News

POST TYPE

FEATURE

အစွန်းရောက် ဥုံရှင်ရီကျိုဂိုဏ်း၏နိဂုံး
10-Jul-2018



ဥုံရှင်ရီကျိုဂိုဏ်းသားအဖွဲ့ဝင် ၇ ဦးအား ဇူလိုင်လ ၆ ရက်နေ့က ကွပ်မျက်စီရင်ပြီးခဲ့ကြောင်း ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ သူတို့ကို ၁၉၉၅ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြေအောက် ဘူတာရုံတွင် ခရီးသွားပြည်သူအများအား အဆိပ်ဓာတ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ပတ်သက်နေသူများအဖြစ် နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးမှ အဆုံးစီရင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည့်သတင်းမှာ နိုင်ငံ တကာသတင်းတွင် စိတ်ဝင်စားစရာအကောင်းဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ရသည်။

ဥုံရှင်ရီကျိုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ ရှိုကို အဆာဟာရဖြစ်သည်။ သူ့အမည်ရင်းက ချီဇိုမတ်ဆုမိုတိုဖြစ်ပြီး ယခုလို မကွပ်မျက်မီ ထောင်ထဲတွင် ၂၂ နှစ်မျှ နေထိုင်ခဲ့ရသည်။ လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာအနာတရဖြစ်ခဲ့မှုတွင် သူသည် တာဝန်အရှိဆုံး ဆရာကြီးတစ်ဦးဖြစ်သည်။

ဥုံရှင်ရီကျို ဂိုဏ်းဝင် ၁၂ ဦးကို တိုကျိုမြေအောက် ဘူတာရုံတိုက်ခိုက်မှုဖြင့် သေဒဏ်သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဂိုဏ်းဆရာကြီး အဆာဟာရ၏ သေဒဏ်ကို ၂၀၀၄ ခုနှစ်က သတ်မှတ်ပြီးဖြစ်သော်လည်း တရားရုံးတွင် အမှုကို အချိန်ဆွဲပြီး ပြန်လည်စစ်ဆေးနေသဖြင့် နောက်ထပ် ၁၂ နှစ်အကြာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှ အပြီးသတ် အဆုံးစီရင်နိုင်ခဲ့ကြောင်း NHK သတင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ထိုအမှုကို အပြီးသတ်စီရင်ခြင်းအား ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းကတည်းက ပြုလုပ်ခဲ့သည်။ သေဒဏ်ပေးခြင်းကို ကန့်ကွက်နေသူများကြားက ဂျပန်အစိုးရသည် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ မကြာမီက သေဒဏ်စီရင်ခြင်းခံရသည့် ၇ ဦးမှာ ဂိုဏ်းဆရာကြီး အဆာဟာရအပြင် တိုမိုမာဆာ နာကာဂါဝါ၊ တိုမိုမစ်ဆူ နီအိမီ၊ ကီယိုဟီဒဲ ဟာယာကာဝါ၊ ယိုရှီဟီရို အီနိုအီ၊ ဆီအိချီအန်ဒိုနှင့် မာဆာမီဆုချီယာတို့ဖြစ်ကြောင်း ဂျပန်တရားရေးဝန်ကြီး ယိုကိုကာဝါကာမီကပြောကြားသည်။ 

ဂျပန်နိုင်ငံတွင် သေဒဏ်စီရင်ခြင်းကို လျှို့ဝှက်စွာလုပ်ဆောင်လေ့ရှိသည်။ သေဒဏ်စီရင်မည်ကို အကျဉ်းသားများအားလည်းကောင်း၊ မိသားစုအားလည်းကောင်း၊ တရားရေးမှ တာဝန်ရှိသူများအားလည်းကောင်း ကြိုတင်ပြောကြားလေ့မရှိဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

အဆာဟာရသည် ဥုံရှင်ရီကျိုဂိုဏ်းကို ၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီးစမှာပင် သူ့ကိုယုံကြည်ကိုးကွယ်သူ ထောင်ချီပြီးရှိလာခဲ့သူဖြစ်သည်။ သူက ကမ္ဘာပျက်ကိန်းရှိကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့ရုံမက၊ အမေရိကန်တို့သည် ဂျပန်နိုင်ငံကို အဏုမြူဗုံးများဖြင့် ထပ်မံတိုက်ခိုက်ခြင်းကြောင့် လူတွေသေဆုံးပြီး ဂျပန်ကျွန်းသည် နျူကလီးယားဒဏ်သင့်သည့် စွန့်ပစ်နယ်မြေတစ်ခုဖြစ်သွားနိုင်ကြောင်း ဟောပြောခဲ့သူလည်းဖြစ်သည်။ ထို့ပြင်သူသည် အစဉ်အလာဘာသာရေးအယူအဆများကို ခေတ်သစ်ဗျူဟာများနှင့် ပေါင်းစပ်ပြီး တီထွင်ခဲ့သဖြင့် လူပေါင်းများစွာ စိတ်ဝင်စားပြီး ကိုးကွယ်ယုံကြည်ခြင်း ခံရသူလည်း ဖြစ်သည်။

ဥုံရှင်ရီကျိုဂိုဏ်းသည် တိုးတက်ထွန်းကားလာပြီးနောက် ဘာသာကိုးကွယ်သူတို့ကို ဦးနှောက်ဆေးခြင်း လုပ်ငန်းများအား စတင်လုပ်ဆောင်လာခဲ့သည်။ ထို့ပြင် သူတို့ဂိုဏ်းကိုပါ ကမ္ဘာက အာရုံစိုက်လာစေရန်အတွက် ၁၉၉၅ ခုနှစ် မတ်လတွင် တိုကျိုမြေအောက် ဘူတာရုံကို တိုက်ခိုက်ပြလိုက်ခြင်းဖြစ်သည်။ လူအလွန်စည်ကားသည့် ရုံးချိန်အတွင်း၌ ဘူတာအတွင်း အဆိပ်ငွေ့များလွှတ်ကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၅၅၀၀ ခန့် ဒဏ်ရာရခဲ့ကြသည်။ အဆာဟာရနှင့် တပည့်တစ်ဒါဇင်ခန့်ကို တစ်နိုင်ငံလုံးတွင် တစ်လအတွင်း ဝင်ရောက်ဖမ်းပြီး စစ်ဆေးခဲ့သည်။ 

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တိုကျိုမြေအောက်ဘူတာကို တိုက်ခိုက်ရန် ဥုံရှင်ရီကျိုဂိုဏ်းသားများက စနစ်တကျ ပြင်ဆင်ထားကြခြင်းဖြစ်သည်။ ဘူတာတွင် လူအစည်ကားဆုံအချိန်၌ ဂိုဏ်းသားများသည် လူအုပ်ထဲ ရောဝင်လိုက်ကြသည်။ သူတို့ထံတွင် အဆိပ်ငွေ့များကို ထည့်ထားသည့် ပလတ်စတစ်အိတ်များကို သယ်ဆောင်လာကြသလို ထီးများကိုလည်း ကိုင်ဆောင်လာကြသည်။ ထီးများ၏ထိပ်ကို ချွန်ထားသည်။ ဘူတာထဲကို ရထားဝင်လိုက်ချိန်တွင် ပလတ်စတစ်အိတ်များကို ထီးများဖြင့် ထိုးဖောက်ပြီး ဂိုဏ်းသားများက အပြင်ကို ပြေးထွက်ကာ အသင့်စောင့်နေသည့် ကားများပေါ်တက်သွားကြသည်။ အလွန်ပြင်းထန်သည့် အဆိပ်များဖြစ်သဖြင့် ရှူမိသူတိုင်း လဲကျကုန်ကြသည်။ 

အဆိပ်ငွေ့ရှူမိသူတိုင်း အသက်ရှူခက်သဖြင့် အရေးပေါ်ကယ်ဆယ်မှုများကို ဘူတာဝန်းကျင်တွင်ပင် ချက်ချင်း လုပ်ဆောင်ကြရတော့သည်။ ရဲတပ်ဖွဲ့၊ မီးသတ်၊ လူနာတင်ယာဉ်များ ချက်ချင်းရောက်လာပြီး ကူညီကြသော်လည်း အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ခြင်း ခံရဖူးသည့် အတွေ့အကြုံများ မရှိသောကြောင့် မည်သို့ပြုစုကုသရမည်ကိုပင် ဆရာဝန်များ မသိနိုင်အောင်ဖြစ်ခဲ့ကြရသည်။ 

ဂိုဏ်းဆရာကြီးကို ၁၉၉၅ ခုနှစ် မတ်လ အခင်းဖြစ်ပြီးနောက် ၂ လအကြာ မေလတွင်မှ ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြစ်မှုပေါင်း ၁၃ ခုကို ကျူးလွန်သည်ဆိုကာ တိုကျိုဒေသဆိုင်ရာ တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ 

အဆာဟာရကို ၁၉၅၅ ခုနှစ် မတ်လ ၂ ရက်နေ့က မွေးဖွားသည်။ ဖျာရက်ရောင်းသည့် ဆင်းရဲသော မိသားစုက ဆင်းသက်လာပြီး မွေးကင်းစကတည်းက မျက်လုံးတွင် ရေတိမ်စွဲလာသူဖြစ်သည်။ ညာဘက်မျက်လုံး တစ်လုံးမမြင်ဘဲ ငယ်ဘဝကိုဖြတ်သန်းခဲ့ရသည်။ ကျောင်းတက်သည့်အခါတွင်လည်း မျက်မမြင်ကျောင်းကိုသာ တက်ခဲ့ရသူဖြစ်သည်။ ကျောင်းသား ဘဝက ကျောင်းတွင် မကြာခဏ အနိုင်ကျင့်ခြင်းခံရ သည်။ သူ့ကို ရိုက်ခြင်း၊ ငွေတောင်းခြင်းများကိုခံရသည်။ ၁၉၇၇ ခုနှစ်တွင် ဘွဲ့ရပြီး တရုတ်အပ်စိုက်ပညာရပ်နှင့် တရုတ်တိုင်းရင်းဆေး ပညာရပ်များကို လေ့လာတတ်မြောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် ထိုလုပ်ငန်းကို မျက်မမြင်အများစုက လုပ်ကိုင်ကြသည်။ ၁၉၇၈ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၁၂ ယောက်ရှိသည်။

၁၉၈၁ ခုနှစ်တွင် လိုင်စင်မရှိဘဲ ဆေးကုခြင်း၊ ဆေးရောင်းခြင်းများကြောင့် အဖမ်းခံရပြီး ဒဏ်ငွေ ဂျပန်ယန်းနှစ်သိန်း (ဒေါ်လာ ၉၀၀ ခန့်) အရိုက်ခံရသည်။ အဆာဟာရသည် ထိုစဉ်က ဘာသာတရားကို အလွန်စိတ်ဝင်စားနေပြီး မိန်းမယူ၍ ကလေးများမွေးခြင်းမှာ သူ့ဂိုဏ်းဝင်များ တိုးပွားရန်ဖြစ်သည်ဟုဆိုသည်။ အားလပ်ချိန်တွင် ဘာသာတရားပေါင်းစုံကို လေ့လာသည်။ တရုတ်နက္ခတ္တဗေဒပညာနှင့် တာအိုဝါဒများကိုလည်း လေ့လာခဲ့သည်။ နောက်ပိုင်းတွင် အနောက်တိုင်းမှ ဂမ္ဘီရပညာရပ်များ၊ ယောဂကျင့်စဉ်၊ သမထကျင့်စဉ်၊ ဗုဒ္ဓကျင့်စဉ်၊ ခရစ်ယာန် ကျင့်စဉ်များကိုပါ လေ့လာလိုက်စားခဲ့ကြောင်းတွေ့ရသည်။ 

၁၉၈၄ ခုနှစ်တွင် သူသည် ဥုံရှင်ဆန်နိုကာအိဆိုသည့် အမည်ဖြင့် ဂိုဏ်းကို စတင်ထူထောင်သည်။ သူ့အမည် ချီဇိုမတ်ဆုမိုတိုကိုလည်း ရှိုကိုအဆာဟာရသို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ နောက်ပိုင်း သူ့ဂိုဏ်းကိုလည်း ၁၉၈၇ ခုနှစ်တွင်မှ ဥုံရှင်ရီကျိုဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ 

ဥုံရှင်ရီကျိုဂိုဏ်းကို အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ခဲ့သော်လည်း အာဏာပိုင်များက အစပိုင်းတွင် ဆိုင်းငံ့ထားခဲ့သည်။ တိုကျိုဒေသဆိုင်ရာ အာဏာပိုင်များသည် ၁၉၈၉ ခုနှစ်တွင် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များကို စတင်အသိအမှတ်ပြုခဲ့သောကြောင့် ဥုံရှင်ရီကျိုဂိုဏ်းကိုလည်း အသိအမှတ်ပြုခဲ့ရသည်။ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုအနေနှင့် အသိအမှတ်ပြုပြီးနောက် သူ့ဂိုဏ်းကိုဝင်ရောက်လာသူ ပိုများလာခဲ့သည်။ အဆာဟာရ၏ ပုံများကိုလည်း ရုပ်သံနှင့် မဂ္ဂဇင်းမျက်နှာဖုံးများတွင်ပါ မြင်တွေ့လာကြရသည်။ 

သူ့ကို ဘာသာဝင်များက အသိအမှတ်ပြုလာ ရုံမက တက္ကသိုလ်များကပါ ဖိတ်ခေါ်ပြီး ဟောပြောခိုင်းသည်အထိ အောင်မြင်မှုများ ရရှိလာခဲ့သည်။ သူသည် ဘာသာရေးဆိုင်ရာ သူ့အယူအဆများကို စာအုပ်ပေါင်းများစွာ ရေးထုတ်ခဲ့သည်။ Beyond Life and Death, Declaring Myself the Christ, Supreme Initiation စသည့် စာအုပ်များက နာမည်ကျော်ခဲ့သည်။ 

ဥုံရှင်ရီကျိုဂိုဏ်း၏ အယူအဆများသည် ဝိဇ္ဇာဂိုဏ်း၊ ခရစ်ယာန်ဂိုဏ်းနှင့် အခြားဘာသာရေးဂိုဏ်းများက ကောင်းနိုးရာရာများကို ထည့်သွင်းထားသည့် အယူအဆများဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် Declaring Myself the Christ ဆိုသည့် စာအုပ်ကို ထုတ်ပြီးနောက် သူ့ကိုယ်သူ ခရစ်တော်ဟုကြေညာသည်။ သူက အပြစ်များကို လွှဲပြောင်းယူနိုင်သူအဖြစ် သူ့ကိုယ်သူ ပြောကြားသည်။ သူ့စိတ်စွမ်းအားကိုလည်း သူ့ကိုယုံကြည်သူများထံ လွှဲပြောင်းပေးနိုင်သည်ဟု ဆိုခဲ့သည်။ သူကတစ်နေ့တွင် ကမ္ဘာကြီးသည် မုချမသွေ ပျက်စီးသွားရလိမ့်မည်။ တတိယကမ္ဘာစစ်ကြီးဖြစ်လာမည်။ နျူကလီးယားစစ်ပွဲကြောင့် လူသားများပျက်သုဉ်းသွားလိမ့်မည်ဟုလည်း ပြောခဲ့သည်။ သူ့အယူအဆ အပြောများသည် ခရစ်ယာန်သမ္မာကျမ်းစာကို ကိုးကားပြောဆိုနေခြင်းဖြစ်သည်။

လူသားတို့ကို ကယ်တင်မည်ဟုပြောနေသည့် အဆာဟာရသည် နောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်နေကြောင်းတွေ့ရသည်။ သူ့ကို ယုံကြည်သူများကို လျှို့ဝှက်အဖွဲ့များဖွဲ့ပေးထားပြီး အိမ်များအတွင်း လျှို့ဝှက်စွာဝင်ရောက်ကာ အဆိပ်ဆေးများထိုးခြင်းစသည့်အမှုများကို ကျူးလွန်ကြကြောင်းလည်း တွေ့ရသည်။ 

သူ့ဂိုဏ်းဝင် အရေအတွက်ကလည်း ပြည်တွင်းပြည်ပအင်အား ၁၀၀၀၀ ကျော်ခန့်ရှိလာခဲ့သည်။ ရုရှားနိုင်ငံမှ သူ့ကို ကိုးကွယ်ယုံကြည်သူများပင် ၃၀၀၀၀ ခန့်ရှိသည်။ ဂျပန်နိုင်ငံမှ ပညာတတ်များနှင့် နာမည်ကျော် တက္ကသိုလ်ကြီးများက ကျောင်းသားများကိုပါ သူကသိမ်းသွင်းစည်းရုံးထားနိုင်သည့် အနေအထားကို ရောက်လာသည်။ ဖူဂျီတောင်ခြေတွင် သူ့အဖွဲ့ကို ထူထောင်ပြီး တရားစခန်းများဖွင့်သည်။ စခန်းအတွင်း သူ့ကိုကာကွယ်ရန်ဆိုကာ လက်နက်များစုဆောင်းထားသည်။ ထိုအထဲတွင် အဆိပ်ဓာတ်ငွေ့နှင့် အဆိပ်ဆေး ပေါင်းများစွာလည်း ပါဝင်ခဲ့သည်။ 

၁၉၉၄ ခုနှစ်ကတည်းက အဆိပ်ဓာတ်ငွေ့သုံးကာ တိုက်ခိုက်မှုများကို စတင်ခဲ့သည်။ မတ်ဆုမိုတိုမြို့တွင် နွေညအချိန်၌ တရားရေးအဖွဲ့ဝင်သုံးဦးအိမ်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ ရေခဲသေတ္တာများ တင်လာသည့် ကားဖြင့် အဆိပ်ဓာတ်ငွေ့များ သယ်လာပြီး ရပ်ကွက်အတွင်း လွှတ်လိုက်သောကြောင့် လူ ၈ ဦးသေဆုံးပြီး ရာနှင့်ချီကာ ဒဏ်ရာရကြသည်။ ၁၉၉၅ ခုနှစ် မြေအောက်ဘူတာတွင် လုပ်ကြံမှုကြီးမှာ ပျက်စီးသေပျောက်မှု အများဆုံးဖြစ်ခဲ့ရသည်။ ယင်းသို့တိုက်ခိုက်ခြင်းသည် မြင့်မြတ်သောတိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ ကမ္ဘာမပျက်မီ မြင့်မားသည့်စိတ်ဝိညာဉ်များဖြင့် ကျွတ်လွတ်သွားခြင်းဖြစ်သည်ဟုဆိုသည်။ 

အဆာဟာရနှင့်အပေါင်းအပါ ၇ ဦးကို ကွပ်မျက်လိုက်ခြင်းအပေါ် စိုးရိမ်နေကြသူတွေများစွာရှိသည်။ အိုဆာကာတွင် နေထိုင်သည့် အမျိုးသမီးကြီးတစ်ဦးက ဥုံရှင်ရီကျို ဂိုဏ်းဆရာကို သတ်ဖြတ်လိုက်ပြီဆိုသဖြင့် အစဖျောက်နေကြသည့် သူ့တပည့်တွေက လက်တုံ့ပြန်ကာ နောက်ထပ်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် အာဏာပိုင်များအနေနှင့်လည်း အထူးသတိထားပြီး စောင့်ကြည့်နေရသည့် အနေအထားတွင် ရှိနေသည်။ 

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဂိုဏ်းဆရာကြီးသည် အကျဉ်းထောင်ပြင်ပမှ သူ့အားတွေ့ဆုံလိုကြောင်း တောင်းဆိုမှု မှန်သမျှကို ငြင်းပယ်ကာနေထိုင်ခဲ့သည်။ မိသားစုဝင်များကို လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။ တရားရုံးတွင် အမှုရင်ဆိုင်နေစဉ်ကာလတွင်လည်း သူ့ရှေ့နေလောက်ကလွဲပြီး စကားမပြောနှုတ်ဆိတ်နေသူ ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့နေထိုင်ရကြောင်း မည်သူမှ နားမလည်နိုင်လောက်အောင် ဖြစ်ကြရသည်။ တရားရုံးတွင်လည်း မတ်တတ်ရပ်နိုင်ခြင်းမရှိဆိုကာ ထိုင်ပြီးနေသည်ကများသည်။ 

ယနေ့အထိ ဥုံရှင်ရီကျိုဂိုဏ်းကို ယုံကြည်ကိုးကွယ်နေသူပေါင်း ၂၁၀၀ ခန့် ကျန်သေးသည်ဟုဆိုကြသည်။ သူတို့က Aleph ဆိုသည့် အမည်သစ်ဖြင့် လှုပ်ရှားနေကြခြင်းဖြစ်သည်။ ထိုဂိုဏ်းဝင်များသည် တစ်ချိန်က ဥုံရှင်ရီကျိုဂိုဏ်းသားများနှင့် ပတ်သက်ခဲ့သူများဖြစ်ကြပြီး အဆာဟာရ၏ မှိင်းမိနေကြသူများလည်းဖြစ်သည်။ သူတို့အဖွဲ့သည် လုပ်ငန်းပေါင်းများစွာကို ထူထောင်ထားသည်။ အစိုးရအနေနှင့် Aleph ဆိုသည့်အမည်ဖြင့် လုပ်ငန်းများကို ပိတ်ပင်ထားသော်လည်း သူတို့ဂိုဏ်းဝင်များသည် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေကြသေးသည်ဟု ယုံကြည်ကြသည်။

ဥုံရှင်ရီကျိုဂိုဏ်းချုပ်ကြီးကို ကွပ်မျက်လိုက်ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်သည် စိန်ခေါ်မှုတစ်ခု ဖြစ်သွားမည်လားဟု စိုးရိမ်သောက ဖြစ်နေကြသည်။

(Ref: South China Morning Post, Japan Times, The Guardian)