News

POST TYPE

FEATURE

အိမ်ခေါင်မိုးပေါ် လေယာဉ်ပျံဆောက်သူ
12-Jun-2018 tagged as



အာမိုယာဒေါ့ဆိုသည့် လေယာဉ်မောင်တစ်ယောက်က ၂၀၀၉ ခုနှစ်တွင် သူ့အိမ်ခေါင်မိုးပေါ်၌ ကိုယ်ပိုင်လေယာဉ်တစ်စင်းကို တည်ဆောက်မည်ဟု ကြေညာလိုက်သည့်အခါတွင် လူတွေကရယ်ကြသည်။ သူကလေယာဉ်မောင်းတတ်ကောင်းမောင်းတတ်မည်။ လေယာဉ်တည်ဆောက်သည့် အင်ဂျင်နီယာ တစ်ဦးမဟုတ်သောကြောင့် မဖြစ်နိုင်ဟု ဆိုကြသည်။ 

သူက လေယာဉ်တစ်ဆောက်မည်ဟုပြောပြီး ၉ နှစ်အကြာတွင် အာမိုတစ်ယောက် ၄၂ နှစ်အရွယ် ရောက်ပြီ။ သူ၏ မွမ်ဘိုင်းရှိ အိမ်ခေါင်မိုးပေါ်တွင် လေယာဉ်ဆောက်မည်ဆိုသည့် စိတ်ကူးသည်အကောင်အထည်ပေါ်လာရုံမက၊ မဟာရပ်ရှ်တရာ ပြည်နယ်အစိုးရနှင့် ယခုဆိုလျှင် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတန်ကြေးရှိ လေယာဉ်တည်ဆောက်ရေးစက်ရုံတစ်ရုံကို ထူထောင်ရန် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးဖြစ်သည်။ နိုင်ငံ၏ပထမဆုံး လေယာဉ်ထုတ်လုပ်မည့် စက်ရုံလည်းဖြစ်လာသည်။ 

ယာဒေါ့သည် Jet Airways လေကြောင်းလိုင်းတွင် အကြီးတန်းလေယာဉ်မှူးအဖြစ် အလုပ်လုပ်နေသူဖြစ်သည်။ ပန်ကာတပ်ထားသည့် တာဗိုဂျက်အင်ဂျင်လေယာဉ်ကို မောင်းနှင်ရသူတစ်ဦးလည်းဖြစ်သည်။ သူ့ဘဝစိတ်ကူးမှာ လေယာဉ်မောင်းခြင်းမဟုတ်၊ လေယာဉ်ကိုတည် ဆောက်ခြင်းဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားတတ်သည်။

“၁၉၉၈ လောက်က ကျွန်တော်ဆလင်ဒါခြောက်လုံးနဲ့ ဓာတ်ဆီထည့်မောင်းနိုင်တဲ့ ထရပ်ကား အင်ဂျင်တစ်လုံးကို ဒေါ်လာ ၁၆၀ နဲ့ဝယ်လိုက်တယ်။ ကျွန်တော့်စိတ်ကူးထဲက လေယာဉ်ကို တည်ဆောက်ဖို့ပေါ့” ဟု သူကဆိုသည်။ သူက -

“ကျွန်တော် အမှားတွေ အကြိမ်ကြိမ်လုပ်မိခဲ့ပြီးတော့ အဲဒီလေယာဉ်တည်ဆောက်မှုကို လက်လျှော့လိုက်ပါတယ်”ဟု ဆက်ပြောသည်။ 

သူလက်လျှော့လိုက်ပြီဆိုသော်လည်း အိပ်မက်ကို ဖျက်မရသည့်အတွက် နောက်တစ်နှစ်တွင် အင်ဂျင်အသစ်တစ်လုံးကို ထပ်ဝယ်ပြီး လေယာဉ်ကို ထပ်ဆောက်ပြန်သည်။ မိသားစုက သူ့ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေနှင့် ရှိတာလေးတွေ ရောင်းချပေါင်နှံပေးကြသည်။ သူ့မိခင်က အမြတ်တနိုးဝတ်ဆင်သည့် ဆွဲကြိုးကို ချွတ်ပေးသဖြင့် အပေါင်ဆိုင်တွင် သွားပေါင်ခဲ့ရသည်။ 

သူက အလုပ်ရုံတစ်ခုကို ထူထောင်ပြီး ထိုင်ခုံခြောက်ခုံပါ လေယာဉ်တစ်စီးကို လေးနှစ်တိုင်အောင် တစ်ကိုယ်တော် တည်ဆောက်ခဲ့ရသည်။ ယခင်တည်ဆောက်ခဲ့သည့် လေယာဉ်ထက် ယခုလေယာဉ်က ပိုပြီး ပြည့်စုံလာခဲ့သည်။

“ကျွန်တော်လမ်းတွေပေါ်မှာ မောင်းကြည့်တာတော့ ရနေတယ်။ ဒါပေမဲ့ အစိုးရက အဲဒီလေယာဉ်ကို မှတ်ပုံတင်ပေးဖို့ ငြင်းဆန်ခဲ့တယ်”ဟု သူကဆိုသည်။

သူ့ကိုယ်ပိုင်လေယာဉ်ထဲတွင် အာရုံရောက်နေသည့် အာမိုတစ်ယောက် အလုပ်ထွက်လိုက်သည်။ သူက ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် ပထမဆုံး လုပ်ငန်းထူထောင်သူတစ်ဦးဖြစ်စေရန် အားထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။

“ကျွန်တော့် ဆောက်လုပ်ရေးလုပ်ငန်းက အရမ်းကောင်းလာတယ်။ အာမိုက အလုပ်ထွက်လိုက်ပေမယ့် သူ့ကို ကျွန်တော်တို့ နောက်ထပ်အခွင့်အရေးထပ် ပေးသင့်တယ်လို့ထင်တယ်” ဟု သူ့ညီဖြစ်သူကပြောသည်။ သူတို့ မိသားစုအားလုံးက သူ့အပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည့်သဘောဖြစ်သည်။ 

သူတို့နေထိုင်သည့်တိုက်ခန်းက ငါးထပ်ရှိသည်။ သို့သော် ဓာတ်လှေကားမရှိ။ ထိုတိုက်ခန်းများတွင် မိသားစု ၁၉ စု စုပေါင်းနေထိုင်ကြသည်။ သူက တိုက်ခေါင်မိုးပေါ်တွင် အလုပ်ရုံတည်လိုက်သဖြင့် တွင်ခုံစသည့် လေးလံသော အလုပ်ရုံပစ္စည်းများကို စက်သီးတွေကြိုးတွေနှင့် ဆွဲတင်ကြရသည်။ လိုအပ်သည့်ပစ္စည်းတွေအပြင် ၃၉၆ ပေါင်လေးသည့် အင်ဂျင်ကိုပင် လှေကားကျဉ်းကျဉ်းလေးက ခက်ခဲစွာ တင်ခဲ့ရသည်။ 

သူတို့ခေါင်မိုးပေါ်နေရာက တင်းနစ်ကွင်းထက်ဝက်စာလောက်သာကျယ်သည်။ သူနှင့် အကူခေါ်ထားသည့် နှစ်ယောက်သည် ထိုင်ခုံခြောက်ခုံပါ လေယာဉ် တစ်စီးကို သူတို့နည်း သူတို့ဟန်ဖြင့် တည်ဆောက်နေကြသည်။ သူ့လေယာဉ်က အမြင့်ပေ ၁၃၀၀၀ အထိ တက်နိုင်ပြီး၊ ဆီလှောင်ကန်သည် ကီလိုမီတာပေါင်း ၂၀၀၀ ခန့် မောင်းနိုင်ကြောင်း၊ တစ်နာရီလျှင် ၁၈၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း သူက ယုံကြည်မှုအပြည့်နှင့်ပြောရှာသည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက သူ့လေယာဉ်ကို ခေါင်မိုးပေါ်တွင်ပင် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့သည်။ 

ထိုစဉ်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း တီထွင်မှုများကို အားပေးသည့်အနေနှင့် Make in India ပြပွဲကြီးကို ကျင်းပပေးရန် စီစဉ်နေသည်။ မွန်ဘိုင်းတွင် တစ်နိုင်ငံလုံးမှ တီထွင်မှုများကို ပြသရန် ပွဲတစ်ခု စီစဉ်ပေးသည်။ 

အာမိုက ထိုပွဲတွင် သူတီထွင်ထားသော လေယာဉ်ကို တင်ပြခွင့်ရရန် ကြိုးစားသည်။ သို့သော် ပွဲစီစဉ်သူများက ငြင်းဆိုလိုက်ကြသည်။ သူတို့ပြပွဲတွင် လေကြောင်း တီထွင်မှုများမပါဆိုကာ ငြင်းပယ်ကြခြင်းဖြစ်သည်။ သူ့ညီက ဘန်ဒရာတွင်ကျင်းပပြုလုပ်မည့် ပြပွဲကို ရောက်လာပြီး သူတို့အတွက် နေရာလေးတစ်နေရာ ပြခွင့်ရရေးကို လာကြိုးစားပေးသည်။ သူက အိမ်တွင်း ထုတ်ကုန်ပြပွဲဆိုသဖြင့် သူတို့အိမ်တွင်းထုတ် လေယာဉ်ကို ပြသခွင့်ရှိကြောင်း လာရောက်ဆွေးနွေးငြင်းခုံနေခြင်းဖြစ်သည်။ နောက်ဆုံး သူတို့ ပြသခွင့်ရသွားသည်။

“ကျွန်တော်တို့ တစ်ညလုံး လေယာဉ်ကို တစ်စစီပြန်ဖြုတ်ကြရတယ်။ ကျွန်တော်တို့က ကမ္ဘာ့ပြပွဲကို အတင်းချိုးဖောက်ဝင်ပြီး ရအောင်ပြမှာပါ” ဟု အာမိုကပြောပြရှာသည်။

သူတို့ တောင်ပံ၊ အင်ဂျင်၊အမြီး၊ ကိုယ်ထည်တို့ကို တစ်မိသားစုလုံးလိုလို ဝိုင်းဖျက်ပြီး ထုပ်ပိုးသယ်ဆောင်ရန် အသင့် လုပ်ပေးကြသည်။ လမ်းပေါ်ကို ကြီးလေးသည့် အပိုင်းများအား ကရိန်းကားငှားပြီး ချကြရသည်။ လမ်းပေါ်တွင် သယ်ဆောင်ရန် ထရပ်ကားကြီးနှစ်စီးကို ငှားထားသည်။ သူတို့အိမ်နီးချင်းတွေအားလုံးက မိသားစုကို အရူးတွေပမာ ဝိုင်းကြည့်နေကြသည်။ 

နောက်ဆုံး ၉ မီတာရှည်သည့် လေယာဉ်ကိုယ်ထည်ကြီးက ကရိန်းဖြင့်မထားသဖြင့် လေထဲတွင် ဝဲလည်နေပြီ။

“ကျွန်တော် နှလုံးခုန်ရပ်သွားမတတ်ဘဲ။ လေယာဉ်ကိုယ်ထည်ကြီး ကရိန်းပေါ်က ကြိုးပြတ်ကျလာမှာ စိုးရိမ်လိုက်တာ” ဟု သူကဆိုသည်။

တစ်စစီဖြုတ်ထားသည့် လေယာဉ်အစိတ်အပိုင်းတွေကို ထရပ်ကားတွေပေါ်တင်ကြသည်။ ညဥ့်သန်းခေါင်အချိန် လူရှင်းသည့် လမ်းမပေါ်ကို ကားတွေ မောင်းထွက်ခဲ့သည်။ သူတို့ ၂၅ ကီလိုမီတာဝေးသည့် ပြခန်းဆီသို့ လေယာဉ်အစိတ်အပိုင်းတွေကို သယ်ဆောင်လာခဲ့ကြသည်။ 

ညဥ့်နက်ပြီဖြစ်သောကြောင့် ပြပွဲတွင် လေယာဉ်ကို ပြန်ဆင်ရန် လုံခြုံရေးတွေက သုံးနာရီသာ အချိန်ပေးသည်။ ဖွင့်ပွဲနေ့တွင် လေယာဉ်ကြီးက ခမ်းနားထည်ဝါစွာဖြင့် ပြပွဲကွင်းအတွင်း၌ နေရာယူထားနိုင်ခဲ့ပြီဖြစ်သည်။ ပြည်တွင်းသတင်းမီဒီယာတွေက လေယာဉ်အနီးဝိုင်းပြီး သတင်းတွေမေးကြ၊ ထုတ်လွှင့်ကြသည်။ လူတွေကလည်း လေယာဉ်ကို နောက်ခံထားပြီး ဖုန်းများဖြင့် ဆယ်ဖီဆွဲနေကြသည်။ အိန္ဒိယလေကြောင်း ဝန်ကြီးရောက်လာသည်။ သူ့နောက်တွင် လေကြောင်း အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အုပ်စုလိုက် ပါလာကြသည်။ အိမ်ခေါင်မိုးပေါ်ဆောက်ခဲ့သည့် လေယာဉ်နှင့် တည်ဆောက်သူ အာမိုတစ်ယောက် နေ့ချင်းညချင်း ထင်ရှားသည့် တီထွင်သူ သူရဲကောင်းကြီးဖြစ်သွားတော့သည်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အာမိုထူထောင်ထားသည့် Thrust Aircraft ကုမ္ပဏီနှင့် မဟာရပ်ရှ်တရာပြည်နယ်အစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြသည်။ ပြည်နယ်တွင် လေယာဉ်တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန်ဖြစ်သည်။ သူတို့စက်ရုံကို မွမ်ဘိုင်းမြို့နှင့် ကီလိုမီတာ ၁၄၀ ကွာဝေးသည့် ပါဂဟာတွင် မြေ ၆၄ ဧကပေါ်တွင် တည်ဆောက်ကြမည်ဖြစ်သည်။ အာမိုထူထောင်သည့် လေယာဉ်တည်ဆောက်ရေး ပရောဂျက်က လူပေါင်း ၁၀၀၀ ခန့်ကို အလုပ်ပေးနိုင်တော့မည်ဖြစ်သောကြောင့် အလုပ်လက်မဲ့တွေအတွက်လည်း ပျော်စရာဖြစ်သည်။

“ဒီပရောဂျက်က ပြည်နယ်ရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရုံမက လူပေါင်း ၁၀၀၀ ခန့်ကို အလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်”ဟု အာမိုကိုယ်တိုင်က ပြောကြားခြင်းဖြစ်သည်။

ပြည်နယ်အစိုးရနှင့် သဘောတူညီမှုတွင် ထိုင်ခုံ ၁၉ ခုံပါသည့် လေယာဉ်တစ်စီးကို နောက် ၆ လ အတွင်း တည်ဆောက်ပေးရန်ပါသည်။ သူက စက်ရုံလည်းတည်၊ လေယာဉ်လည်းဆောက် တစ်ပြိုင်တည်း လုပ်ရမည့် သဘောဖြစ်သည်။ လုပ်ငန်းအောင်မြင်လျှင် နှစ်စဉ်အပေါ့စားလေယာဉ် ၁၀၀ ခန့် ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြသည်။ 

“ကျွန်တော်တို့မှ ဗြိတိသျှတွေ အုပ်ချုပ်စဉ် ခေတ်ကတည်းက လေဆိပ် ၄၀၀ ကျော်ရှိပါတယ်။ လက်ရှိ ပိတ်ထားရတဲ့ လေဆိပ်တွေလည်းရှိတယ်။ ကျွန်တော်တို့ ထိုင်ခုံ ၁၉ ခုံပါ လေယာဉ်ကို တည်ဆောက်ပြီးရင် အဲဒီပိတ်ထားတဲ့ လေယာဉ်ကွင်းတွေကိုပြန်ဖွင့်ပြီး ပို့ဆောင်ရေးတွေကို ပြန်လုပ်မှာပါ”ဟု သူကဆိုသည်။

မဟာရပ်ရှ်တရာတွင် လက်ရှိအာဏာရပါတီ ဖြစ်သော BJP (Bharatiya Janata Party) ကလည်း သူ့ကို နောက်ကွယ်က အားပေးထောက်ခံလျက်ရှိသည်။ 

“ကျွန်တော်တို့ အစိုးရအနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်တီထွင်မှုတွေကို Make in India ဆိုတဲ့ ပရိုဂရမ်အောက်ကနေ အထောက်အကူပေးသွားမှာ ဖြစ်ပါတယ်” ဟူ၍လည်း BJP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ မာဒေ့ဘန်ဒါရီက ပြောကြားသည်။ 

ကာကွယ်ရေးနှင့် လေကြောင်းအတိုင်ပင်ခံ ဒီရပ်မာသာကလည်း အစိုးရအနေနှင့် အာမို၏ ပရောဂျက်ကို အပြည့်အဝ ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။ သူတို့က ဝန်ကြီးချုပ်၏ Make in India အစီအစဉ်ကို လုံးဝအထောက်အကူဖြစ်စေမည့် ပြည်တွင်းပညာရှင်တစ်ဦး၏ တီထွင်ထုတ်လုပ်မှုအပေါ် လုံးဝယုံကြည်ထားသည်။ 

Martin Consulting LLC မှ လေကြောင်းဆိုင်ရာ အကြံပေးလည်းဖြစ် ကုမ္ပဏီကို ထူထောင်သူလည်းဖြစ်သော မာ့ခ်ဒီမာတင်က -

“ပြဿနာက အိန္ဒိယမှာ ထုတ်လုပ်နေတဲ့ ပစ္စည်းတွေကို သဘာဝလောင်စာစွမ်းအင်တွေ သုံးစွဲမှုကနေ လျှော့ချနိုင်အောင် မလုပ်ဆောင်ပေးနိုင်သေးတာ တွေ့နေရတာပဲ။ ကျွန်တော်တို့မှာ ကုန်ကြမ်းတွေ မထုတ်နိုင်ဘူးလေ။ ခုလည်း လေယာဉ်တည်ဆောက်တယ်သာဆိုတယ် အရေးကြီးတဲ့ အစိတ်အပိုင်တွေ အားလုံးက နိုင်ငံခြားကနေ တင်သွင်းနေရတာ။ Bombardier နဲ့ Boeing ကုမ္ပဏီကြီးတွေက နှစ်ပေါင်းများစွာကတည်းက တင်သွင်းနေခဲ့ကြရတာ။ ဒါကြောင့် ပြည်တွင်းထုတ်လေယာဉ်ဆိုတာကို ပြည်တွင်းထုတ်ကုန်စစ်စစ်တွေနဲ့သာထုတ်ဖို့ အဖြေရှာသင့်ပြီထင်တယ်”ဟု သူ၏ ထောက်ပြချက်မှာလည်း အလေးထားစရာဖြစ်သည်။

စက်ပစ္စည်းအားလုံးကို နိုင်ငံခြားကမှာပြီး ကိုယ်ထည်ကို အိန္ဒိယတွင် အိန္ဒိယပညာရှင်များဖြင့် ထုတ်လုပ်လိုက်ရုံဖြင့် Make in India ဖြစ်သွားပြီလားဟု သူ၏ထောက်ပြချက်မှာ အလေးထားစဉ်းစားစရာလည်းဖြစ်သည်။ သူက-

“ကျွန်တော်ကတော့ ဒါဟာ နိုင်ငံရေးထွင်လုံးတစ်ခုလို့ထင်တယ်။ လေယာဉ်က မပျံပြရသေးဘူး အစိုးရက ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖိုးလောက် စာချုပ်တွေချုပ်ပြီး သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ။ ကျွန်တော့်အထင် ဒါဟာ စိတ်ကူးနဲ့လက်တွေ့ မထင်ဟပ်တဲ့ လုပ်ဆောင်ချက်များဖြစ်နေမလား”

မည်သို့ဆိုစေ အိမ်ခေါင်မိုးပေါ် အလုပ်ရုံထဲက လေယာဉ်တစ်စီးသည် ထပျံနေပြီဖြစ်သည်။

(Ref: Bloomberg, BBC, The Economic Times)

  • TAGS