News

POST TYPE

FEATURE

၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းသူများကို ဖမ်းဆီး
02-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁

ထမင်းဆိုင်မှ အလုပ်လုပ်နေသော အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လုပ်ခလစာကောင်းသည့် အလုပ်သွင်းပေးမည်ဟု မက်လုံးပေး ပြောဆိုခေါ်ဆောင်ပြီးနောက် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း ထံမှ သိရသည်။

ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခြင်းခံခဲ့ရသည့် ၁၇ နှစ်အရွယ် မိန်းကလေးမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေစဉ် လွန်ခဲ့သည့် နှစ်လဝန်းကျင်က ဆိုင်သို့ထမင်းလာစားသည့် အသက် ၄၈ နှစ် ဒေါ်စန်းစန်းမြင့်မွန်နှင့် အသက် ၃၅ နှစ် ဒေါ်မေသူခိုင် (ခ) မခိုင်တို့ နှစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အမျိုးသမီးနှစ်ဦးက မိန်းကလေးဖြစ်သူကို KTV ဆိုင်တွင် အလုပ်လုပ်ပါက လစာကောင်းကောင်းရမည်ဖြစ်ကြောင်း မက်လုံးပေးစည်းရုံးပြောဆို၍ ကြိုတင်ငွေ ကျပ်ငါးသောင်းနှင့် လက်ကိုင်ဖုန်းတစ်လုံးပေးခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“ထမင်းဆိုင်ကနေ အလုပ်ထွက်လာတဲ့ ကောင်မလေးကို မစန်းစန်းမြင့်မွန်ကခေါ်လာပြီး သူ့သမီးနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးအရှေ့ရပ်ကွက်က နေအိမ်ကို လာပို့တယ်။ ပြီးတော့ ကောင်မလေးကို အိမ်ရှင်လင်မယားက ဟိုတယ်တွေဆီပို့ပြီး တရုတ်အမျိုးသားတွေနဲ့ ပေါင်းသင်း ဆက်ဆံခိုင်းတယ်။ ငါးရက်မြောက်ညမှာ ကောင်မလေးက ထွက်ပြေးလာခဲ့လို့ ခုဖြစ်စဉ်အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အိမ်ရှင်လင်မယားနဲ့ အလုပ်ရှာပေးမယ်ဆိုပြီး မက်လုံးပေး ပြောဆိုခေါ်ဆောင်လာတဲ့ အမျိုးသမီးနှစ်ယောက်ကို အမှုဖွင့် ဖမ်းဆီးထားတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

တရုတ်အမျိုးသားများနှင့် ပြည့်တန်ဆာအလုပ်ကို စေခိုင်းခံခဲ့ရသော မိန်းကလေးမှာ လုပ်ခလစာ မရရှိသောကြောင့် ဇွန်လ ၂၉ ရက်ညပိုင်းက ၎င်းကို အပြင်သို့ခေါ်ဆောင်လာစဉ် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ယင်းအမှု စစ်ဆေးပေါ်ပေါက်ချက်အရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး အရှေ့ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃ နှစ် ဝင်းနိုင်နှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၁၆ နှစ် မိန်းကလေးနှင့် တာမွေမြို့နယ်၊ တာမွေကြီး (က+ခ)ရပ် ကွက်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်မွန်၊ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်တွင် နေထိုင်သော ဒေါ်မေသူခိုင် (ခ) မခိုင်တို့ကို ဖမ်းဆီး၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03