News

POST TYPE

FEATURE

တော်လှန်သောအမျိုးသမီး သတင်းသမား
31-May-2018


ရာနာ ဟူဆေနီကို စကူတာ ဆိုင်ကယ်လေးစီးပြီး အမ်မန်မြို့လမ်းများပေါ်တွင် လျှောက်သွားနေတတ်သည်ကို လူတိုင်းတွေ့ကြရမည်ဖြစ်သည်။ ရာနာသည် အသက် ၅၀ အရွယ် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားနေသည့် အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။

ဟူဆေနီသည် ဂျော်ဒန်နိုင်ငံ The Jordan Times တွင် သတင်းဆောင်းပါးများ ရေးနေသည့် သတင်းသမား တစ်ဦးလည်းဖြစ်သည်။ သူသည် လူမှုရေးအမြင်ဖြင့် သူတို့လူနေမှုဘဝထဲက အကြောင်းတွေကို စုံစမ်းထောက်လှမ်းပြီး ရေးတတ်သည်။ အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို ဖော်ထုတ်ရေးသားတတ်သလို ဂျော်ဒန် လူ့ဘောင်တွင် ခေတ်စားနေသည့် “ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်း”ဆိုသည့် အလေ့အထကို တိုက်ဖျက်တော်လှန်နေသည့် အမျိုးသမီးကြီးတစ်ဦးလည်း ဖြစ်သည်။

ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဆိုသည်မှာ Honour Killing ကို ပြောခြင်းဖြစ်သည်။ Shame Killing ဟူ၍လည်း ခေါ်ကြသည်။ မိသားစုကို ဂုဏ်သိက္ခာ အရှက်ရအောင် ပြုလုပ်သည်ဆိုကာ မိသားစုဝင်တစ်ဦးဦးက သတ်ဖြတ်ခွင့်ပြုထားသော ဓလေ့ထုံးစံကို အချို့သော တိုင်းပြည်နှင့် လူနေမှုစနစ်များတွင် ယနေ့တိုင် လက်ခံကျင့်သုံးနေကြကြောင်း တွေ့ရသည်။ မိသားစုက လက်ထပ်ပေးမည့်သူကို ငြင်းပယ်ခြင်း၊ လက်မထပ်သေးဘဲ လိင်ကိစ္စကို ကျူးလွန်ခဲ့မိခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ရိုးရာဓလေ့ထုံးစံအတိုင်း သတ်မှတ်ထားသည့် အဝတ်အစားများကိုမဝတ်ဘဲ မျက်စိရှက်စရာ ဝတ်ဆင်မိခြင်း၊ ဘာသာတရားကို မယုံကြည်ကြောင်းပြမိခြင်း၊ လိင်ဖောက်ပြန်ခြင်းတို့ကို ပြုမိသူများအား အပြစ်ပေးသည့်အနေနှင့် မိသားစုက မိသားစုဝင်တစ်ဦးကို သတ်ဖြတ်နေသည့် ဓလေ့အား ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဟုဆိုပါသည်။

ဂျော်ဒန်သတင်းသမား ဟူဆေနီသည် Murder in the Name of Honour ဆိုသည့်စာအုပ်ကိုလည်း ရေးသားခဲ့ရာ နာမည်ကျော်သွားသည်။ သူ့စာအုပ်က အသက် ၁၅ နှစ်အရွယ် ကီဖာယာဆိုသည့် ကောင်မလေး တစ်ယောက်အကြောင်းဖြစ်သည်။ ဂျော်ဒန်နိုင်ငံ၏မြို့တော် အမ်မန်တွင် ကီဖာယာသည် အစ်ကိုဖြစ်သူတစ်ယောက်၏ ရက်စက်စွာ အသတ်ခံရပုံကို ရေးထားသည်။ ကောင်မလေးကို သူ၏အစ်ကိုတစ်ယောက်က မုဒိမ်းကျင့်သည်။ ဤသည်ကို မကျေနပ်သည့် အခြားအစ်ကိုတစ်ဦးက မိသားစု ဂုဏ်သိက္ခာအရဆိုကာ သတ်ပစ်လိုက်သည်။ ဟူဆေနီက ဤအကြောင်းများကို ဖော်ထုတ်ရေးသားရင်း ဂျော်ဒန်လူနေမှုစနစ်မှ ရက်စက်ယုတ်မာသည့် အစဉ်အလာကို ဆန့်ကျင်တိုက်ပွဲဝင်ထားခြင်းဖြစ်သည်။

ဂျော်ဒန်နိုင်ငံ၏ မိသားစုရေးရာ အမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၀၆ ခုနှစ်တွင် အမျိုးသမီးများ မတရားအသတ်ခံရမှုပေါင်း ၁၂၀ ရှိပြီး ယင်းတို့အထဲတွင် ၁၈ မှုမှာ မိသားစုများက ဂုဏ်သိက္ခာအရ သတ်ဖြတ်သည့် အမှုများဖြစ်နေသည်။ BBC သတင်းတစ်ပုဒ်တွင်လည်း ၂၀၁၃ ခုနှစ်က အမျိုးသမီး ၅၀ ခန့်မှာ ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟုဆိုသည်။ ဂျော်ဒန်တွင် ဂုဏ်သိက္ခာအရ သတ်ဖြတ်သည်ဆိုလျှင် မိသားစုအတွင်းဖြစ်ပါက အပြစ်ဒဏ်ကို လျှော့ပေါ့ချမှတ်လေ့ရှိသည်။ မိသားစုအတွင်း အသက် ၁၆ နှစ်အောက် ယောက်ျားလေးတစ်ယောက်က ဂုဏ်သိက္ခာအရ သတ်ဖြတ်မှုကို ကျူးလွန်သည်ဆိုလျှင် အရေးယူပင် မခံရပေ။ ဟူဆေနီက -

“လက်ရှိဥပဒေက ဂုဏ်သိက္ခာအရ လူတစ်ယောက်ကို သတ်တယ်ဆိုရင် ၆ လလောက်ပဲ အပြစ်ပေးလို့ရတယ်”ဟုဆိုသည်။ UNICEF ၏ ထုတ်ပြန်ချက်အရ ဂျော်ဒန်နိုင်ငံတွင် တစ်နှစ်လျှင် ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းကြောင့် သေဆုံးနေကြရသော အမျိုးသမီးပေါင်း ၂၃ ဦးခန့် ရှိသည်ဟု သိရသည်။

နှစ်စဉ်ဂျော်ဒန်နိုင်ငံတွင် ဂုဏ်သိက္ခာအရဆိုကာ စော်ကားခံနေရသည့် အမှုပေါင်း များစွာကို အမျိုးသမီးတို့ ရင်ဆိုင်နေရသည်။ ဂုဏ်သိက္ခာအကြောင်းပြုပြီး အရိုက်အနှက်ခံရခြင်း၊ မီးရှို့ခံရခြင်းအပြင် အသတ်ခံနေရမှုများကိုပါ ရင်ဆိုင်နေရသူများ ဖြစ်သည်။ အမျိုးသမီးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးနေပါသည်ဟု အစိုးရက တစ်ဖက်မှအော်နေသော်လည်း ဂုဏ်သိက္ခာအရဆိုကာ အမျိုးသမီးများအပေါ် အနိုင်ကျင့်နေခြင်းများကို ဥပဒေဖြင့် ပြတ်သားစွာ တားဆီးပိတ်ပင်နိုင်ခြင်း မရှိသေးသည်က ထူးခြားသည်ဟုဆိုရမည်။

ဂျော်ဒန်အစိုးရအနေနှင့် ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းများအပေါ် ဖြစ်လာမှ အရေးယူပြီး၊ မဖြစ်အောင် တားဆီးနိုင်ခြင်း မရှိသေးဟု ဟူဆေနီက ပြောဆိုဝေဖန်ခဲ့သည်။

“အစိုးရက အမှုတွေကို လက်ခံလိုက်ရင် ဒီကိစ္စတွေ ဖြစ်နေတယ်ဆိုတာသိကို သိရမယ်။ ကိုယ့်နိုင်ငံသားတွေကို ဒီလို မတရားလုပ်နေတာမျိုးတွေ မဖြစ်အောင်၊ လုံခြုံအောင် စောင့်ရှောက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်”ဟူ၍လည်း ပြောဆိုခဲ့သည်။

“ကျွန်မတို့ အမျိုးသမီးတွေရဲ့ဘဝက ကိုယ့်မိသားစုတွေထဲမှာ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေကြရတယ် ဆိုတဲ့သဘောပဲ”ဟု သူကဆိုသည်။

ဟူဆေနီသည် The Jordan Times သတင်းစာတွင် ၁၉၉၃ ခုနှစ် စက်တင်ဘာလက မှုခင်းသတင်းထောက်အဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ ၁၉၉၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကောင်မလေးတစ်ယောက်ကို သူ့အစ်ကိုဖြစ်သူက သတ်လိုက်သည်ဆိုသည့် သတင်းကိုကြားလိုက်ရပြီး သူက ထိုအမှုနောက်ကို လိုက်ခဲ့သည်။ အခင်းဖြစ်ပွားသည့် ဆင်းရဲသားရပ်ကွက်လေးကို သူရောက်သည့်အခါတွင် အလွန် ထိတ်လန့်ဖွယ်ရာ အမှုအခင်းကို ကြုံတွေ့လိုက်ရသည်။

ကောင်မလေးကို မိသားစုထဲက အစ်ကိုဖြစ်သူက မုဒိမ်းကျင့်သည်။ ကောင်မလေးက ထိုအကြောင်းကို မိဘများအား ပြန်တိုင်သည်။ မတိုင်၍လည်း မဖြစ်တော့ ကောင်မလေးတွင် ကိုယ်ဝန်ရှိလာသည်။ တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချပြီး အသက် ၃၄ နှစ်အရွယ် သူ့ထက် အသက်နှစ်ဆကျော် ကြီးသည့် လူတစ်ယောက်နှင့် လက်ထပ်ပေးလိုက်ကြသည်။ လက်ထပ်ပြီး ၆ လ ခန့်အကြာတွင် လင်မယားကွာရှင်းကြသည်။ ဒုတိယအစ်ကိုတစ်ယောက်က ရှက်သည်ဟုဆိုကာ ကောင်မလေးကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ မိသားစုကို သွားရောက်မေးမြန်းသည့် ဟူဆေနီ အလွန်အံ့အားသင့်သွားခဲ့ရသည်။ အားလုံးက သေဆုံးသူ ကောင်မလေးကို အပြစ်ဖို့ကြသည်။ သူကိုယ်တိုင်က မနေနိုင် မထိုင်နိုင် ဖြားယောင်းသွေးဆောင်သောကြောင့်ဟု ပြောကြသည်။

သူ့သတင်းပါလာပြီး နောက်တစ်နေ့တွင် အမျိုးသမီးကြီးတစ်ယောက်က သတင်းစာတိုက်ကို ရောက်လာပြီး သောင်းကျန်းတော့သည်။ အယ်ဒီတာများ အဆူခံရသည်။ သူ့ကိုလည်း နောက်ထပ် မှုခင်းသတင်းများ ထပ်မလိုက်ခိုင်းရန် ပိတ်ပင်ခိုင်းသည်။ သတင်းစာတွင် ပါလာသည့် အကြောင်းအရာက သူတို့ လူ့ဘောင် အဖွဲ့အစည်းက လက်မခံနိုင်သည့် ရေးသားချက်များ ဖြစ်နေသည်ဆိုကာ သူ့ကို အပြစ်ဖို့သည်။ ထိုစဉ်ကတည်းက ဟူဆေနီတစ်ယောက် အမျိုးသမီးများဘက်က တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ တရားရုံးက လူသတ်မှုကို ထောင်ဒဏ် ၆ လသာ အပြစ်ပေးသည်။ သူပိုပြီး ပေါက်ကွဲသွားရသည်။ ဥပဒေကလည်း ထိုအမှုမျိုးအတွက် ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဆိုသည့်သဘောနှင့် အကာအကွယ် ပေးထားသောကြောင့် အများဆုံး အပြစ်ပေးနိုင်မှ တစ်နှစ်ဖြစ်နေကြောင်း တွေ့ရသည်။

ဟူဆေနီတစ်ယောက် လှုပ်ရှားမှုစပြီ။ သူက အမျိုးသမီးတွေဘဝ အာမခံချက်မရှိပုံကို တစ်နေရာပြီး တစ်နေရာ လှည့်လည်ဟောပြောသည်။ သူ့တွင် စကူတာလေးတစ်စီးက ခရီးရောက်သည်ဟု ဆိုရမည်။ သူက အမျိုးသမီးတို့ဘဝကို တိုက်ပွဲဝင်ရင်း ဤအတိုင်းနေ၍မဖြစ်။ ကမ္ဘာသိအောင် လုပ်ရမည်ဟု ဆုံးဖြတ်သည်။ ထို့ကြောင့် ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက ဂျော်ဒန်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် အမျိုးသမီးများအပေါ် ဂုဏ်သိက္ခာအရ မတရား သတ်ဖြတ်သည်ဆိုသော အမှုများကိုလိုက်ပြီး ပြန်ဖော်သည်။ သူ့တွင် မှတ်တမ်းမှတ်ရာများ ရှာဖွေရ အလွန်ခက်ခဲလှသည်။ သို့သော် မေးမြန်းစုဆောင်းပြီး ၂၀၀၂ ခုနှစ်တွင် စာအုပ်ကို စတင်ရေးသားပြုစုခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် လူတွေ၏ စိတ်သဘောထားများ ပြောင်းလဲလာပြီဟုဆိုရမည်။ အမျိုးသမီး အခွင့်အရေးကို ဟူဆေနီတို့လို တိုက်ပွဲဝင်ပေးနေသူများကြောင့် မတရားလုပ်၍ မရတော့မှန်း ကောင်းစွာ နားလည်လာကြသည်။ သတင်းစာ မီဒီယာတွေကလည်း အမျိုးသမီး အခွင့်အရေးများကို ဖော်ထုတ်ရေးသားလာသလို အစိုးရခေါင်းဆောင်ပိုင်းကလည်း ခေါင်းရှောင်၍မရသည့် ကိစ္စတစ်ရပ်အဖြစ် သဘောပေါက်လာကြသည်။

ဟူဆေနီသည် သူ့နိုင်ငံတွင် ရဲရဲတောက် သတ္တိခဲတစ်ယောက်ဖြစ်ရသည်မှာ ဒီမိုကရေစီရေသောက်မြစ် ကောင်းခဲ့သောကြောင့်ဟုဆိုရမည်။ သူသည် အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား စီတီးတက္ကသိုလ်တွင် ပညာသင်ခဲ့ပြီး အမေရိကတွင် ၆ နှစ်နေထိုင်ခဲ့သူဖြစ်သည်။ စားပွဲထိုးအလုပ်နှင့် အဆောင်စောင့် အလုပ်များကို လုပ်ကိုင်ရင်း ကျောင်းတက်ခဲ့ရသူဖြစ်သည်။ တက္ကသိုလ်ကထုတ်သည့် သတင်းစာတွင်လည်း သတင်းသမားအဖြစ် ဝင်လုပ်ခဲ့ပြီး သွားကျွတ်ထွက်သည်အထိ ဒဏ်ရာရဖူးသူဖြစ်သည်။ ထို့ကြောင့် အမိမြေကို ပြန်ရောက်သည့်အခါတွင် မတရားမှုများကို တော်လှန်တိုက်ဖျက်ရန် စိတ်ထက်သန်နေသလို သူ ပထမဆုံး တွေ့လိုက်ရသည့် မတရားမှုက သူ့ဘဝအတွက် မည်သည့်လမ်းကြာင်းကို လိုက်ရမည်ဆိုခြင်းအား သတ်မှတ်ပေးလိုက်ပြီးသား ဖြစ်သွားရသည်။

ဟူဆေနီသည် ဂျော်ဒန်အမျိုးသမီး ဘတ်စ်ကက် ဘောအသင်း၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည်။ အားကစားတွင် အမျိုးသမီးများအပေါ် လိင်အဆင့်အတန်း ခွဲခြားခြင်းအပေါ် တိုက်ပွဲဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က မင်းသား အလီ ဘင် ဟူစိန်က ဟူဆေနီကိုခေါ်ပြီး ဂျော်ဒန်အမျိုးသမီး ဘောလုံးအသင်းကို ဦးဆောင်ပေးရန် တာဝန်ပေးသည်။ သူက ရသည့်အခွင့်အရေးကိုယူပြီး မင်းသားကို “ကျွန်မတို့ အမျိုးသမီးတွေ တစ်ခုခုလုပ်ပြမည်”ဟု ကတိပေးခဲ့သည်။

သူက ၂၀၁၀ ပြည့်နှစ် ပြင်သစ်နိုင်ငံ FIFA အမျိုးသမီး ဘောလုံးပွဲတွင် သူတို့နိုင်ငံ အမျိုးသမီးအသင်း ဝင်ပြိုင်ခွင့်ရရန် မျှော်လင့်ထားသည်။

“ဂျော်ဒန်အားကစား တာဝန်ရှိသူတွေက အမျိုးသမီးတွေထက် အမျိုးသားတွေကို မျက်နှာသာပေးလွန်းတယ်။ အမျိုးသားတွေကို ဦးစားပေးပြီး ခရီးတွေထွက်တယ်။ အဝတ်အစားတွေ ဝယ်ပေးတယ်။ အသင်းလည်း ထောင်ပေးထားတယ်။ ကျွန်မတို့ အမျိုးသမီးတွေမှာတော့ အဲဒီအခွင့်အရေးတွေ တစ်ခုမှမရဘူး”ဟု သူကဆိုသည်။

ယခုဆိုလျှင် ဟူဆေနီတစ်ယောက် ပြည်တွင်း ပြည်ပက ပေးအပ်ချီးမြှင့်သည် ဆုတံဆိပ်ပေါင်း ၉ ခုလောက်ကို ပိုင်ဆိုင်ထားသည်။ ယင်းတို့အထဲတွင် ဘုရင် ဒုတိယမြောက် အဘဒူလာကပေးသည့် ဆုတံဆိပ်လည်းပါသည်။ ထိုဆုသည် သတင်းအမှန်ကို တင်ပြရဲသဖြင့် ပေးအပ်ချီးမြှင့်သောဆုဖြစ်သည်။

ဟူဆေနီသည် ၁၉၉၈ ခုနှစ်ကတည်းက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး ဂျော်ဒန်နိုင်ငံအတွင်း အမျိုးသမီးများ ဖိနှိပ်မှုခံနေရခြင်းက လွတ်မြောက်စေရန် လှုပ်ရှားမှုများကို လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်သည်။ တရားမမျှတသည့် ဂုဏ်သိက္ခာအရ သတ်ခြင်းဆိုသော ဥပဒေကိုပယ်ဖျက်ပေးရန် တိုက်ပွဲဝင်ရင်း လူပေါင်း ၁၅၀၀၀ ကို လက်မှတ်လိုက်ပြီး ရေးထိုးခိုင်းနိုင်ခဲ့သူလည်းဖြစ်သည်။

သူ၏ သတင်းအပေါ် ဝါသနာကြီးမှု၊ သတင်းသမားဘဝကို မြတ်နိုးမှုများကြောင့် တိုက်ပွဲဝင်နေရင်းက ဆောင်ရွက်နေမှုများမှာ လေးစားစရာဖြစ်သည်။ ဂျော်ဒန်နှင့် အရှေ့အလယ်ပိုင်းဒေသများအတွက် အမျိုးသမီး အခွင့်အရေးကို NGO နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။ Freedom House တွင်လည်း အထူးအကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်သည်။ ဂျော်ဒန်နိုင်ငံတွင် အမျိုးသမီးများ လွတ်လပ်ခွင့်အတွက် သတင်းမှန်ရေးသားဖော်ပြရန် တိုက်ပွဲဝင်သည်။

ကုလသမဂ္ဂ United Nation's Development Fund for Women (UNIFEM) တွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူ တစ်ဦးအဖြစ်လည်း တာဝန်ယူထားပြီး အာရပ်ငါးနိုင်ငံအတွင်း အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးအတွက် တိုက်ပွဲဝင်နေသူအဖြစ် သူ့ကို အရှေ့အလယ်ပိုင်းဒေသ အမျိုးသမီးထုက လေးစားကြရသည်။ စကူတာ မော်တော်ဆိုင်ကယ်လေးကို စီးလာသည့် အမျိုးသမီးတစ်ယောက်ကို ဂျော်ဒန်က အမျိုးသားတွေ သတိထားနေကြရသည်။

ကျော်ဗလ
(Ref: Self Biography, Open Society Foundations, Willamette Week, Frontline Club, BBC)