News

POST TYPE

FEATURE

မူဂါဘီအလွန် ပထမဆုံး ဇင်ဘာဘွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အများဆုံးလာရောက်မဲပေး


ဟာရာရီဇူလိုင် ၃၁

ဇင်ဘာဘွေနိုင်ငံတွင် ကာလရှည်ကြာအုပ်စိုးခဲ့သူ ရောဘတ်မူဂါဘီအလွန် ပထမဆုံးကျင်းပသော ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မဲရုံများကိုပိတ်လိုက်ပြီး မဲများကို ရေတွက်နေဆဲဖြစ်သော်လည်း လက်ရှိ ဆက်ခံသူ မနန်ဂါဝါနှင့် အတိုက်အခံခေါင်းဆောင် နယ်လ်ဆင်ချမ်မီဆာတို့အကြား အကြိတ်အနယ် ယှဉ်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုရွေးကောက်ပွဲသည် ဖိနှိပ်အုပ်ချုပ်ခံခဲ့ရသော ဇင်ဘာဘွေ၏ အတိတ်ကို ချိုးဖျက်ရန် အခွင့်အလမ်းဖြစ်သည်ဟု နိုင်ငံတကာအကဲခတ်များက အမွှန်းတင်ကြသည်။

တရားဝင်ရလဒ်များကို ငါးရက်အတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ပြီး ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်ရရှိသော သမ္မတလောင်းမရှိပါက စက်တင်ဘာ ၈ ရက်တွင် နောက်တစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လူထုသဘောထားစစ်တမ်းများအရ အာဏာရ ဇာနူးပါတီခေါင်းဆောင် မနန်ဂါဝါသည် အတိုက်အခံ MDC ပါတီ ခေါင်းဆောင်ချမ်မီဆာကို အနည်းငယ်သာအသာရသည်ကို တွေ့မြင်ရသည်။

မြို့တော်ဟာရာရီမှ တစ်နာရီခရီးမျှသာဝေးသော ဒွန်ဘိုရှာဝါကျေးရွာမှ မဲဆန္ဒရှင်တစ်ဦးက ယခင် ၂၀၀၈ နှင့် ၂၀၁၃ ရွေးကောက်ပွဲများတွင် ဇာနူးပါတီကို ထောက်ခံခြင်းမပြုပါက ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အကြမ်းဖက်မှုများမတွေ့ရသောကြောင့် ကောင်းသောလက္ခဏာဖြစ်သည်ဟု မှတ်ချက်ပေးသည်။

အတိုက်အခံခေါင်းဆောင် ချမ်မီဆာ ၄၀ နှစ်သည် ဟာရာရီမြို့ ဆင်ခြေဖုံး လူစည်ကားသောမဲရုံတွင် မဲပေးကာ လှုံ့ဆော်ခဲ့ပြီး ၎င်းကိုထောက်ခံသူများက ချမ်မီဆာ၏အမည်ကို ကြွေးကြော်ခဲ့ကြသည်။

ဇာနူးပါတီခေါင်းဆောင် မနန်ဂါဝါ ၇၅ နှစ်ကမူ နိုင်ငံအလယ်ပိုင်းကွီကွီမြို့ရှိ စာသင်ကျောင်းတွင် ဖွင့်ထားသော လူရှင်းသည့်မဲရုံတွင် မဲပေးခဲ့သည်။

မဲပေးရန် မှတ်ပုံတင်ထားသော ဇင်ဘာဘွေပြည်သူ ၅ ဒသမ ၆ သန်း ကျော်တွင် ထက်ဝက်ခန့်မှာအသက် ၃၅ နှစ်အောက်အရွယ်များဖြစ်သည်။ 

ရွေးကောက်ပွဲကော်မရှင်က အမည်ခံလူစားမဲပေးသူများကို ဖယ်ရှားရန်အတွက် ဇီဝစစ်ဆေးမှုစနစ်ကို ကျင့်သုံးထားသော်လည်း မဲဆန္ဒရှင်စာရင်းတွင် မမှန်ကန်မှုများရှိသည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။ ကော်မရှင်ကမူယုံကြည်စိတ်ချရသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ပြောဆိုထားသည်။

ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှုကို လေ့လာရန်အတွက် ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အကဲခတ် ရာဂဏန်းရောက်ရှိလာခဲ့သည်။ အီးယူ အကဲခတ်အဖွဲ့ခေါင်းဆောင် အယ်လ်မာဘရွတ်က အကဲဖြတ်ချက်ပေးရန် စောသေးသော်လည်း မဲပေးပွဲသည် အချို့နေရာများတွင် အလွန်ချောမွေ့ခဲပြီး အချို့နေရာများတွင် လုံးဝစနစ်မကျခဲ့ဟု မှတ်ချက်ပေးထားသည်။

F-04