News

POST TYPE

FEATURE

အီဂျစ်အာဏာရှင်သမ္မတ၏ ဒုတိယမြောက်ခရီး
05-Jun-2018



ဂျစ်သမ္မတ အယ်လ်စီစီ (Abdel Fattah el-Sisi) တစ်ယောက် ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်လက်အောင်ပွဲခံနိုင်သွားပြန်ပြီ။ ယခင်ထောက်လှမ်းရေးအကြီးအကဲဖြစ်ခဲ့သည့် စစ်တပ်အရာရှိကြီး အယ်လ်စီစီသည် ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၉၇ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့ပြီး အီဂျစ်သမ္မတဖြစ်ခဲ့သည်။ 

ယခု ၂၀၁၈ ခုနှစ်တွင်လည်း ဒုတိယသမ္မတ သက်တမ်းလေးနှစ်အတွက် ထပ်မံအောင်ပွဲခံခဲ့သောကြောင့် ဇွန်လ ၂ ရက်နေ့က သမ္မတအဖြစ် ထပ်မံကျမ်းသစ္စာကျိန်ဆိုခြင်း ပြုခဲ့ပြန်ပါသည်။ သူသည် ပါလီမန်တွင် ကက်ဘိနက်အဖွဲ့ဝင်များရှေ့၌ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါမည်ဆိုကာ ကတိပေးပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ သူ၏ ဒုတိယသမ္မတသက်တမ်းတွင် ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို အလေးပေးဆောင်ရွက်မည်ဟူ၍လည်း ဝန်ခံသွားခဲ့သည်။ 

“အီဂျစ်ဆိုတာ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲချမ်းသာကွဲပြားနေတာဟာ အကြမ်းဖက်မှုတွေဆီရောက်အောင် တွန်းပို့နေသလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတာကနေ အာဏာကို ရယူချင်တဲ့ စိတ်တွေဝင်လာတော့တာပဲ။ အီဂျစ်ဆိုတာ အားလုံးအတွက်ပါ။ ဘယ်သူတွေက သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ကျွန်တော်ကတော့ အားလုံးရဲ့ သမ္မတဖြစ်လာပါပြီ”ဟု သူကဆိုခဲ့သည်။ 

သမ္မတအဖြစ် ပါလီမန်ထဲတွင် စကားပြောနေစဉ် အီဂျစ်လေတပ်မှ ဖိုက်တာဂျက်လေယာဉ်များက ကိုင်ရိုမြို့အထက် မိုးကောင်းကင်ထဲတွင် အသံများ ကျယ်လောင်စွာဖြင့် ဖြတ်သန်းသွားကြသည်။ စစ်သုံးရဟတ်ယာဉ်များကလည်း မြို့ပေါ်တွင် ဝဲပျံနေသည်။ သမ္မတအသစ်ကို သေနတ် ၂၁ ချက်ဖောက်ကာ ဂုဏ်ပြုကြိုဆိုလိုက်ကြသည်။ 

၂၀၁၁ ခုနှစ်လောက်ကတည်းက သမ္မတ ဟို့စ်နီမူဘာရက်ကို ဖြုတ်ချရန် အီဂျစ်ပြည်သူတွေ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ စီစီထင်ရှားလာသည်မှာ ၂၀၁၃ ခုနှစ်လောက်မှ ဖြစ်သည်။ ထိုစဉ်က သူသည် တပ်မတော်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရာထူးကို ရယူထားသူဖြစ်သည်။ သမ္မတအဖြစ်တာဝန်ထမ်း ဆောင်နေသူ မိုဟာမက်မော်စီကို ပြည်သူတွေက သဘောမကျသဖြင့် သမ္မတရာထူးက ဆင်းပေးရန် အော်ဟစ်တောင်းဆိုနေကြသည်။ 

ရက်သတ္တပတ်ပေါင်းများစွာ ပြည်သူတွေက မော်စီအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ နိုင်ငံစီးပွားရေးနှင့် နိုင်ငံရေးအပေါ်တွင် လုံးဝစွမ်းဆောင်နိုင်စွမ်းမရှိဆိုကာ ပြည်သူတွေက မော်စီကိုဆန့်ကျင်နေကြ ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် သမ္မတ ဟို့စ်နီ မူဘာရက်လက်ထက်ကတည်းက အရှိန်နှင့် တိုက်ခတ်လာသည့် အာရပ်နွေဦး လှုပ်ရှားမှုကြီးသည် အရှိန်မသေသည့်အပြင် ပိုပြီး အင်အားကောင်းလာသည်ဟု ဆိုရမည်။

ပြည်သူတွေ အနေနှင့် ရွေးချယ်စရာမရှိ။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူထားသည့် စီစီကို တိုင်းပြည်၏ ကယ်တင်ရှင်တစ်ယောက်ဖြစ်နိုင်သည်ဟု ယူဆကာ “စီစီလာပါတော့။ မော်စီ အလိုမရှိ” ဟု မြို့ထဲတွင် လှည့်လည်ပြီး ကြွေးကြော်သည်အထိဖြစ်လာကြသည်။ 

မော်စီက သမ္မတရာထူးက နုတ်ထွက်ပေးရန် ငြင်းဆိုခဲ့သည်။ စစ်တပ်ကလည်း အခြေအနေကို ထိန်းထားသေးသည်။ ထိုအချိန်အထိ စီစီကလည်း အာဏာဝင်သိမ်းရန် ငြင်းဆိုခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင်သူဝင်ပြိုင်သည်။ ၉၆ ဒသမ ၉ ရာခိုင်နှုန်းဖြင့် သောင်ပြို ကမ်းပြိုနိုင်ပြီး အီဂျစ်သမ္မတအသစ် ဖြစ်လာခဲ့ရသည်။ 

အာဏာရှင်ကို မလိုချင်သောကြောင့် ဆန့်ကျင်ရင်းက စစ်တပ်က စစ်ခေါင်းဆောင်တစ်ဦးကို အာဏာပြန်လည် အပ်နှင်းလိုက်သည့်အခါတွင် အီဂျစ်ပြည်သူတို့ မည်သို့ကြုံတွေ့ခဲ့ကြရသနည်း။

စီစီကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် မွေးဖွားသည်။ မိဘများက ချမ်းသာကြသည်။ ငယ်စဉ်ကတည်းက စည်းနှင့်ကမ်းနှင့် နေထိုင်တတ်သည်။ အခြားသော သက်တူရွယ်တူ ကလေးတွေ ဆေးလိပ်သောက်၊ ဘောလုံးကန်လုပ်နေချိန်တွင် သူကအလေးမသည်။ သူ့ သူငယ်ချင်းတွေက သူ့ကို အလွန်စိတ်ဓာတ်အားကောင်းပြီး ဘာလုပ်လုပ် ရည်ရွယ်ချက်ရှိရှိဖြင့် ပန်းတိုင်ထားကာ လုပ်ဆောင်တတ်သူတစ်ဦးဟုဆိုသည်။ 

၁၉၇၇ ခုနှစ်တွင် စီစီသည် အီဂျစ်စစ်တက္ကသိုလ် ကျောင်းဆင်းခဲ့ပြီး အရာရှိတစ်ယောက်ဖြစ်လာသည်။ စည်းကမ်းနှင့် နေတတ်သော သူ့ကိုစစ်တပ်က ကောင်းစွာ လေ့ကျင့်ပျိုးထောင်ပေးထားခြင်းဖြစ်သည်။ သူသည် တပ်မတော်တွင် အမှုထမ်းနေစဉ်အတွင်း နှစ်ပေါင်း ၃၀ ခန့်ရာထူးတွေ ဖြည်းဖြည်းချင်းတက်လာသည်။ ၁၉၉၂ ခုနှစ်က ဗြိတိန်တွင် စစ်ပညာသွားသင်ခဲ့သေးသည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်စစ်ကျောင်းသို့ ထပ်တက်ခဲ့သဖြင့် နိုင်ငံတကာအတွေ့အကြုံလည်း ကြွယ်သူဟုဆိုနိုင်သည်။ 

မူဘာရက် ဖြုတ်ချခံရပြီးနောက် စီစီသည် စစ်တပ်တွင် ထောက်လှမ်းရေးအကြီးအကဲတစ်ယောက် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတအသစ်အဖြစ် တာဝန်ယူထားသည့် မော်စီက အသက် ၇၆ နှစ် အရွယ်ရှိနေပြီဖြစ်သည့် တပ်မတော်အကြီးအကဲ ဖီးမာရှယ် မိုဟာမက် ဟူစိန်တန်တာဝီကို အနားယူခိုင်းလိုက်သည်။ စီစီက ကာကွယ်ရေးဝန်ကြီးတာဝန် ယူလိုက်ရသည်။ စီစီတာဝန်ယူလိုက်ချိန်ကတည်းက မော်စီ၏ Islamist Muslim Brotherhood အဖွဲ့နှင့် ပတ်သက်နေသည်ဆိုသော စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့သည်။

မော်စီတင်လိုက်သဖြင့် နေရာရလာသော စီစီသည် မော်စီအပေါ် သဘောထားတွေ ပြောင်းလာသည်။ မော်စီကို ပြည်သူတွေကလည်း ဆန့်ကျင်လာသောကြောင့်ဖြစ်သည်။ သူက ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက် နေ့တွင် မော်စီကို “ပြည်သူတွေရဲ့တောင်းဆိုချက်ကို ရင်ဆိုင်ပါ” ဟုပြောသည်။ ပြည်သူတွေကလည်း သမ္မတမော်စီကို ၄၈ နာရီအတွင်းဆင်းပေးရန် တောင်းဆိုနေကြသည်။ တိုင်းပြည်အခြေအနေက တင်းမာလာပြီး ဆန္ဒပြပွဲတွေ မပြတ်ဖြစ်နေသည်။ မည်သို့ဆိုစေ စစ်တပ်က အာဏာသိမ်းသည့်အနေအထားကိုရောက်သွားခဲ့သည်။ နောက် ၂ ရက်အကြာတွင် စစ်တပ်က မော်စီကို ထိန်းသိမ်းထားလိုက်သည်။

မော်စီကို ထိန်းသိမ်းလိုက်ချိန်တွင် ပြည်သူတွေက ပျော်သွားပြီး စစ်တပ်မှ အာဏာသိမ်းခေါင်းဆောင် စီစီကို အီဂျစ်လွတ်မြောက်ရေးအတွက် အားကိုးကြီးစွာဖြင့် ခေါင်းဆောင်အဖြစ်မှတ်ယူခဲ့ကြသည်။ ထို့ကြောင့်လည်း ၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ်ကိုပါ အပ်နှင်းခဲ့ကြခြင်းဖြစ်သည်။ 

စီစီသမ္မတဖြစ်ချိန်တွင် ပြည်သူတွေက မျှော်လင့်ခဲ့မှုသည် သဲထဲရေသွန်သလိုဖြစ်ခဲ့ရသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့ကို အားပေးလိမ့်မည်ဟု ထင်ထားခဲ့သမျှ အလကားဖြစ်ကုန်သည်။ စစ်တပ်ကလာသည့် သူထံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တောင်းဆိုနေခြင်းမှာ အချည်းနှီးဖြစ်ခဲ့ကြရသည်။ Human Rights Watch အဖွဲ့၏ လေ့လာအကဲဖြတ်ချက်များကိုကြည့်လိုက်လျှင် သိနိုင်သည်။ စီစီလက်ထက်တွင်လည်း ရဲတပ်ဖွဲ့နှင့် NSA ခေါ် အမျိုးသားလုံခြုံရေးအေဂျင်စီအဖွဲ့၏ လက်စောင်းထက်မှုကို ပြည်သူတွေ အလူးအလဲခံကြရသည်။ ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် ရှိနေသည့် ရဲနှင့် ထောက်လှမ်းရေးတွေက ပြည်တွင်းရှိ နိုင်ငံရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးတက်ကြွတောင်းဆိုသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းများ အဆက်အဆက် မပြတ်ပြုလုပ်နေဆဲဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးတရားစွဲခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်နေဆဲဖြစ်သောကြောင့် ပြည်သူတွေအခက်တွေ့ရရုံမက လိင်တူအခွင့်အရေးတောင်းဆိုသူများကိုပင် ဖမ်းဆီးအရေးယူမှုများ ရှိနေကြောင်းတွေ့ရသည်။ 

အီဂျစ်နိုင်ငံအတွင်း NGO အဖွဲ့အစည်းများအနေနှင့် ၂၀၁၇ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် ဥပဒေကြောင့် ဒုက္ခတွေရောက်ခဲ့ရသည်။ ထိုဥပဒေတွင် နိုင်ငံခြားမှ အထောက်အပံ့ငွေများကို ချုပ်ကိုင်တားမြစ်ထားချက်များ ရှိနေသည်။ ဥပဒေသစ်အရ NGO အဖွဲ့အစည်းများသည် အချိန်မရွေး ထောင်ထဲရောက်သွားစေရန် ခြိမ်းခြောက်ခံနေရသည်။ အစိုးရအနေနှင့် နိုင်ငံခြားအထောက်အပံ့များကြောင့် တိုင်းပြည်အတွင်း မငြိမ်သက်မှုများ ဖြစ်နေရသည်ဟု ယူဆကာ ထိုအမိန့်ကို ထုတ်ခဲ့ခြင်းအပေါ် ပြည်သူတွေက မကျေမနပ်ဖြစ်နေကြရသည်။ 

စီစီအစိုးရသည် အလုပ်သမားများအပေါ်ဖိနှိပ်မှုများလည်း ရှိနေသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း အလုပ်သမားအရေးအတွက်တက်ကြွစွာ လှုပ်ရှားနေသူပေါင်း ၁၈၀ ခန့်ကို ဖမ်းဆီးထားသည်။ သူ့ပါးစပ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်မည်ဟု ကြွေးကြော်နေသော်လည်း အလုပ်သမားအရေးကို ချုပ်ကိုင်ထားသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အလုပ်သမားများကို ဖိနှိပ်ထားခြင်းကြောင့် အောင်မြင်ရန် မဖြစ်နိုင်သည့် အနေအထားဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် စီစီတစ်ယောက် အာဏာကို သိမ်းပြီးကတည်းက ၂၀၁၁ ခုနှစ်ကလို အာရပ်နွေဦး အရေးအခင်းကဲ့သို့သော တော်လှန်ရေးကြီးတစ်ရပ် အီဂျစ်တွင် ပြန်လည်မပေါ်ပေါက်ရေးကို စီစီအလွန် သတိထားပြီး ကိုင်တွယ်ဆောင်ရွက်နေရသည်။ ပြဿနာပေါ်လာတိုင်း အင်နှင့်အားနှင့် နှိမ်နင်းခဲ့သည်ချည်းဖြစ်သည်။ ထောင်ထဲတွင်လည်း ယနေ့တိုင် ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေဆဲဖြစ်သည်။ ဖမ်းဆီးနှိပ်စက်မှုများအပြင် ဥပဒေဘောင်ကျော်ပြီး စီရင်သတ်ဖြတ်နေမှုများလည်း မကင်းသေးဟုဆိုရမည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် မက်ဒီအယ်လ်ဂါ့ဖာကို ခန့်အပ်လိုက်ကတည်းက အီဂျစ်တွင် ကံဆိုးမိုးမှောင်ပြန်ပြီး ကျခဲ့ရခြင်းဖြစ်သည်။ 

စီစီအစိုးရလက်ထက်တွင် ထောင်ပေါင်းများစွာသော အီဂျစ်ပြည်သူတို့သည် ယုံကြည်ချက်ကြောင့် အဖမ်းခံနေရဆဲဖြစ်သည်။ ထိုအဖမ်းခံရသူများထဲတွင် သတင်းသမား ၂၀ ခန့်ပါဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလကတည်းက နိုင်ငံတွင်း အရေးပေါ်အခြေအနေများ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ အီဂျစ်ပြည်သူများအဖို့ ၃၇ နှစ်ခန့် အရေးပေါ်အခြေအနေဆိုသည့် ဥပဒေအောက်တွင် နေထိုင်ခဲ့ရသောကြောင့် ပျော်စရာဖြစ်သော်လည်းမပျော်နိုင်ကြ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက မည်သို့ပင်ဆိုထားစေကာမူ ဖမ်းဆီးအရေးယူမှုက ဘာမှ ဂရုမစိုက်ဆိုသည့် အနေအထားမျိုးတွင် ရှိနေခဲ့သည်။ 

လက်ရှိအနေအထားတွင် မတရားဖမ်းဆီးထားသောသူများကို လွှတ်ပေးမှသာ နိုင်ငံအတွင်း ပြည်သူများ စိတ်ထဲတွင် ဖြစ်နေသည့် အကျိတ်အခဲတစ်ခုကို ချေဖျက်နိုင်ပေလိမ့်မည်။ ထို့ပြင် စီစီတက်လာပြီး ပထမနှစ်အတွင်း မရှင်းနိုင်သေးသည့် အခြားပြဿနာတစ်ရပ်မှာ အီဂျစ်နိုင်ငံအတွင်းရှိနေသည့် ၁၀ ရာခိုင်နှုန်းခန့်သော ခရစ်ယာန်တို့အရေးဖြစ်သည်။ အယူစွဲ ဂိုဏ်းစွဲများကြောင့် တိုက်ခိုက်ခြင်းများကို ခံနေရသည့် ခရစ်ယာန်လူနည်းစုတို့ ပြဿနာကိုလည်း ယနေ့တိုင်ပြေလည်အောင် ဖြေရှင်းပေးနိုင်စွမ်း မရှိသေးကြောင်းတွေ့ရသည်။ 

အီဂျစ်နိုင်ငံ စီစီအစိုးရလက်ထက်တွင် တစ်ပူပေါ်နှစ်ပူဆင့်စေသည့် အခြားအရေးတစ်ခုမှ LGBT ခေါ် လိင်တူဆက်ဆံပေါင်းသင်းလိုသူများ၊ မိန်းမလျာ၊ ယောကျာ်းလျာနှင့် လိင်အခွင့်အရေးတောင်းဆိုသူများ ကိစ္စဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးက LGBT အခွင့်အရေးတောင်းဆိုသူများနှင့် လှုပ်ရှားသူများကို ဖိနှိပ်မှုများလုပ်နေသည်။ အွန်လိုင်းပေါ်တွင် သူတို့ အချင်းချင်းမနောခွေ့နေကြသည့် LGBT များကိုပင် ဖမ်းဆီးနေရာ ယနေ့အထိ LGBT ၂၃၀ ခန့်ကို ဖမ်းဆီးထားပြီး၊ ၅၀ ကျော်ကို ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သည်။ အားလုံးကို ကိုယ်ကျင့်တရား ပျက်ယွင်းမှုများဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်သည်။ 

အီဂျစ်တွင် စီစီကို ဒုတိယတစ်ကြိမ် သမ္မတသက်တမ်းအတွက် ထပ်မံရွေးကောက် တင်မြှောက်လိုက်သည်ဆိုစေ သူ့ထံတွင် ပြဿနာများရှိနေဆဲဖြစ်သည်။ အဓိက ပြဿနာများမှာ ဘာသာရေး ဖိနှိပ်မှု၊ လိင်ခွဲခြားမှုတို့ အပေါ်မဖြေရှင်းနိုင်သေးခြင်းဖြစ်သည်။ 

ပြဿနာဆိုသည်မှာ အမှိက်ကစပြီး ပြာသာဒ်မီးလောင်ဆိုသလို ဖြစ်တတ်ပါသည်။ နိုင်ငံတကာကလည်း စီစီ၏ အာဏာရှင်ဆန်ဆန် လုပ်ရပ်များကို သတိပေးနေသည်။ ပြည်သူကမထောက်ခံလျှင် မည်မျှဖိနှိပ်ထားသည်ဆိုစေ တစ်နေ့တွင် ပြုတ်ကျရသည်သာဖြစ်သည်။ ပြည်သူကသာ အဆုံးအဖြတ်ပေးသည်ဆိုသော်လည်း မဲအများဆုံးရ၍ သမ္မတဖြစ်လာသည် ဆိုသူတိုင်း ပြည်သူကြိုက်၍ ဟုတ်ချင်မှဟုတ်မည်။ သို့သော် စီစီက ပြည်သူကကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူသာသမ္မတဟု ကြွေးကြော်နေပြီ။

(Ref: Human Rights Watch, The Nation, Frence 24)