News

POST TYPE

FEATURE

ခွေးသားစားသူများ
26-Jun-2018



တရုတ်နိုင်ငံတွင် လိုင်ချီးနှင့်ခွေးသားစားပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်သည်။ တရုတ်တွေက ခွေးသားကို အကြိုက်တွေ့ကြသည်။ ခွေးသားစားခြင်းဖြင့် မိမိတို့ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေသည်ဟု ယူဆကာ စားသုံးနေကြခြင်းဖြစ်သည်။ ၁၀ ရက်တိုင်ကျင်းပလေ့ရှိသော ခွေးသားစားပွဲကို တရုတ်နိုင်ငံကွမ်ရှီးနယ်၊ ယုလင်းမြို့တွင် ပုံမှန်ကျင်းပလေ့ရှိသောကြောင့် ယုလင်းခွေးသား စားပွဲတော်ဟူ၍လည်း နာမည်ကျော်သည်။ 

ခွေးသားစားပွဲတော် ခွေးသားကြိုက်သူတွေက နှစ်စဉ်ကျင်းပနေသလို ခွေးများကို ရက်စက်စွာ သတ်စားနေခြင်းအား လူသားမဆန်မှုနှင့် ညစ်ပတ်စုတ်ပဲ့မှုတစ်ခုအနေနှင့် ဆန့်ကျင်ရှုတ်ချနေသူများလည်းရှိသည်။ နှစ်စဉ် ဇွန်လရောက်တိုင်း ကျင်းပသူတွေက ကျင်းပနေချိန်တွင် တစ်ကမ္ဘာလုံးရှိ ခွေးချစ်သူတွေကလည်း ဆန့်ကျင်ဆန္ဒပြမှုများကို လုပ်ဆောင်နေကြသည်သာဖြစ်သည်။ ထိုပွဲတော်အတွက် ၁၀ ရက်တာ ကာလတွင် သူတို့ ခွေးပေါင်းတစ်သောင်းမှ တစ်သောင်းခွဲခန့်အထိ သတ်ဖြတ်စားသောက်ခဲ့ကြသည်။ ထို့ကြောင့်လည်း တိရစ္ဆာန်အခွင့်အရေး စောင့်ရှောက်ရေးအဖွဲ့တွေက နှစ်စဉ်ဇွန်လရောက်တိုင်း ဆန့်ကျင်ဆန္ဒပြနေကြခြင်းဖြစ်သည်။ 

တရုတ်တို့ ခွေးသားစားခြင်းသည် သမိုင်းစဉ်နှင့်ချီပြီးရှိနေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းက ခွေးသားကို ဆေးဖက်ဝင်သည်ဆိုကာ စားသောက်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ယုလင်းမြို့တွင် ပွဲတော် တစ်ခုအနေနှင့် လိုင်ချီးသီးစားပွဲနှင့် ခွေးသားစားပွဲကို ပူးတွဲကျင်းပခဲ့ကြခြင်းဖြစ်သည်။ ပွဲတော်စတင်စက ခွေးပေါင်းများစွာကို သတ်ဖြတ်စားသောက်ခဲ့ကြသော်လည်း ကန့်ကွက်ဆန့်ကျင်သူများကြောင့် ၂၀၁၅ ခုနှစ်တွင် ယုလင်း၌ ခွေးကောင်ရေ ၁၀၀၀ ခန့်သာ သတ်ဖြတ်တော့သည်ဟု သိရသည်။ ပွဲတော်နေ့တွင် လှောင်အိမ်များအတွင်း ထည့်ထားသည့် ခွေးများကို ရိုက်သတ်ပြီး အရေခွံခွာကာ ဟင်းများချက်ပြီး လာရောက်သည့် ဧည့်သည်များကို အလျှံအပယ် ကျွေးမွေးဧည့်ခံလေ့ရှိသည်။ 

နှစ်စဉ်ကျင်းပသည့် ယုလင်းခွေးသားစားပွဲတော်ကို နိုင်ငံပေါင်းစုံမှ ထောက်ခံသူတွေရော၊ မထောက်ခံသူတွေပါ ရောက်လာတတ်ကြသည်။ ထောက်ခံသူတွေက ပျော်ရွှင်စွာ ခွေးသားစားနေချိန်တွင် မထောက်ခံသူတွေက ကန့်ကွက်ဆန္ဒပြနေသလို၊ သနားသူတွေက လှောင်အိမ်ထဲက ခွေးလေးတွေကို ဝယ်ပြီး လွှတ်ပေးနေကြသည်။ 

၂၀၁၆ ခုနှစ်က ခွေးသားစားပွဲတော်တွင် သတ်ဖြတ်ခဲ့သည့် ခွေးကောင်ရေမှာ ၁၀၀၀ ခန့်သာရှိသည်ဆိုသဖြင့် ကျဆင်းသွားသည်ဟုဆိုရမည်။ ယခုနှစ်တွင် လည်း ဇွန်လ ၂၁ ရက်နေ့က ယုလင်းတွင် ပုံမှန်အတိုင်း ခွေးသားစားပွဲတော်ကို ကျင်းပသည်။ ထိုပွဲတော်ကို ယခုဇွန်လ ၃၀ ရက်နေ့အထိ ကျင်းပသွားကြမည်ဖြစ်သည်။ ယမန်နှစ် ၂၀၁၇ ကတည်းက ခွေးသားစားပွဲတော်ကို ပိတ်ပေးရန် ကန့်ကွက်ဆန္ဒပြမှုများမှာ မအောင်မြင်ခဲ့ဟု ဆိုရမည်။ 

ဒေသခံတွေက ရိုးရာနှင့်ယဉ်ကျေးမှုကို အကြောင်းပြကြသည်။ ယုလင်းရှိ ဒေသခံတွေက မိမိတို့သည် ရိုးရာကို ဆက်လက်ထိန်းသိမ်းခြင်းဟု ခံယူပြီး ဆက်လက်ကျင်းပရန် ခေါင်းမာကြသည်။ တရုတ်နိုင်ငံသည် ရှေးဟောင်းဓလေ့ထုံးစံများနှင့် ရိုးရာယဉ်ကျေးမှုကို လက်ခံရာတွင် စံပြုလောက်သူများဖြစ်သည်။ တရုတ်တို့ကို အနောက်ဓလေ့များဖြင့် စံထားကာ တိုင်းတာ၍လက်ခံမည်မဟုတ်။ သူတို့နိုင်ငံအတွင်း မီဒီယာတွေကပင် တိရစ္ဆာန်အခွင့်အရေးများအကြောင်းပြောကာ မည်မျှကန့်ကွက်နေကြသည်ဆိုစေ သူတို့ကတော့ ရိုးရာပွဲအဖြစ် ကျင်းပမည်ဟု ယုလင်းဒေသခံတွေက ဆိုကြသည်။ 

ယုလင်းခွေးသားစားပွဲပိတ်ရန် Change.org အဖွဲ့က လက်မှတ်ပေါင်း သုံးသန်းရအောင် စုဆောင်းပြီး တရုတ်အစိုးရထံကို အရောက်ပို့ကြသည်။ သို့သော် ဒေသခံတွေက သူတို့ပွဲတော်ကို လာပိတ်မည်ဆိုလျှင် ဆူပူအုံကြွ ဒေါသထွက်ကြသည်။ ယုလင်းတွင် ခွေးသား မစားရေး သွားဆန့်ကျင်လျှင်ပင် ရိုက်နှက်ခြင်းကို ခံရကိန်းရှိသည်။ ယုလင်းတွင် ခွေးသားစားပွဲကြောင့် ဒေသခံတွေ စီးပွားဖြစ်သည်။ သူတို့အများစုမှာ ခွေးသားကုန်ကူး ရောင်းချနေသူများဖြစ်သောကြောင့် စီးပွားရေးအခွင့်အလမ်းများလည်း ပိတ်သွားမည်ကို စိုးရိမ်နေကြသည်။ 

ကွမ်ရှီးနယ်သည် တရုတ်နိုင်ငံအတွင်း ဆင်းရဲသည့်ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ထိုပွဲတော်အတွက် ခွေးမွေးခြင်း၊ ခွေးကုန်ကူးခြင်း၊ အသားရောင်းချခြင်းများမှာ သူတို့ဝင်ငွေနှင့်လည်း ဆက်စပ်နေသည်။ ခွေးသားစားပွဲကြီးကို ၁၀ ရက်တိုင် ပုံမှန်ကျင်းပနိုင်ခြင်းကပင် သူတို့အတွက် အခွင့်အလမ်းတစ်ခုကဲ့သို့ဖြစ်နေသည်။ 

ယုလင်းခွေးသားစားပွဲကို ဆန့်ကျင်သူအများစုမှာ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ သူတို့က အစဉ်အလာကို လက်မခံသူတွေဖြစ်သလို ခွေးချစ်သူတွေဖြစ်နေကြသည်။ ထို့ကြောင့် တိရစ္ဆာန်များအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် သူတို့အသင့်ဖြစ်နေတတ်သည်။ သူတို့က ခွေးလေးတွေ အစားမခံရရေး၊ အသတ်မခံရရေးအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြသူများ ဖြစ်နေသည်။ သူတို့ ၂၀၁၆ ခုနှစ်ကတည်းက ခွေးသားမစားရေး လိုက်ပြီးတော့ လှုံ့ဆော်သည်။ ဆန္ဒတွေတောင်းခံသည်။ သူတို့ပြုစုထားသည့် စာရင်းမှာပင် တရုတ်နိုင်ငံတွင် ခွေးသားစားခြင်းအပေါ် မကြိုက်သူ ၆၄ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ၂၀၁၆ ခုနှစ်က ထုတ်ဖော်ပြနိုင်ခဲ့သည်။ 

ခွေးသားစားခြင်း ဆန့်ကျင်ရေးလက်မှတ်ရေးထိုးပွဲများကို လူငယ်များ ဦးဆောင်ပြီး မေလကတည်းက လှုပ်ရှားကြသည်။ ထိုပွဲကို မထောက်ခံကြောင်း လက်မှတ်ပေါင်း သုံးသန်းကျော်ကို အွန်လိုင်းကတစ်ဆင့် စုဆောင်းနိုင်ခဲ့ကြသည်။ StopYulinForever.org အဖွဲ့အနေနှင့်လည်း စုစည်းပြီး လူထုချီတက်ပွဲများလုပ်ကာ ဆန့်ကျင်ဆန္ဒပြကြသည်။ တစ်ကမ္ဘာလုံးကိုလည်း ယုလင်းခွေးသားစားပွဲကို ဆန္ဒပြရန်တောင်းပန်ထားရာ အခြားသော နိုင်ငံများတွင်ပါ ဆန္ဒပြပွဲများကို တစ်ပြိုင်တည်း ကျင်းပနေကြသည်။ မေလက တရုတ်လူငယ်များ သူတို့ ခွေးလေးတွေကို ခေါ်လာပြီး ဒါလီယန်မြို့ရှိ ရှန်ဟိုင်းရင်ပြင်တွင် စုဝေးကာ ခွေးသားစားခြင်းကို ကန့်ကွက်ခဲ့ကြသည်။ “တရုတ် နိုင်ငံတော်ကြီးကို လှပအောင်တည်ဆောက်ကြ၊ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်သူများကို အပြစ်ပေးကြ”ဆိုသည့် စာတန်းများကိုင်ဆောင်လာရုံမက ကြွေးကြော်အော်ဟစ်ပြီးပါ ဆန္ဒပြကြသည်။ 

သို့သော် တရုတ်ကွန်မြူနစ်အစိုးရသည် တစ်ကမ္ဘာလုံးကမည်မျှအော်သည်ဖြစ်စေ ဂရုစိုက်တတ် သည်မဟုတ်။ ပြည်တွင်းကအော်သံတွေလောက်တော့ ဖြုံပင်မဖြုံ။ ထို့ကြောင့် ၂၀၁၈ ဇွန်လ ခွေးသားစားပွဲကို ဆက်လက်လုပ်ရန် ခွင့်ပြုသည်။ ထို့ပြင် ခွေးသတ်သူ၊ ခွေးသားရောင်းသူ၊ ခွေသားစားရန် လာရောက်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးထားသည်။ သို့သော် ယခုနှစ် ခွေးသားစားပွဲကတော့ ကန့်ကွက်ဆန္ဒပြနေသူများကြောင့် အနည်းငယ်အေး စက်စက်နိုင်သွားသည်ဟုဆိုကြသည်။ 

ခွေးသားစားမှုကို ဆန့်ကျင်သူများက ယုလင်းမြို့ကို ဝင်နိုင်သည့်လမ်းပေါ်သို့တက်ကာ ပိတ်ဆို့ထားသည်။ သူတို့က ရပ်ဝေးကတင်လာသည့် ခွေးများ၊ ကြောင်များကို မြို့တွင်းမဝင်နိုင်ရန် ဆန္ဒပြကြသည့်အပြင် အချို့ကလည်း သယ်ဆောင်လာသော ခွေးများ၊ ကြောင်များကို ရောင်းချသည့်ဈေးဖြင့် ပြန်ဝယ်ပြီး ကယ်တင်နေကြသည်။ သူတို့ ဝယ်ယူစုဆောင်းနေသည့် ခွေးများအတွက်လည်း ထားစရာနေရာ၊ စောင့်ရှောက်မည့် တိရစ္ဆာန်ဆရာဝန်ရရှိရေးတို့မှာ ပြဿနာဖြစ်နေသည်။ ကယ်တင်ရှင်အားလုံးကတော့ တရုတ်တွင် ခွေးသားစားသည့် စနစ်ဆိုးကြီးကို ဖျက်သိမ်းလိုက်မှ ပြီးဆုံးသွားမည်၊ ထို့ကြောင့် ဥပဒေကို ပြဋ္ဌာန်းပြီး တိကျစွာဆောင်ရွက်အရေးယူပေးရန် တောင်းဆိုနေကြသည်။ 

တရုတ်နိုင်ငံမှ ကျောင်းဆရာမဟောင်း ယန်ရှောင်းယန်သည် ၂၀၁၄ ခုနှစ်ကတည်းက ယုလင်းသို့ ရောက်လာသည့် ခွေးများကို ကယ်တင်ပေးနေသူ ဖြစ်သည်။ ထိုနှစ်က ဆရာမကြီးသည် ခွေးပေါင်း ၃၆၀ ကို ကယ်တင်နိုင်ခဲ့ သည်။ ၂၀၁၅ ခုနှစ်တွင် သူသည် ၁၀၀ ခန့်ကိုသာကယ်တင်နိုင်တော့သည်။ သူ့ကိုယ်ပိုင်ငွေဖြင့် တစ်ကိုယ်တော် လှုပ်ရှားနေခြင်းဖြစ်သည်။ ဗြိတိန်က ဆရာမကြီးကို စာနာထောက်ထားပြီး စတာလင်ပေါင် တစ်သိန်းလှူဒါန်းမှုကို အစိုးရက လက်မခံသဖြင့် ပြန်ရုပ်သိမ်းသွားခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ခွေးသားမစားရေးတွင် ပါဝင်လှုပ်ရှားလာသည်။ နိုင်ငံတကာလူ့အဖွဲ့အစည်းက ၂၀၁၆ ခုနှစ်တွင် ခွေးကောင်ရေ ၁၀၀၀ ကိုကယ်တင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် No Dog Left Behind အဖွဲ့က ခွေးပေါင်း ၁၃၀၀ ကို ကယ်တင်နိုင်ခဲ့ပြန်သည်။ သူတို့က ခွေးတွေကို ယုလင်းသို့ သယ်ဆောင်လာသည့် ထရပ်ကားလမ်းတွေကို ပိတ်ထားသည်။ သို့သော် ရဲတပ်ဖွဲ့က ယုလင်းသို့ဝင်လာသည့် ခွေးများမှာ ပိတ်ထားသဖြင့် အောက်လမ်းက ခိုးကြောင်ခိုးဝှက်တင်သွင်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ၄၀ ရာခိုင်နှုန်းသော ခွေးသားစားပွဲတော်သို့ ရောက်လာကြသည့် ခွေးများမှာ ရောဂါကြောင့် စိတ်မချရဟုလည်းထုတ်ပြန်ခဲ့သည်။ 

၂၀၁၄ ခုနှစ်ကစတင်ပြီး နိုင်ငံအတွင်းရှိ သတင်း မီဒီယာများကလည်း ခွေးသားမစားရေးကို လှုပ်ရှားလာကြသည်။ Xinhua သတင်းစာကလည်း ယုလင်းခွေးသားစားပွဲကို သူတို့ဒေသအတွင်း ကျင်းပသည့် ပွဲတော်လေးတစ်ခုအဖြစ်သာ ခွင့်ပြုလိုက်လျှင် သတ်ဖြတ်သည့် ကောင်ရေ လျော့နည်းသွားနိုင်ကြောင်း ထောက်ပြသည်။ ယခုအခါ တစ်ကမ္ဘာလုံးကိုပင် ဖိတ်ခေါ်သည့် ပွဲတော်ကြီးဖြစ်နေပြီးရက်ရှည် ၁၀ ရက်တိုင်ခွင့်ပြု ထားခြင်းက ခွေးကောင်ရေများစွာကို သတ်ဖြတ်ခိုင်းရာ ရောက်နေသည်ဟု ဝေဖန်သည်။ People’s Daily သတင်းစာကလည်း ခွေးများသည် လူသားတို့နှင့် အရင်းနှီးဆုံး အပေါင်းအဖော်အသွင်ဆောင်သည့် တိရစ္ဆာန်များ ဖြစ်သောကြောင့် အထူးအခွင့်အရေးဖြင့် ဥပဒေများထုတ်ကာ အကာအကွယ်ပေးသင့်ကြောင်း ရေးသားသည်။ Global Times တွင်လည်း အနောက်နိုင်ငံများတွင် ခွေးတိုက်ပွဲများကို အစိုးရများက နှိမ်နင်းနေသလို တရုတ်တွင်လည်း ခွေးစားပွဲများကို နှိမ်နင်းသင့်သည်ဟုဆိုထားသည်။ 

ဆိုရှယ်မီဒီယာခေတ်စားလာချိန်တွင် Twitter, Facebook, Instagram တို့ပေါ်၌လည်း ယုလင်းခွေးသားစားပွဲကို ရပ်ပစ်ရန် လှုပ်ရှားမှုများ မပြတ်လုပ်နေသဖြင့် ကမ္ဘာကလည်းသတိထားမိလာကြသည်။ ဆိုရှယ်မီဒီယာပေါ်မှ မျိုးဆက်သစ်လူငယ်တွေ၏ လှုပ်ရှားမှုကလည်း ကြောက်ခမန်းလိလိအောင်မြင်ခဲ့သည်ဟု ဆိုရမည်။ ၂၀၁၃ ခုနှစ်ကတည်းက လှုပ်ရှားခဲ့မှုများကြောင့် နှစ်စဉ်ကျဆင်းလာရာ ၂၀၁၆ ခုနှစ် တွင် ၁၀၀၀ ခန့်သာရှိတော့သည်ကို တွေ့ရသည်။

Time မဂ္ဂဇင်းကလည်း ဆောင်းပါးတစ်ပုဒ်တွင် ယုလင်းခွေးသားစားပွဲသည် တိရစ္ဆာန်အခွင့်အရေး တောင်းဆိုခြင်းဆိုသည်ထက် ကျန်းမာရေးဘက်ကတိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟု ရှုမြင်ရန်လိုကြောင်း ထောက်ပြရေးသားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း တရုတ်နိုင်ငံ ခွေးသားစားပွဲတော်နှင့် မိမိတို့နိုင်ငံက ခွေးတွေ ကြောင်တွေပျောက်ဆုံးမှုကို သတိထားရန်ပြောကြားဖူးသည်။ သမ္မတကြီးက မိမိတို့နိုင်ငံမှ ခွေးနှင့်ကြောင် တစ်သန်းကျော်ကို နိုင်ငံတကာသို့တင်ပို့ နေကြကြောင်း ထုတ်ဖော်ဖူးသည်။ ထိုအရေအတွက်သည် နိုင်ငံတကာ စားသောက်ဆိုင်များသို့ရောက်နေခြင်းဖြစ်ပြီး များသောအားဖြင့် အခိုးခံရသည့် ခွေးနှင့်ကြောင်များဖြစ်ကြသည်။

ခွေးသားကို တရုတ်တွေသာကြိုက်သည်မဟုတ် ကိုရီးယားနိုင်ငံအပါအဝင် အာရှတွင်လည်း စားနေကြကြောင်း တွေ့ရသည်။ BBC သတင်းတစ်ခုတွင် အာရှဈေးကွက်၌ နှစ်စဉ် ခွေးကောင်ရေ သန်း ၃၀ ခန့် စားသုံးရန်အတွက် အသတ်ခံနေရသည်ဟု ဆိုထားသည်။ 

ယုလင်းတွင် ခွေးသားစားပွဲတော်ကျင်းပခြင်းကို ရပ်ဆိုင်းရန်အတွက် ၂၀၁၆ ခုနှစ်တွင် အမေရိကန်အမတ်တစ်ဦးဖြစ်သူ အယ်လ်စီ ဟပ်စ်တင်းကိုယ်တိုင် ဦးဆောင်လှုပ်ရှားခဲ့ဖူးသည်။ သူက တရုတ်အစိုးရအနေနှင့် ထိုပွဲကို ပိတ်ပင်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ ထင်ရှားသည့်ပုဂ္ဂိုလ်ကျော်များကလည်း တရုတ်အစိုးရထံ စာရေးပြီး ကန့်ကွက်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လှုပ်ရှားဆန့်ကျင်ပွဲများ ကျင်းပကြသည်။ သို့သော် ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေမှ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံ ယုလင်းတွင် ခွေးသားစားပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်သာဖြစ်သည်။ 

တရုတ်ခွေးစားပွဲသည် တိုက်ပွဲဝင်နေသူများကြောင့် တဖြည်းဖြည်းတော့ ပပျောက်သွားနိုင်သည်။ သို့သော် အစိုးရကိုယ်တိုင်က ဥပဒေဖြင့် ထုတ်ပြန်ပြီး မရပ်ဆိုင်းခိုင်းခြင်းက ထူးဆန်းသည်ဟုဆိုရမည်။ တရုတ်ခွေးစားပွဲ ဆန့်ကျင်ရေးကို ဦးဆောင်နေသူ နိုင်ငံတကာလူ့အဖွဲ့အစည်းမှ ဒါရိုက်တာ မစ္စဝင်ဒီဟစ်ဂင်းက -

“ပြောင်းလဲသွားဖို့ဆိုတာ အတွင်းကပြောင်းမှ ပြောင်းနိုင်မှာပါ” ဟုဆိုသည်။ သူဆိုလိုသည်က ပြည်ပမှ မည်မျှတိုက်ပွဲဝင်သည်ဆိုစေ ခွေးဆိုသည်မှာ စားစရာမဟုတ်၊ သနားစရာဟု မရှုမြင်နိုင်သေးသမျှ ခွေးလေးတွေ သေနေကြရဦးမည်ဟု ဆိုလိုခြင်းဖြစ်သည်။

(Ref: The Independent, The Guardian, The Express)