News

POST TYPE

FEATURE

မကွေးတိုင်းအစိုးရက အွန်လိုင်းဝန်ဆောင်မှုများပေးမည့်ရုံးဖွင့်
01-Aug-2018


မကွေး၊ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများအကြားချိတ်ဆက်မှုများ လျင်မြန်ပြီး ဝန်ကြီးဌာနအသီးသီး၏ ဝန်ဆောင်မှုများ လွယ်ကူစေရန်အတွက် အွန်လိုင်းဝန်ဆောင်မှု ၁၇ မျိုးပေးနိုင်မည့် e-Government Central Control Room ကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။

“e-Government စနစ်သာရှိမယ်ဆိုရင် ဒေသရဲ့စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူတွေကို ဝန်ဆောင်မှုပေးမှု ကိစ္စအဝဝတွေကို တိုးတက်မြန်ဆန် မှန်ကန်မှုရှိလာမှာဖြစ်တယ်။ ဒါကြောင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေမယ့် အတွေ့အကြုံ အလေ့အကျင့်ကောင်းတွေကိုလည်း ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်တယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။

အဆိုပါ အွန်လိုင်းဝန်ဆောင်မှုများတွင် ဗီဒီယိုလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ စားသောက်ဆိုင် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း၊ အုတ်သဲကျောက် မြေနီထုတ်လုပ်ခွင့်၊ အိမ်သုံးမီတာတပ်ဆင်ခွင့်များနှင့် စီးပွားရေးကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းများ အစရှိသဖြင့် ပါဝင်ကြောင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးအောင်စိုးမိုးက ပြောကြားသည်။ 

R-23



  • VIA