News

POST TYPE

FEATURE

တရုတ်အနောက်မြောက်ပိုင်းဒေသရှိ ဗလီသစ်ကြီးတစ်လုံးကို အာဏာပိုင်များက ဖြိုချရန်စီစဉ်၊ ဒေသခံမွတ်ဆလင်များနှင့် တင်းမာမှုဖြစ်
12-Aug-2018


ဘေဂျင်း၊ ဩဂုတ် ၁၀

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း နန်ဇီဟာဒေသတွင် အသစ်ဆောက်လုပ်ထားသော ဗလီတစ်လုံးကို အာဏာပိုင်များက ဖျက်ဆီးရန် ပြင်ဆင်လျက်ရှိရာ ယင်းဒေသမှ မွတ်ဆလင်ရာပေါင်းများစွာနှင့် အစိုးရအာဏာပိုင်များအကြား လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

တရုတ်အစိုးရအရာရှိများက ဝီဇူဟု အမည်ရသည့် ယင်းဗလီသစ်ကြီးသည် တရားဝင်ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် ဒေသခံမွတ်ဆလင်များက ဗလီကိုမဖျက်ပစ်ရန် တောင်းဆိုထားမှုနှင့်ပတ်သက်၍ အလျှော့ပေးမည်မဟုတ်ဟုဆိုသည်။ 

“သူတို့က ဗလီကို ပေးထိမှာမဟုတ်ပါဘူး”ဟု ဒေသခံတစ်ဦးက ပြောကြားသွားသည်။ 

တရုတ်အစိုးရအရာရှိများက ဩဂုတ်လ ၃ ရက်နေ့တွင် အဆိုပါဗလီကို ဖြိုချမည်ဖြစ်သည်ဟူသော နို့တစ်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ယင်းဗလီသည် လိုအပ်သောဆောက် လုပ်ရေးခွင့်ပြုချက်မပါဝင်ဘဲ ဆောက်လုပ်ထား၍ ဖြစ်သည်ဟု ဖော်ပြသည်။ 

ယင်းနို့တစ်စာကို လူမှုကွန်ရက် အသုံးပြုသော ဟွာမွတ်ဆလင်အသိုင်းအဝိုင်းအကြား ပျံ့နှံ့သွားပြီးနောက် ဗလီမဖျက်ရန် ဟန့်တားသည့် ဒေသခံမွတ်ဆလင်များနှင့် အာဏာပိုင်များအကြား လိပ်ခဲတည်းလည်းဖြစ်သည့် အနေအထားသို့ ရောက်လာခြင်းဖြစ်သည်ဟု Reuters သတင်းကဆိုသည်။ 

မွတ်ဆလင်အများစုက စောဒကတက်ကြသည်မှာ ယင်းဗလီကို ၂ နှစ်ကျော် ခန့်ကြာမျှ ဆောက်လုပ်ခဲ့ရသည်ဖြစ်ရာ ဆောက်လုပ်နေစဉ်အတွင်း အဘယ့်ကြောင့် အာဏာပိုင်များက မတားဆီးခဲ့ကြသနည်းဟူသော မေးခွန်းပင်ဖြစ်သည်။ 

ကြာသပတေးနေ့က ဗလီအပြင်ဘက်တွင် မဖြိုဖျက်ရေးအတွက် ဒေသခံ မွတ်ဆလင်များ စတင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

DW သတင်းဌာနက ဒေသခံသတင်းရင်းမြစ်များကို ကိုးကားဖော်ပြချက်အရ ဟွာမွတ်ဆလင်ရာပေါင်းများစွာသည် ဗလီသစ်ကြီး ဖျက်ဆီးမခံရရေးအတွက် ထိုင်ရာမထ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

ဒေသအစိုးရအရာရှိများသည် ပြီးခဲ့သည့် သောကြာနေ့က အဆိုပါ ဗလီသစ်ကြီးကို ဖြိုချဖျက်ဆီးရေးအတွက် စီစဉ်ဆောင်ရွက်ရမည့် နောက်ဆုံးအချိန်ကန့်သတ်ချက်ကို ထုတ်ပြန်ပေးခဲ့သည်ဟု ဆိုသည်။ တရုတ်အစိုးရက အရှေ့အလယ် ပိုင်းဒေသပုံစံ တာဝါလေးခုပါ ဗလီနေရာတွင် တရုတ်ရိုးရာဟန်ပန်အသားပေးသော အဆောက်အအုံပုံစံဖြင့် ဆောက်လုပ်ရန် အဆိုပြုခဲ့သော်လည်း ဗလီနှင့်သက်ဆိုင်သော ဘာသာရေးခေါင်းဆောင်များက ပယ်ချခဲ့သည်။ 

တရုတ်နိုင်ငံတွင် မွတ်ဆလင်များမှာ လူနည်းစုဖြစ်ပြီး စုစုပေါင်း ၂၃ သန်း ခန့်ရှိသည်။ ယခုတင်းမာမှုဖြစ်ပေါ်နေသည့် နန်ဇီဟာပြည်နယ်တွင်မူအစ္စလာမ်ဘာသာ ဝင်ဦးရေ ပိုမိုများပြားပြီး ၎င်းတို့သည် ရာစုနှစ်နှင့်ချီ၍ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ 

လူ့အခွင့်အရေးအုပ်စုများကမူ တရုတ်နိုင်ငံတွင် မွတ်ဆလင်လူနည်းစုများအပေါ် ဖိနှိပ်ရန်စပြုမူမှုများ ပိုမိုများပြားလာသလို ပြည်ပဘာသာများ ကြီးထွားမလာစေရန် အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

F-01