News

POST TYPE

FEATURE

လက်ထပ်ယူပါမည်ဟု ပြောဆိုခေါ်ကာ တရုတ်နိုင်ငံတွင် ရောင်းစားသူနှစ်ဦးကိုအမှုဖွင့်
01-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁ 

ရွှေပြည်သာမြို့နယ်ရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးနှစ်ဦးကို လက်ထပ် ပေါင်းသင်းပါမည်ဟု ပြောဆိုခေါ်ဆောင်သွားကာ တရုတ်နိုင်ငံတွင် ရောင်းစားသူနှစ်ဦးကို တွံတေးမြို့မ ရဲစခန်းတွင် ဇွန်လ ၂၉ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည်ဟုဆိုသော ညီအစ်ကိုနှစ်ဦးသည် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက အထက်ပါ အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသမီး နှစ်ဦးကို နေအိမ်သို့ လိုက်ပါပို့ဆောင်ပေးမည်ဟု အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားကာ ချစ်ကြိုက်ကြောင်း၊ လက်ထပ်ပေါင်းသင်းပါမည်ဖြစ်ကြောင်း ပြောဆိုပြီး မန္တလေးမြို့မှတစ်ဆင့် မူဆယ်မြို့၊ ၎င်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားကာ တစ်ဦးလျှင် တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းဖြင့် ရောင်းစားခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးတွေက ဆိုင်ကနေ အိမ်ကို ခွင့်နဲ့ပြန်တဲ့အချိန် လိုက်သွားကြတာ။ အိမ်ကို တိုက်ရိုက် မပြန်ဘဲနဲ့ ရန်ကုန်မြို့ထဲမှာ လျှောက်လည်ကြတယ်။ အဲဒီမှာတင်ပဲ တရားဝင် လက်ထပ်ယူပါမယ်လို့ ပြောပြီး မန္တလေးကို ခေါ်သွားတာ။ အဲဒီမှာ အတူတူနေရင်း တရုတ်နိုင်ငံဘက်ကို အဆက်အသွယ်လုပ်ပြီး ရောင်းစားလိုက်တာပါ၊ ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့ ဖမ်းမမိသေးဘူး”ဟု အမှုဖွင့် တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ထိုသို့ရောင်းစားခံရသူ မိန်းကလေးနှစ်ဦးသည် တရုတ်ပြည်ရှိ မြို့တစ်မြို့ အရောက် ခေါ်ဆောင်လာသူ မိသားစုအား ဖုန်းဆက်ချင်သည်ဟု ပြောဆိုကာ အဆိုပါဖုန်းဆိုင်မှတစ်ဆင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ကို အကူအညီတောင်းကာ ရန်ကုန်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လည် ရောက်ရှိလာသည်ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကသိရှိပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို တွံတေးမြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

J-16