသရှိ သင်္ချိုင်းတွင် တဲလေးတစ်လုံးဖြင့် သူ့ဘဝကို အစပြုကာ စေတီတစ်ဆူကို တည်ထားနိုင်သည်အထိ ရပ်ရွာက လေးစားကြည်ညိုမှုများကို ရရှိခဲ့သည်။ ကြည်ညိုအောင်လည်း သူက အစွမ်းတွေပြခဲ့သဖြင့် ရွာသူရွာသားတွေက သူမှ သူဖြစ်လာသည်။ 

ယခင်က ထိုရွာတွင် စေတီမရှိပေ။ ၂၀၀၂ ခုနှစ်တွင် ဆီဆာခတ်တွင် စေတီဆောက်ရန် သာသနာတော်အဖွဲ့က ခွင့်ပြုခဲ့သည်။ သူ့ကို ကြည်ညိုသူတွေက ပတ်ဝန်းကျင်ရွာများကို ကူးစက်လာသည်။ သူ့တန်ခိုးတွေ စွမ်းအားတွေကိုလည်း ဒဏ္ဍာရီဆန်ဆန် ဖော်ထုတ်ပြောဆိုလာကြသည်။

ဝီရပိုက ရေကန်တစ်ခုဘေးတွင် ဝပ်ပါ ခန္တီသမ် ကျောင်းတော်ကြီးကို တည်ဆောက်သည်။ ဘုန်းကြီးကျောင်းအလယ်တွင် ၁၈ ဒသမ ၅ မီတာမြင့်သော ဗုဒ္ဓဆင်းတုတော်ကြီးကို တည်ဆောက်သည်။ ဆင်းတုတော်ကြီးကို အိန္ဒိယနိုင်ငံက တင်သွင်းလာသည့် ကျောက်စိမ်းတုံးကြီးဖြင့် ထုလုပ်ထားပြီး ထိုဆင်းတုတော်ကြီးတွင် ရွှေသား ကီလိုဂရမ် ၉၀၀၀ ထည့်သွင်းထားသည်ဟု ဆိုသည်။

ရဲများက နောက်ပိုင်းမှ ဆင်းတုကြီးကို စစ်ဆေးရာတွင် ကျောက်စိမ်းနှင့် ထုလုပ်ထားသည်ဆိုသော ရုပ်တုသည် ကွန်ကရစ်ရုပ်တုဖြစ်နေပြီး ရွှေလည်း တစ်စက်မှမပါဟုဆိုသည်။ ယခုတော့ ထိုဆင်းတုကြီးမှာ ရုပ်လုံးတွေပေါ်လာသည်။ ဝီရပိုပြောသလို တန်ဖိုးကြီးသည့် ဆင်းတုတော်ကြီး မဟုတ်တော့ပြီ။

ဝီရပိုကို ထိုင်းနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ကလည်း ကွန်ပျူတာအက်ဥပဒေဖြင့် အရေးယူရန် ပြင်ဆင်သည်။ အွန်လိုင်းပေါ်တွင် သတင်းအတုများတင်ပြီး ငွေများကို လိမ်လည်အလှူခံမှုကြောင့်ဖြစ်သည်။ ထိုရုပ်ပွားတော်ကြီး တည်ဆောက်ရန် ငွေနှင့် ရွှေများကို အလှူခံခဲ့ခြင်းကြောင့် သူ့ကိုအရေးယူရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

ရဲတွေက သူ့ကျောင်းတိုက်ကို သုံးကြိမ်တိုင် ဝင်စီးခဲ့သည်။ မြေအောက်ခန်းထဲတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ထားသည့် ပုံစံများတွေ့ရပြီး ကျောင်းရှိလူများနှင့် ရဟန်းများကို ဆီးများစစ်ဆေးခဲ့သည်။ ဆေးစစ်ဆေးချက်များကို ရဲကထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

နောက်ဆုံး သူ့ပိုင်ဆိုင်မှုတွေကို စာရင်းကောက်ကြသည်။ ဂျက်လေယာဉ်တစ်စီး၊ ရဟတ်ယာဉ်များ၊ ဇိမ်ခံသင်္ဘောတစ်စီး၊ ကာလီဖိုးနီးယားတွင် ဇိမ်ခံတိုက်ကြီးတစ်တိုက်၊ ဆွေမျိုးများအမည်နှင့် ဝယ်ထားသည့် တိုက်ခန်း ၁၀ ခန်း၊ ရိုးရွိုက်စ်ကားအပါအဝင် ကားစီးရေ ၁၀၀ ထဲ၌ မာစီဒီးကား ၂၂ စီးကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ပြင် သူ့ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဒေါ်လာ ၃ သန်းကျော်အား ငွေမည်းခဝါချမှုများ လုပ်ထားကြောင်းလည်း တွေ့ရသည်။ 

ဝီရပို အဘယ်ကြောင့် ချမ်းသာရသနည်းဆိုခြင်းကို ထိုင်းနိုင်ငံက ယနေ့တိုင် အဖြေရှာနေဆဲဖြစ်သော်လည်း ထောင်ဒဏ် နှစ်ရာကျော်ချလိုက်သည်။ နှစ် ၂၀ လောက်သာ ထောင်ထဲနေရမည့် ဝီရပိုတစ်ယောက် ပြန်ထွက်လာလျှင်လည်း သူ့ပိုင်ဆိုင်မှုက မည်မျှရှိမည်ကိုမည်သူမှမသိ။

(Ref: Chiang Rai Times, The New York Times, Channel News Asia)