News

POST TYPE

FEATURE

တရုတ်မယားအဖြစ် ရောင်းစားခဲ့သူနှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
28-Jun-2018

ရန်ကုန်၊ ဇွန် ၂၈ 

တရုတ်နိုင်ငံရှိ စတီးစက်ရုံ၌ အလုပ် လုပ်ရမည်ဟုဆိုကာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သည်ဟုဆိုသော ၅ ဦးအနက်မှ ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်လိုက်သည်။

ဒေါပုံမြို့နယ်၊ အနော်မာရပ်ကွက်တွင်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ရန်နိုင်စိုးနှင့် နွယ်အေးရပ်ကွက်တွင် နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်စန်းအေးတို့သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလခန့်က အခြားအမျိုးသမီး သုံးဦးနှင့်ပူးပေါင်းကာ ယင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံရှိ စတီးစက်ရုံတွင် ၄ လ အလုပ်လုပ်ကိုင်ပါက ငွေကျပ် ၁၀ သိန်း ရရှိမည်ဟုပြောဆိုကာ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်ရှိ တရုတ်အမျိုးသားတစ်ဦးထံ တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“လူကုန်ကူးခံရပြီး ပြန်ရောက်လာတဲ့ အမျိုးသမီးကို လူကုန်တားရဲတပ်ဖွဲ့က သွားစစ်ဆေးပြီး အမှုဖွင့်ခဲ့တာ။ မိန်းကလေးတစ်ယောက်ကို တရုတ်ယွမ်ငွေ တစ်သိန်း သုံးသောင်းနဲ့ ရောင်းစားလိုက်တဲ့အမှု။ ဖမ်းမိတဲ့နှစ်ဦးကို တရားရုံးက ထောင်ချပြီး ကျန်တဲ့သုံးဦးကိုတော့ တရားခံပြေးအဖြစ် ကြေညာလိုက်တယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းအမှုမှ လွတ်မြောက်နေသူ သုံးဦးမှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းအုပ်စုတွင်နေထိုင်သူ အသက် ၅၅ နှစ်နှင့် ၂၈ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် လှိုင်သာယာမြို့တွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဒေါပုံမြို့မ ရဲစခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၈ (က) ဖြင့် တရားစွဲဆို တင်ပို့ကာ အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ၁၂ မှ စစ်ဆေးပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

J-16