News

POST TYPE

FEATURE

အွန်လိုင်းပေါ်က လိင်လုပ်သားများဘဝ
17-Jul-2018 tagged as အွန်လိုင်း



လော်ရင်းတစ်ယောက် သူ့ကို ချိန်းဆိုထားသည့်ရက်များကို အပျက်မခံရဲပါ။ သူ့ဝက်ဘ်ဆိုက်ပေါ်တွင် “အလှနှင့် ဦးနှောက်ရှိသူကို ဆက်သွယ်လိုက်ပါ။ စွန့်စားလိုသူများအတွက် သီးသန့်” ဟု သူကကြော်ငြာဆန်ဆန်ရေးတင်ထားသည်။ သူက မော်ဒယ်လုပ်သလို Penthhouse လို မဂ္ဂဇင်းတွင် သီးခြားဓာတ်ပုံအရိုက်လည်း ခံပေးတတ်သည်။ လော်ရင်းတစ်ယောက် လိင်စီးပွားရေးကို အွန်လိုင်းပေါ်တွင် ချိတ်ဆက်ပြီး လုပ်သည်။ သူက လူကြီးလူကောင်းဟု ယူဆရသူတွေနှင့်လည်း အွန်လိုင်းတွင် ချိတ်ဆက်ပြီး အခြေအနေပေးလျှင် ချိန်းတွေ့သည်။

လူကြီးလူကောင်းဟု (လော်ရင်းအပြော) ခေါ်သူများက သူ့ကိုခေါ်လျှင် တစ်နာရီအတွက် ဒေါ်လာ ၅၀၀၊ မိနစ် ၉၀ အတွက် ဒေါ်လာ ၇၅၀ နှင့်၊ တစ်ညလုံးအတွက်ဆိုလျှင် ဒေါ်လာ ၅၀၀၀ ပေးရမည်ဖြစ်သည်။ အမေရိကန်တွင် ယခုလို လုပ်စားနေသည့် အွန်လိုင်းလိင်လုပ်သားများ၏ ထက်ဝက်တို့ လုပ်နေကျ ထုံးစံအတိုင်း ပိုက်ဆံကို အွန်လိုင်းကတစ်ဆင့် ချက်နှင့် လွှဲပေးမှ သူ့ကို ဆက်သွယ်နိုင်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယော့စီတီးတွင် လူနေမှုစရိတ်က အလွန်မြင့်မားသည်။ သူတို့ဘဝတွေကို လမ်းပေါ်ကလို လူလုံးထွက်ပြရသည်မဟုတ်။ ဝက်ဘ်ဆိုက်ပေါ်ကို ပုံရိပ်တွေတင်ရသည်။ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရသည်။ ၆ နှစ်တာကာလအတွင်း သူ့ကိုယ်သူ ခွဲစိတ်ပြုပြင်ထားမှု ၈ ကြိမ်လုပ်ခဲ့ပြီးဖြစ်သည်။ ထို့အတွက်ကပင် ဒေါ်လာ ၂၄၀၀၀၀ ခန့် ရင်းနှီးခဲ့ရသည်။ သူ့လို မော်ဒယ်ဘဝနှင့် လိင်လုပ်သားဘဝကို တွဲထားသူတစ်ဦးအနေနှင့် ထိပ်တန်းရောက်နေရန်ဆိုသည်မှာ နာမည်ကျော် လူကြီးလူကောင်းလောကတွင် သတင်းမွှေးနေရန်လည်း လိုအပ်သည်။

“ကျွန်မ မော်ဒယ်လုပ်လို့ရတဲ့ ပိုက်ဆံတွေအားလုံး ပြုတ်သွားလုနီးနီး ရင်းလိုက်ရတယ်။ အိမ်တစ်လုံးကို တောဘက်မှာ ဝယ်ရတယ်။ ကျွန်မနဲ့အတူ အမြင်မခံချင်တဲ့ သောက်လူကြီးလူကောင်းတွေ အတွက်ပေါ့။ အဲဒီမှာ ကျွန်မနဲ့ ကျွန်မခွေးလေးပဲနေတယ်” ဟု လော်ရင်းကဆိုသည်။ ဤသည်က ကြေးကြီးသည့် မော်ဒယ်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ဖြစ်သည်။

အန်နာတစ်ယောက် ဟိုတယ်ကိုရောက်လာသည်။ သူက ဧည့်ကောင်တာတွင် သူ့ကိုခေါ်ထားသည့် အခန်းနံပါတ်ကို ပြောလိုက်သည်။ ဧည့်ကြိုဝန်ထမ်းက ဤအခန်းနံပါတ် သူတို့ဟိုတယ်တွင် မရှိကြောင်း ပြောသည်။

မတ်လ ညပိုင်းအချိန်တွင်ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် လိင်လုပ်သားအန်နာတစ်ယောက် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ဆီက သူ့ကိုဆက်သွယ်သည့် စကားကို အွန်လိုင်းပေါ်ကရလိုက်သည်။ သူက သူ့ကိုယ်သူ ဂျာမနီမှ တိုးရစ်တစ်ယောက်ဖြစ်ကြောင်း ပြောသည်။ အန်နာက အွန်လိုင်းကပင် သူ့ကို စာပြန်လိုက်သည်။ သူချိန်းသည့် ဟိုတယ်ဧည့်ခန်းတွင် စောင့်နေမည်ဟု ဖြစ်သည်။ သူစောင့်နေစဉ် လူနှစ်ယောက်ရောက်လာပြီး သူ့ကိုဖမ်းချုပ်ကာ ဟိုတယ်အပြင်ကို ခေါ်ထုတ်သွားသည်။ သူတို့က သူ့ကို ကားဆီသွားမယ်ဟုပြောလိုက်သည်။

အန်နာက သတိရလိုက်ပြီး လမ်းပေါ်က တွေ့သူတွေကို အကူအညီတောင်းလိုက်သည်။ လင်မယားနှစ်ယောက်က သူ့ထံကို အကူအညီပေးရန် ပြေးလာကြသည်။ သူ့ကိုဖမ်းချုပ်လာသောလူနှစ်ယောက်က သူ့ကို ပြည့်တန်ဆာမဖြစ်ကြောင်း ပြောသည်။ သူတို့က သူ့ထံကရထားသည့် ဖုန်းထဲက စာကိုပြနိုင်ကြောင်းလည်း ပြောကြသည်။ ထို့ပြင် သူတို့အိတ်ထဲက ID ကတ်ကို ထုတ်ပြလိုက်ပြီး သူတို့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများဖြစ်သည်ဟုလည်း ပြောကြသည်။ သူတို့က ရဲကိုခေါ်လိုက်မည်ဟုလည်းပြောသည်။ အန်နာကို ဖမ်းရန်မဟုတ်ကြောင်း၊ သူတို့က အန်နာကို သူနေထိုင်သည့်အခန်းကို ပြန်ပို့ပေးလိုသောကြောင့် ခေါ်သွားမည်ဖြစ်ကြောင်း လူတွေကိုရှင်းပြနေသည်။ 

ထိုသူများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ဝင်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သူ့အနေနှင့် ထိုလူများခေါ်သည့်နောက်ကို မလိုက်နိုင်။ သူတို့က အန်နာ့ထံသို့ စာပို့သည့် သူများလည်း ဖြစ်နိုင်သည်။ စာပို့ပြီး ထောင်ဖမ်းကာ ငွေညှစ်ကောင်းညှစ်နိုင်သည်။ သူတို့ခေါ်ရာနောက် လိုက်သွားလျှင် ဘာဖြစ်မည်ဆိုခြင်းကို မတွေးနိုင်သည့် အနေအထားတွင်ရှိသည်။

အန်နာက ထိုအကြောင်းများကို ဆိုရှယ်မီဒီယာပေါ် ရေးတင်သည်။ ထိုလူနှစ်ယောက်ပုံတွေကိုလည်း တင်ပေးလိုက်သည်။ သူက သူ့လို လိင်လုပ်သားတွေအား သတိပေးလိုက်ခြင်းဖြစ်သည်။ သူ့ပို့စ်အောက်တွင် ထိုလူနှစ်ယောက်သည် လုပ်စားနေသူများဖြစ်ကြောင်း ထောက်ခံပြောဆိုသူ သုံးဦးရှိသည်။ သူတို့ကို တရားစွဲရန်အတွက် ရှေ့နေတစ်ဦး၏ ဖုန်းနံပါတ်ကိုပါ ပေးသူတွေရှိလာသည်။ အွန်လိုင်းပေါ်ကတစ်ဆင့် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်စားနေကြသည့် သူတို့အတွက် ရဲကိုအားကိုး၍မရနိုင်။ ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်ရမည်ဖြစ်ကြောင်း သူတို့ကောင်းကောင်းသိထားကြသည်။ 

အွန်လိုင်းပေါ်တွင် ရုရှားဘာသာစကားဖြင့် ဝက်ဘ်ဆိုက် Forum တစ်ခုကို ဖန်တီးထားသည်။ ယင်းဖိုရမ်ထဲတွင် လိင်လုပ်သားတို့အပေါ် မတရားပြုကျင့်တတ်သည့် အမည်ပျက်စာရင်းဝင်များ၊ အဖွဲ့များ၊ ဟိုတယ်များနှင့် နေရာများကို ဖော်ပြထားသည်။ ကမ္ဘာ့နေရာ အနှံ့အပြား နာမည်ဆိုးစာရင်းတွေလည်းပါသည်။ အန်နာတို့လို ကြုံရာကျပန်း လိုက်နေသူများအတွက် အွန်လိုင်းပေါ်က အချက်အလက်များက အသုံးတည့်နိုင်သည်။ 

ထိုလိုင်းပေါ်တွင် အကြမ်းဖက်တတ်သည့် ဖောက် သည်တို့အကြောင်း ရေးတင်ထားသည့် ပို့စ်ပေါင်းများစွာရှိသည်။ ရဲတွေ၏ ယုတ်မာပုံတွေလည်းပါသည်။ နိုင်ငံတကာမှ လိင်လုပ်သားတွေအတွက် တရားဥပဒေဆိုင်ရာ အကြံပေးချက်တွေကိုလည်း တွေ့ရမည်ဖြစ်သည်။ အွန်လိုင်းပေါ်တွင် လိင်လုပ်သားများဘက်ကရပ်တည်ပြီး စာနာစိတ်ဖြင့် စေတနာ့ဝန်ထမ်း ဖေးမစာနာသူတွေများစွာရှိသည်။ သို့သော် ထိုလိုင်းများက လက်ရှိသုံးစွဲနေသူတစ်ဦးဦးက ဖိတ်ခေါ်လိုက်သည်ကို လက်ခံကြောင်းပြောလိုက်မှ ဝင်ကြည့်၊ ဝင်ဖတ်နိုင်သည်။ 

ထိုအွန်လိုင်းဖိုရမ်များသည် အန်နာတို့လို လိင်လုပ်သားတွေကို များစွာအကျိုးပြုသည်။ မသင်္ကာသူဆိုလျှင် အချင်းချင်းမေးနိုင်သည့် ဖုန်းနံပါတ်တွေရှိသည်။ လမ်းပျော်လိင်လုပ်သားအများစုမှာ အွန်လိုင်းကိုအသုံးပြုနိုင်ရန် အခွင့်အလမ်းနည်းပါသည်။ သို့သော် သူတို့တွင် တစ်ဆင့်စကားတွေတော့ရှိသည်။ ယူကရိန်းနိုင်ငံတွင် လိင်လုပ်ငန်းသည် တရားမဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိလျှင် ၁၀ ဒေါ်လာခန့်ဒဏ်ရိုက်သည်။ သို့သော် ယူကရိန်းတွင် လိင်လုပ်သား ၈၀၀၀၀ ခန့်ရှိကြောင်း  NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Legal-Life အဖွဲ့ကဆိုသည်။ သူတို့ကို ထောင်ဖမ်းသည့်နည်းမှာ ခေတ်သစ်တွင် ရဲတွေက အွန်လိုင်းကတစ်ဆင့် စာပို့ပြီး ဆက်သွယ်ခြင်းဖြစ်သည်။ ထို့နောက် ငွေညှစ်ခြင်း၊ မတရားအနိုင်ကျင့်ခြင်းများကို ကျူးလွန်တတ်ကြသည်။ 

၂၀၁၄ ခုနှစ်တွင် Legal-Life အဖွဲ့က ယူကရိန်းမှ လိင်လုပ်သားများကို လိုက်လံစစ်တမ်းကောက်ကြသည်။ ၄၀ ရာခိုင်နှုန်းခန့်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံကြရပြီး ၆၀ ရာခိုင်နှုန်းခန့်မှာ ငွေညှစ်ခံခဲ့ကြရသည်။ အန်နာတစ်ယောက် လိင်လုပ်သားဘဝရောက်နေသည်မှာ ၂၂ နှစ်အရွယ်ကတည်းကဖြစ်သည်။ သူလည်း ဤလောကကို အတင်းအဓမ္မကျင့်ခံရပြီးမှ ရောက်လာခဲ့ရခြင်းဖြစ်သည်။ ဘွဲ့ရပြီးနောက် အလုပ်ရှာသည်။ ဆူပါမတ်ကက် တစ်ခုတွင် တစ်လ ဒေါ်လာ ၂၀၀ ခန့်ဖြင့် အချိန်ပြည့်အလုပ်ဆင်းပေးရသည်။ ကြော်ငြာမန်နေဂျာအလုပ်က ဝင်ငွေကောင်းသဖြင့် ထိုဘဝမျိုးရောက်ရန် သူစိတ်ကူးယဉ်ခဲ့ဖူးသည်။ 

သူ့ကိုကြော်ငြာလုပ်ငန်းတစ်ခုက ဆွဲဆောင်လျက်ရှိသည်။ သို့သော် ထိုလုပ်ငန်းက ယူကရိန်း၏ အကြီးဆုံးသော လိင်လုပ်ငန်းအေဂျင်စီကြီးတစ်ခုဖြစ်နေသည်။ ရဲတပ်ဖွဲ့ကလည်း ထိုအေဂျင်စီကြီးအကြောင်း ကောင်းကောင်းသိထားသည်။ ထိုကုမ္ပဏီက သူ့ကို အလုပ်ခန့်လိုက်သည်။ သို့သော် ရသည့်ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းအဖြတ်ခံရသည်။ သို့သော် အန်နာအမှန်တကယ်ရသည်က ၃၀ ရာခိုင်နှုန်းသာဖြစ်သည်။ သူက တစ်နာရီကို ဒေါ်လာ ၃၀ ခန့်ဖြင့် အလုပ်လုပ်ပေးနေရသည့်သဘောဖြစ်သည်။

သူတို့ဆီတွင် ဤမျှဝင်ငွေကောင်းသည့် အခြားလုပ်ငန်းကလည်းမရှိဖြစ်နေသည်။ ရဲတွေအတွက် လိုင်းကြေးကလည်း ပေးရသေးသည်။ သူလုပ်နေသည့် ဗာဆီလီလုပ်ငန်းက ကြော်ငြာအားကောင်းကောင်းဖြင့် အွန်လိုင်းတွင်လှုပ်ရှားသည်။ အမျိုးသမီးတစ်ဦးချင်း၏ ဖုန်းနံပါတ်တွေကိုလည်း သူတို့ချုပ်ကိုင်ထားသည်။ ကုမ္ပဏီအနေနှင့်လည်း ရဲတွေကို လိုင်းကြေးကောင်းကောင်းပေးထားသည်။ ရဲတွေကလည်း အွန်လိုင်းပေါ်တွင် တွေ့လိုက်သည့် လိင်လုပ်သားတစ်ယောက်ကို မည်သည့်အေဂျင်စီအောက်တွင် ရှိနေကြောင်း ကောင်းကောင်းသိထားကြသည်။ 

ယူကရိန်းတွင် ရဲတွေအကျင့်ပျက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့တွင် ခြစားနေပြီး သူတို့ နှိမ်နင်း၍ မကုန်နိုင်လောက်အောင်ဖြစ်နေကြောင်း ဖွင့်ဟဝန်ခံကြသည်။ ၂၀၁၇ ခုနှစ်က ရဲတပ်ဖွဲ့ဝင်ငါးဦးကို လူကုန်ကူးမှုနှင့် အရေးယူခဲ့ပြီး၊ လူလေးဦးကိုလည်း ရဲတပ်ဖွဲ့ဝင်များကို လာဘ်ပေးမှုဖြင့် အရေးယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

လိင်လုပ်သားတွေက ရဲတွေကို လာဘ်ထိုးပြီး လုပ်စားနေကြရသည်။ သူတို့ကို ခုခံကာကွယ်ပေးမည့်သူတွေမရှိ။ သူတို့ဘဝက အဖမ်းခံပြီး ဒဏ်ငွေဆောင်မည်လော၊ ထောင်ကျခံမည်လော နှစ်လမ်းသာရှိသည်။ ကံမကောင်းလျှင် အစော်ကားခံရဦးမည်။ ထို့ကြောင့် လိင်လုပ်သားတွေဘဝက ရဲနှင့် မငြိအောင်နေကြရသည်။ သို့ရာတွင် ၂၀၁၇ ခုနှစ်က ယူကရိန်းတွင် ပြည့်တန်ဆာကိစ္စဖြင့် တရားစွဲခံထားရသည့် အမှုပေါင်း ၇၀၀ ကျော်ခန့်ရှိခဲ့သည်။

ဒိုရိုဟိုဗာသည် ယခင်က လိင်လုပ်သားအဖြစ် အသက်မွေးခဲ့သူဖြစ်သည်။ သူက အမျိုးသမီးအများစုမှာ ထိုဒုက္ခတွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရုန်းထွက်လိုသူများဖြစ်ကြောင်းပြောသည်။ သို့သော် ဆင်းရဲမွဲတေမှုနှင့် ဒေသဆိုင်ရာ အကြမ်းဖက်မှုများကြောင့် သူတို့တွင်လည်း ထိုအလုပ်ကို လုပ်စားရန်မှတစ်ပါး အခြားရွေးချယ်ရန်မရှိသည့် အနေအထားဖြစ်နေကြောင်းပြောကြားသည်။ လက်ရှိ အနေအထားတွင် အမျိုးသမီးများအတွက်လည်း လိင်လုပ်ငန်းကလွဲပြီး အခြားဝင်ငွေကောင်းသည့် လုပ်ငန်းမရှိဖြစ်နေသည်။ 

နာတယ်လီယာ အိုင်ဆီဗာသည် Legal-Life တွင် ညွှန်ကြားရေးမှူးရာထူးကို ယူထားသည်။ သို့သော် သူလည်း ယခင်က လိင်လုပ်သားဘဝတွင် ကျင်လည်ခဲ့သူဖြစ်သည်။ သူအဘယ်ကြောင့် ဤဘဝရောက်ခဲ့ရသနည်းဆိုခြင်းကို ပြန်ပြောင်းပြောပြသည်။

“ကျွန်မက လင်မရှိတဲ့ ကလေးအမေဘဝကို ခံယူထားရသူပါ။ ကလေးကို ပြုစုပျိုးထောင်ဖို့ အများကြီး ရုန်းကန်တိုက်ပွဲဝင်ခဲ့ရတယ်။ ကျွန်မမှာ ဘာပညာမှလည်း မရှိဘူး။ တစ်ညတော့ ဆူပါမတ်ကက်မှာ တစ်ရက် ၁၂ နာရီ ဆင်းရတဲ့ လုပ်အားခကို ခဏလေးနဲ့ရမယ့်အလုပ်ကို လူတစ်ယောက်က ကမ်းလှမ်းတယ်။ ကျွန်မမှာ ရွေးချယ်စရာမရှိတော့ဘူး” ဟု သူကဆိုသည်။

“ယောကျာ်းတွေက လိင်ကိစ္စပြီးလို့ ပိုက်ဆံပေးရင် သူတို့ဆန္ဒတွေပြီးသွားပြီဖြစ်လို့ လေးစားရကောင်းမှန်းလည်း သိချင်မှသိတော့တာ။ တစ်ယောက်ဆိုရင် ကျွန်မနဲ့အတူနေတုန်း လည်ပင်းတောင်ထညှစ်တာ။ ကျွန်မကို ခေါ်လာတဲ့သူတွေက ဂရုတောင်မစိုက်ဘူး။ သူတို့ဖောက်သည်က နာမည်ပျက်စာရင်းဝင် မဟုတ်ဘူးလို့တောင် ပြောသေးတယ်”

နာတယ်လီယာ သုံးနေသည့် ဝက်ဘ်ဆိုက်တွင် အသုံးပြုနေသည့် အဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ခန့်ရှိသည်။ နေ့စဉ် ဝင်ရောက်ကြည့်ရှုနေသူပေါင်းက ၁၆၀၀၀ ခန့် ဖြစ်သည်။ သူတို့ ဝက်ဘ်ဆိုက်က စည်းကမ်းတင်းကျပ်ထားသည်။ ကြော်ငြာလက်မခံ၊ တားမြစ်ထားသည့်အချက်ကို ဖောက်ဖျက်သူအား အွန်လိုင်းတွင် ထုတ်ပြန်ထားသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်တွေကိုမတင်။ ထိုဖိုရမ်ထဲတွင် သူတို့အချင်းချင်း အပြန်အလှန်ဆက်သွယ်နိုင်သည်။ အကြံတွေပေးနိုင်သည်။ သတင်းတွေပေးနိုင်သည်။ 

တရားဥပဒေအရ ခွင့်မပြုထားသည့် လုပ်ငန်းတစ်ခုကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်ရန် လိင်လုပ်သားတွေက သူတို့နည်းသူတို့ဟန်များဖြင့် ကြိုးစားနေသည်။ အွန်လိုင်းပေါ်တွင် သူတို့အသိုင်းအဝိုင်းဖြင့်သူတို့ ရပ်တည်နိုင်ရေးကို လိင်လုပ်သားတွေက ကြိုးစားနေကြခြင်းဖြစ်သည်။

(Ref: Sex Workers Vs. The Internet, Longreads)