News

POST TYPE

FEATURE

အလည်လွန်ကလေးများနှင့် ထန်လွန်ဂူဇာတ်လမ်း စဆုံးလုံးချင်း
16-Jul-2018


ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဖြစ်ခဲ့သမျှသည် အပြန်အလှန် ရိုင်းပင်းကူညီမှု၊ လူသား၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သွေးမတော် သားမစပ် ကလေးများအတွက် စွန့်လွှတ်ပေးဆပ်နိုင်စွမ်းတို့ကြောင့် အမှတ်ရနေကြရမည့် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်သည်။

မွေးနေ့ကစသည့်ဇာတ်လမ်း

ဇွန် ၂၃ သည် ပီယာပတ် “နိုက်” ဆွမ်ပီယန်ဂျိုင်၏ ၁၇ နှစ်ပြည့် မွေးနေ့။ မဲဆိုင်ခရိုင် ကျေးလက်ရွာကလေးရှိ သူတို့အိမ်မှာ သူ့မိသားစုက သူကြိုက်သည့် SpongeBob  SquarePants ပုံစံ အဝါတောက်တောက် မွေးနေ့ကိတ်နှင့် အရောင်စုံလက်ဆောင်ပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားကြသည်။

သို့သော်လည်း နိုက်တစ်ယောက် အိမ်စောစောပြန်ဖို့ရာ မရှိ။ “တောဝက်”ဟု အမည်ပေးထားသော ဒေသခံလူငယ်ဘောလုံးအသင်းမှ ကစားဖော်သူငယ်ချင်းများ၊ အသင်း၏ လက်ထောက်နည်းပြ အက္ကာပိုလ် “အကီ” ချန်တာဝေါင်တို့နှင့်အတူ ထရိန်နင်းဆင်းသည်။ ထရိန်နင်အပြီးမှာ တောင်ကုန်းတွေပေါ် စက်ဘီးကိုယ်စီဖြင့် အပြိုင်နင်းကြပြန်သည်။ ကလေး ၁၂ ယောက်၊ ၂၅ နှစ်သာရှိသေးသော နည်းပြတစ်ဦး၏ လူငယ်သဘာဝ စွန့်စားခန်း။

သူတို့ဦးတည်ရာက ထန်လွန်ဂူ။ မဲဆိုင်နယ်ကိုအုပ်မိုးနေသည့် တောင်တန်းကြီး၏ ချောင်ကြိုချောင်ကြား၊ ဂူကြိုဂူကြား သွားလာစွန့်စားရသည်က ယောကျာ်းလေးများအကြိုက် စွန့်စားခန်းကြီးဖြစ်သည်။

ထန်လွန်ဂူဝမှာ သူတို့ စက်ဘီးတွေ၊ အိတ်တွေထားခဲ့ကြသည်။ သူတို့တွေ ထန်လွန်ဂူထဲ မကြာခဏဆိုသလို လျှောက်သွားတတ်ကြသည်။ တစ်ခါတလေ အတွင်းပိုင်း ၈ ကီလိုမီတာလောက်အထိဝင်ပြီး ကျောက်နံရံမှာ အသင်းဝင်သစ်နာမည် ရေးထိုးခြင်းအခမ်းအနားကျင်းပကြသည်။ 

ငယ်ရွယ်တက်ကြွသူများမို့ ခဲရာခဲဆစ်နေရာများကိုပါ ဓာတ်မီးအားကိုးနှင့် ရအောင်ဝင်လေ့ရှိသည်။ “နိုက်”၏ မွေးနေ့လည်းရှိသောကြောင့် ဂူထဲတွင် တစ်နာရီလောက်သာနေဖို့ ရည်ရွယ်ထားရာ ပစ္စည်းပစ္စယများများစားစား မပါခဲ့။ သို့သော်လည်း နောင်နှစ်ပတ်ကြာသည်အထိ သူတို့ ပြန်ထွက်မလာနိုင်ခဲ့။

“နိုက်”၏အိမ်မှာတော့ မိသားစုက စိုးရိမ်နေကြပြီ။ မွေးနေ့ကိတ်ကို မီးမှုတ်မည့် မွေးနေ့ရှင်က ပေါ်မလာ။

တောဝက်တွေဘယ်မှာလဲ

တိမ်ထုနှင့်ထိစပ်သည်အထိမြင့်မားသော ထိုင်းနှင့်မြန်မာကို စည်းခြားပေးထားသည့် တောင်တန်းကြီး၏အောက်ခြေတွင် ၁၀ ကီလိုမီတာမျှရှည်လားသည့် မြွေလိမ်မြွေကောက်ပမာ ရှုပ်ထွေးသော ထန်လွန်ဂူကွန်ရက် တည်ရှိသည်။ ထန်လွန်ဂူသည် ထိုင်းတွင် စတုတ္ထအကြီးဆုံး ဂူကွန်ရက်ဖြစ်သည်။

အမျိုးသမီးတစ်ဦးလဲလျောင်းနေသည်နှင့် သဏ္ဍာန်တူသောကြောင့် ထန်လွန်ခွန်နမ်နန်နွန်ဟု အမည်ပေးထားသောနေရာသည် ဒဏ္ဍာရီများကြောင့် ခြောက်ခြားစရာကောင်းသလို လေ့လာရေးခရီးထွက်သူများ၊ စွန့်စားလိုသော ကလေးများအကြိုက်နေရာလည်းဖြစ်သည်။

ယခင်ကလည်း ထန်လွန်ဂူထဲမှာ လူတွေဘာတွေ ပျောက်တတ်သည်။ ထိုင်းတွင် ဇူလိုင်လ မိုးကျပြီဆိုလျှင် ဘေးရန်ကင်းသောဂူကြီးသည် ကြောက်စရာဂူကြီးဖြစ်သွားတတ်သည်။ မိုးရာသီဆိုလျှင် ဂူထဲ ၅ မီတာ (၁၆ ပေ) အထိ ရေတက်လေ့ရှိရာ မိုးကုန်ချိန် နိုဝင်ဘာမှ မိုးမကျမီ ဧပြီလအထိသာ သွားလာရန်သင့်သည့်နေရာဖြစ်သည်။ ရေကလည်း ရေရှင်၊ ရွှံ့ဗွက်ထူသလို ဘာမှလည်းမမြင်ရ။ ကျွမ်းကျင်ရေငုပ်သမားများပင် အန္တရာယ်ရှိသည့်အခြေအနေမျိုးဖြစ်သည်။

မဲဆိုင်ကလူတိုင်း ဒီဂူအကြောင်း ကောင်းကောင်းသိကြသည်။ ကလေးတွေ ပျောက်နေပြီဆိုတာသိသည်နှင့် မိဘတွေအကုန်လုံး ဂူဆီကိုသာ ပြေးကြသည်။ သမ်လွန်ဂူကို သွားလည်မည့်အစီအစဉ်အကြောင်း ကလေးတွေအချင်းချင်း Messaging အက်ပလီကေးရှင်းတစ်ခုသုံးကာ Group Chat နှင့် ပြောထားသည်ကို လိုက်မသွားသည့် အခြားသူငယ်ချင်းများထံမှ သတင်းရကြသည်။

စက်ဘီးတွေ၊ အိတ်တွေ၊ ဘောကန်ဖိနပ်တွေ ဂူပြင်မှာတွေ့သည်။ အထဲက ပြန်မထွက်နိုင်ကြသေးသည်မှာ သေချာသွားပြီ။

ဂူထဲမှာလည်း တောဝက်ကလေးတွေ ဒုက္ခလှလှတွေ့နေကြသည်။ ပြီးခဲ့သည့်ရက်တွေအတွင်း မိုးကောင်းခဲ့ရာ တောင်ပေါ်ကိုကျသမျှ ရေတို့သည် တစ်နေရာရာ ဆင်းရမည်။ ထိုတစ်နေရာရာက ထန်လွန်ဂူထဲဖြစ်နေရာ မိုးကောင်းပြီးသည်နှင့် ရေက မြန်မြန်ပြည့်လေ့ရှိသည်။

ကလေးများထံမှ ကနဦးသိရသမျှဆိုလျှင် ရုတ်တရက်ရေပြည့်လာသည်ကို သူတို့ သတိလက်လွတ်ဖြစ်သွားကြသည်ဟု ဆိုသည်။ အမြန် ပြန်ထွက်ဖို့လိုသော်လည်း ထွက်၍ မလွယ်တော့ရာ မြေမြင့်ရာရှာရင်း ဂူအနက်ပိုင်းအထိ ဝင်မိသွားကြခြင်းဖြစ်သည်။ 

နောက်ဆုံးမှာ ဂူဝင်ပေါက်နှင့် ၄ ကီလိုမီတာအထိဝေးသည့် အတွင်းပိုင်းမှ ကျောက်ဂမူလေးပေါ်မှာ ရေလွတ်၊ မိုးလွတ်ခိုလှုံနိုင်ခဲ့သည်။ ပုံမှန်ဂူတွင်း ရေလွှမ်းလျှင် ပိတ်မိသူများ ခိုကြသည့်ပတ္တရားကမ်းခြေဟု တင်စားခေါ်ဝေါ်သည့် ကုန်းဂမူသည်ပင် ရေလွှမ်းသွားခဲ့ရာ မလှမ်းမကမ်းမှ ပိုမြင့်သော်လည်း ကျဉ်းမြောင်းသည့်နေရာတွင် ခိုလှုံခဲ့ရခြင်းဖြစ်သည်။

အမှောင်ထုလွှမ်းမိုးနေသောဂူကြီး၏ ဝါးမျိုခံလိုက်ရသော ကလေးတစ်သိုက်နှင့်နည်းပြဆရာသည် နေ့လား၊ ညလားဆိုသည်ကိုပင် ရေရေရာရာ မသိကြတော့။ အကြောက်တရားကလည်း တစ်ပါတည်းကပ်ပါလာမည်မှာ သံသယဖြစ်စရာမလို။

သို့သော်လည်း အသက်ရှင်ရမည်ဆိုသောစိတ်ကပင် သူတို့ကို ရှင်ကျန်စေခဲ့သည်။ ကျောက်ခဲများသုံးကာ ကုန်းဂမူအလယ်မှာ ကျင်းတူပြီး အထဲမှာ အတူတကွ ပူးကပ်နေထိုင်ကြခြင်းဖြင့် အနွေးဓာတ်ရရန် ကြိုးပမ်းခဲ့သည်။

ဘုန်းကြီးဝတ်ခဲ့ဖူးသော နည်းပြအကီက ကလေးများကို တရားထိုင်နည်း သင်ပေးပြီး စိတ်တည်ငြိမ်စေရန်နှင့် လေကိုတတ်နိုင်သမျှ နည်းနည်းသာသုံးရန် ကူညီပေးနိုင်ခဲ့သည်။ ခွန်အားမယုတ်စေရန် ငြိမ်ငြိမ်နေစေသည်။

ထူးကဲသောကံတရားကလည်း သူတို့ဘက်မှာရှိနေသည်ဟုဆိုရမည်။ သူတို့မှာ အစားအသောက်ပါမလာသော်လည်း ဂူနံရံကျောက်ခက်ပန်းဆွဲများမှ သောက်သုံးရေကို အလွယ်တကူရနိုင်ခဲ့သည်။ မှောင်မိုက်နေသော်လည်း သူတို့မှာဓာတ်မီးတွေ ပါလာကြသည်။ စိမ့်ဝင်နိုင်သောထုံးကျောက်၏ သဘောသဘာဝနှင့် ကျောက်ဆောင်များအကြား အက်ကြောင်းများကြောင့် ရှူရှိုက်ရန် လေကလည်း အချိန်ကာလတစ်ခုအထိ လုံလောက်နေခဲ့သည်။

ဘယ်လိုကယ်မလဲ၊ ဘယ်မှာရှာမလဲ

ဂူအပြင်မှာတော့ ပွက်လောရိုက်နေကြပြီ။ ကယ်ဆယ်ရေးကို မြန်မြန်ဆန်ဆန် စတင်နိုင်ခဲ့ခြင်းကိုတော့ ချီးကျူးရမည်ဖြစ်သည်။ ထိုင်းရေတပ်အထူးတပ်ဖွဲ့ (Navy SEAL)၊ ရဲတပ်ဖွဲ့နှင့် အခြားကယ်ဆယ်ရေးသမားများကို အာဏာပိုင်တို့က ခေါ်ယူခဲ့သည်။ ဒေသခံစေတနာ့ဝန်ထမ်းတွေလည်း ပါဝင်လာသည်။ 

ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဂူတွင်းရှိ အခန်းတစ်ခန်းထဲမှာ ခြေရာတွေတွေ့သည်၊ သို့သော်လည်း ကလေးများအသက်ရှင်နေဆဲဟု ပြောနိုင်စရာ အထောက်အထားမရှိ။ ထန်လွန်ဂူလမ်းကြောင်းက ဝင်္ကပါသဖွယ်ဖြစ်နေရာ တောဝက်ကလေးတွေ ဆီတန်းတန်းမတ်မတ်ရောက်အောင် သွားဖို့ပင် နေရာမသိ။ ရေတပ်က ရေငုပ်သမားတွေဆိုတာကလည်း ပင်လယ်ထဲသာငုပ်လာကြသူတွေ။ ရာသီဥတုကလည်း အညှာအတာမဲ့နေသည်။ မိုးကဆက်တိုက်သည်းနေရာ ဂူလမ်းကြောင်း၊ ဆက်ကြောင်းတွေ ရေမြုပ်၊ ဂူအခန်းတွေ ရေလွှမ်းကုန်သည်။

စစချင်း ဘယ်လိုလုပ်ရမလဲဆိုတာပင် သေချာမသိကြဟု ကယ်ဆယ်ရေးမှာပါဝင်ခဲ့သူ တစ်ဦးကဆိုသည်။ တာဝန်ရှိသူတွေကလည်း အသုံးတည့်မည်ထင်သမျှ ပစ္စည်းအကုန်သယ်ချလာသည်။ ရေပန့်တွေ၊ ပိုက်ရှည်တွေ၊ ဓားတွေ၊ တူရွင်းတွေ၊ အများစုမှာ အသုံးမတည့်။ တောင်ကိုဖောက်ဖို့ ကြိုးစားကြသေးသလို ဝင်လို့ရသည့် တစ်ခြားဝင်ပေါက်များ ရှိမလားလည်း ရှာကြသည်။ အပူလှိုင်းအာရုံခံကိရိယာတပ် လူမဲ့လေယာဉ်များသုံးပြီး ကလေးများရှိရာနေရာကို ခြေရာခံကြသည်။

ဒေသခံတွေဆီက အကြားအမြင်ကိုပါ မေးစမ်းရသည်။ ဂူတွင်းလိုက် မသွားဖြစ်သော တောဝက်အသင်းက ကလေးတစ်ယောက်ဆီက အဖိုးတန် အချက်အလက်တစ်ခုရသည်။ သူတို့ ယခင် ဂူတွင်းဝင်ရောက်စဉ်က ရေတက်လျှင် ခိုကြသော ပတ္တရားကမ်းခြေကို အစွဲပြု အမည်ပေးထားသော ကုန်းဂမူတစ်ခုရှိသည်ဟု သိခွင့်ရသည်။

မိသားစုတွေကလည်း ဂူဝမှာ။ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးဖို့၊ ဂူရှင်သခင်မ စောင့်ရှောက်ပေးဖို့ ပန်းဆီမီး၊ ဖယောင်းတိုင်များဖြင့် ပူဇော်ဆုတောင်းကြသည်။ ကလေးတွေတက်သည့် ကျောင်းများမှ ဆရာတွေပါ ရောက်လာကြသည်။ အတန်းဖော်တွေကလည်း ဂူထဲက ကြားလေမလားဆိုသော မျှော်လင့်ချက်ဖြင့် စိတ်အားတက်ကြွစရာသီချင်းများ ဂူဝကနေ သီဆိုပေးကြသည်။ စက္ကူကြိုးကြာရုပ်ကလေးတွေ ခေါက်ကြသည်။ ကျောင်းနံရံမှာ မျှော်လင့်ချက် သတင်းစကားတွေ ကပ်ကြသည်။ 

ရွာသားတွေကလည်း ညီညာစုရုံးကြသည်။ ပူပန်စွာစောင့်မျှော်နေကြသော မိသားစုများအတွက် စားစရာ၊ ငွေကြေး စသဖြင့် တတ်အားသရွေ့ ထောက်ပံ့ကြသည်။ သတင်းက တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံး ပြန့်သွားသည်။ 

ဇွန် ၂၈ မှာ နိုင်ငံတကာမှ ကယ်ဆယ်ရေးသမားများ ပထမအသုတ်ရောက်လာသည်။ အမေရိကန်လေတပ်မှ ကယ်ဆယ်ရေးကျွမ်းကျင်သူများ၊ ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ ဩစတြေးလျ၊ စကင်ဒီနေးဗီးယားနိုင်ငံများနှင့် အခြားသောနိုင်ငံအများအပြားမှ ဂူတွင်းရေငုပ်ကျွမ်းကျင်သူများပါ ရောက်လာကြသည်။ အချို့က စေတနာ့ဝန်ထမ်း လာရောက်ကြခြင်းဖြစ်သလို အချို့ကိုတော့ ထိုင်းအစိုးရက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဂူထဲမှာလွှမ်းသည့်ရေက ရေရှင်၊ ရေစီးကသန်၊ လမ်းကြောင်းတွေက ရှုပ်ထွေး၊ ရေက တစ်နေ့တစ်ခြားတိုးလာ၊ ကလေးတွေက အစအနရှာမရသေး။ ကလေးတွေပျောက်ပြီး တစ်ပတ်ကျော်အကြာ တနင်္ဂနွေ (ဇူလိုင်လ ၁ ရက်နေ့) မှာတော့ ဂူခန်းမဆောင်သုံးဟု နာမည်ပေးထားသော ဂူတွင်းရှိ ခန်းမကျယ်ကြီးအတွင်း ကယ်ဆယ်ရေးသမားများ ဝင်ရောက်နိုင်ခဲ့သည်။ ထိုနေရာသည် ရေငုပ်သမားများ စခန်းချရာနေရာဖြစ်လာခဲ့သည်။ ထိုနေ့သည် ပျောက်ဆုံးကလေးများအနက်မှတစ်ဦးဖြစ်သော နုတ်၏မွေးနေ့လည်းဖြစ်သည်။ 

၁၃ ယောက်စလုံးလား၊ တော်လိုက်ကြတာ

နောက်တစ်ရက်အကြာမှာ ဗြိတိန် ရေငုပ်ကျွမ်းကျင် ဂျွန်ဗိုလန်သန်နှင့် ရစ်စတန်တွန်တို့သည် ကျဉ်းမြောင်းသောဂူလမ်းကြောင်းများအတွင်း အောင်မြင်စွာဝင်ရေက်နိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ကြိုးများပါ ချိတ်ဆက်ထားနိုင်ခဲ့သည်။ ပတ္တရားကမ်းခြေဟု တင်စားအမည်ပေးထားသောနေရာကို သူတို့ ရောက်အောင်သွားနိုင်ခဲ့သည်။ 

ထိုနေရာမှာကလေးတွေကို မတွေ့သော်လည်း သူတို့ဇွဲမလျှော့၊ အမှောင်ထုထဲ ရှေ့ဆက်သွားကြသည်။ အတန်ငယ်ရှေ့ဆက်သွားမိသောအခါ လေပါးကွက် (air pocket)တစ်ခုကို သူတို့ရှာတွေ့နိုင်ခဲ့သည်။ “လေပါးကွက် ဘယ်နေရာမှာပဲရှိရှိ ကျွန်တော်တို့ ရှာနိုင်တယ်၊ အနံ့ခံနိုင်တယ်။ ကလေးတွေကို မတွေ့ခင် မမြင်ခင်ကတည်းက ကျွန်တော်တို့ အနံ့ခံမိပြီ” ဟု ဂျွန်က ပြန်ပြောပြသည်။

ဂျွန်၏ ဓာတ်မီးရောင်အောက်သို့ အမှောင်ထုထဲကကလေးတွေ ဦးတည်ဆင်းလာကြသည်။ ရစ်ကချက်ချင်းလူရေသည်။ “ဘယ်နှယောက် လဲဟေ့” ၊ “ဆယ့်သုံးယောက်” ဟုကလေးတစ်ယောက်ကအင်္ဂလိပ်လိုပြန် ဖြေသည်။ “ဆယ့်သုံးယောက်စလုံးလား၊ တော်လိုက်ကြတာ”။ ပျောက်ဆုံးနေသော တောဝက်ကလေးများကို ပြန်ရှာတွေ့နိုင်ခဲ့ကြပြီ။

ကလေးတွေစိတ်တက်ကြွအောင် ခဏနေပေးခဲ့အပြီးမှာ ဓာတ်မီးများ ပေးထားခဲ့ပြီး စားစရာယူပြီး ပြန်လာမည်ဟု ကတိပေးကာ သူတို့နှစ်ဦး ပြန်ထွက်လာခဲ့ကြသည်။ ကလေးများနှင့် ပထမဆုံးပြန်တွေ့ပုံကိုသူတို့ ရေငုပ်ကင်မရာမှာ မှတ်တမ်းတင်ထားနိုင်ခဲ့သည့် ဗီဒီယိုဖိုင်က အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ အပျော်ကူးစက်သွားစေခဲ့သည်။

ကလေးတွေပုံက အားနည်းနေသော်လည်း စိတ်ဓာတ်မပျက်ယွင်းကြသေး။ တွေ့ရုံနှင့် မပြီးသည့် ဇာတ်လမ်းမှာ ကယ်ထုတ်ဖို့ကို အားလုံး ခေါင်းခဲကြရပြန်သည်။ သူတို့ပြန်မထွက်နိုင်မီ စောင့်ရှောက်ဖို့ ဆရာဝန်နှင့် ရေတပ်ရေငုပ်သမားအချို့ အတူလာနေပေးကြသည်။ 

ဂူလမ်းကြောင်း ၄ ကီလိုမီတာခန့်မှာ ရေလွှမ်းနေရာ ရေပင်မကူးတတ်သူများပါဝင်သော ကလေးတစ်အုပ်ကို ရေငုပ်ခိုင်းပြီးကယ်ထုတ်ရန်မှာ ခက်ခဲနေဆဲ။ ဂူပြင်မှာတော့ ရာနှင့်ချီသော နိုင်ငံစုံမှ ဂျာနယ်လစ်များနှင့် ပြည့်နှက်နေသလို ကယ်ဆယ်ရေးသမားတွေလည်း ထပ်ရောက်လာကြသည်။ ဒီလူအုပ်ကြီး၏ စားရေးမှသည် အိမ်သာတက်ဖို့အထိ ဝိုင်းကူညီ ပေးရသည်ကလည်း လွယ်လှသည်မဟုတ်။ သို့သော်လည်း အားလုံးက တက်တက်ကြွကြွ ဝိုင်းဝန်းခဲ့ကြသည်။

အရှေ့တိုင်းအယူအဆအရဆိုလျှင်တော့ တစ်ယောက်တော့ စတေးလိုက်ရသည်ဟုဆိုရမည်။ ရေတပ်ရေငုပ်သမားဟောင်း ဆာမန်ဂူနန်မှာ ကလေးတွေအတွက် အောက်ဆီဂျင်ဘူးများ သွားပို့ပြီးအပြန် သူ့အောက်ဆီဂျင်ဘူးကုန်ပြီး အသက်ဆုံးသွားခဲ့သည်။ အဖော်ရေငုပ်သမားများက ဆွဲထုတ်လာနိုင်ခဲ့သော်လည်း အသက်မမီတော့။

ဖြစ်တန်စွမ်းသုံးမျိုး နှင့် ဒီဒေး

ကလေးတွေကိုရေငုပ်ခိုင်းဖို့က အန္တရာယ်များလွန်းသည်။ လမ်းလျှောက်လာလို့ရသည်အထိ ရေကုန်အောင် စုပ်ထုတ်ဖို့က မဖြစ်နိုင်၊ ရေအကျကို စောင့်မည်ဆိုလျှင်လည်း ကလေးတွေ ဂူထဲလေးလလောက် ဆက်နေရမည်။ အခြားအပေါက်ဖောက်ပြီး ဆွဲထုတ်ဖို့က မလွယ်သလို အခြားဝင်ပေါက်ကလည်း မတွေ့။ မိုးက ရက်အနည်းငယ် ပါးလာချိန် ဇူလိုင် ၇ မှာတော့ ကလေးတွေကို ကယ်ထုတ်ဖို့ အချိန်ကျပြီဟု အာဏာပိုင်များက ဆုံးဖြတ်သည်။ ကယ်ဆယ်ရေးကို ဦးဆောင်သူ ချင်းရိုင်အုပ်ချုပ်ရေးမှူး နရောက်ဆက်အော့ဆိုတာနာကွန်းက ကယ်ဆယ်ရေးစတင်မည့်နေ့ (ဒီဒေး) ဟုကြေညာသည်။ ထုံးစံအရ ဇူလိုင် ၁၀ ဝန်းကျင်ဆိုလျှင် ဂူတစ်ခုလုံးနီးပါး ရေမြုပ်လေ့ရှိသည်ဟု ဒေသခံတွေက သတိပေးကြသည်။ ထို့အတွက် ၁၀ ရက်နေ့ မတိုင်မီ အကုန်ကယ်ထုတ်ရမည်။ ကယ်ဆယ်ရေးလမ်းကြောင်းက နှစ်ပိုင်းရှိသည်။ ပထမအပိုင်းဖြစ်သော ဂူတွင်းခန်းမဆောင်သုံးအထိကယ်ထုတ်လာရေးက ပိုခက်သည်။ မှောင်မိုက်အေးမြနေသော ရေတောထဲမှာ နာရီအတန်ကြာ ငုပ်လျှိုးကူးခတ်ရသည့်အပြင် အချို့နေရာများမှာအရမ်း ကျဉ်းသည့်အတွက် လူတစ်ကိုယ်စာသာ လွတ်သည်။ လမ်းကြောင်းသိသွား ပြီဖြစ်သောကြောင့် လမ်းပြကြိုးများ ချိတ်ဆွဲထားနိုင်ခြင်းကတော့ အားသာချက်ရှိနေသည်။

ကလေးတစ်ယောက်ချင်းစီကို မျက်နှာပြည့် အောက်ဆီဂျင်မျက်နှာဖုံးစွပ်ပြီး ရေငုပ်သမားတစ်ဦးနှင့် တွဲချိတ်သည်။ အခြားတစ်ဦးက ဘေးမှ ကူညီလိုက်ပါသည်။ ရှော့ပင်းထွက်သည့်အိတ်လို အတားအဆီးများကြားမှာ ကလေးများကို လိုသလိုဆွဲထုတ်နိုင်ရန် စီစဉ်ထားသည်ဟု ဗြိတိန်ရေငုပ်သမားဂျွန်ကဆိုသည်။ ကျဉ်းမြောင်းလွန်းသည့်နေရာများတွင် အောက်ဆီဂျင်ဘူးကို ဖြုတ်ပြီးမျှောဝင်ရသလို ကလေးကိုလည်း မျှောသွင်းရသည်။ ခန်းမဆောင်သုံးကို ရောက်လျှင်တော့ နည်းနည်းလွယ်သွားသည်။ စက်သီးတပ်ကြိုးဆိုင်းဖြင့် ချိတ်ဆွဲကာ ဘေးမှ လူငါးဦးထက်မနည်း ဖေးမ သယ်ဆောင်၍ရလာသည်။ ကျောက်ဆောင်ထူသောနေရာများမှာတော့ ဒီတိုင်းဆွဲ၍မရဘဲ လက်ဆင့်ကမ်းစနစ်ဖြင့် ကလေးကိုဆွဲထုတ်ရသည်။

တစ်ယောက်ချင်းကယ်ထုတ်မှုမှာ တစ်ရက်လျှင် လေးယောက်သာ ကယ်ထုတ်နိုင်ရာ ၃ ရက်အချိန်ယူခဲ့ရသည်။ နောက်ဆုံးအသုတ် တတိယနေ့မှာ ကလေးလေးယောက်နှင့် နည်းပြဖြစ်သူကို ကယ်ထုတ်ချိန်တွင် ရေက တစ်နာရီကို စင်တီမီတာ ၃၀ နှုန်းဖြင့် တောက်လျှောက်တိုးနေပြီဖြစ်သည်။ ဒေသခံများပြောသလို ၁၀ ရက်နေ့ ရေလုံးဝမလွှမ်းမီ အချိန်မီရုံသာရှိသည်။ ကလေးတွေအပြင် သူတို့ကိုစောင့်ရှောက်ပြီး နေပေးနေသော ရေတပ်အထူးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေသော ဩစတြးလျနိုင်ငံမှ ဂူတွင်းရေငုပ်ပညာရှင်လည်းဖြစ်၊ ဆရာဝန်လည်းဖြစ်သူ ရစ်ချတ်ဟားရစ်တို့ကိုပါ အမြန်ပြန်ထွက်စေခဲ့ရသည်။

ကလေးတွေနှင့် နည်းပြဖြစ်သူတို့ကတော့ ဆေးရုံမှဆင်းလျှင် သင်္ကန်းစီးကြမည်ဟုဆိုသည်။ သေရွာပြန်များဖြစ်သည့်အတွက် ကံမြင့်စေရန် သင်္ကန်းစီးစေခြင်းဖြစ်သည်ဟု မိသားစုများကဆိုသည်။ ထန်လွန်ဂူကတော့ ကမ္ဘာကျော်သွားသည်။ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမည့် နေရာတစ်ခုဖြစ်လာသလို ကယ်ဆယ်ရေးဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ဖို့ စဉ်းစားနေသည့် ဟောလိဝုဒ်မှ ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုထက်မနည်း ရှိနေသည်ဟုဆိုသည်။

ဇေဝင်းနောင်