POST TYPE

FEATURE

မလေးရှား၏ စိန်စီသောလေဒီ
29-May-2018



သူသည် စိန်ကို အလွန်အစွဲအလမ်းကြီးသူဖြစ်သည်။ Hermes Birkin လက်ကိုင် အိတ်တွေကိုလည်း အလွန်နှစ်သက်သည်။ လန်ဒန်ရှိ နာမည်ကျော် Harrods ဆိုင်ကြီး၊ ဟာဝိုင်ရီရှိ Harrods၊ နယူးယောက်ရှိ Saks Fifth Avenues နှင့် ဟောင်ကောင်ရှိ ရတနာဆိုင်ကြီးများသည် သူ့ဖောက်သည်ဆိုင်များ ဖြစ်သည်။

၂၀၀၈ ခုနှစ်မှ ၁၀၁၅ ခုနှစ်အတွင်း ကမ္ဘာကျော်ဈေးဆိုင်ကြီးများမှ လက်ကိုင်အိတ်များအပါအဝင် သူဝယ်ယူခဲ့သော ပစ္စည်းစုစုပေါင်းတန်ကြေးမှာ ဒေါ်လာ ၈ သန်းခန့်ရှိမည်ဟု The Wall Street Journal သတင်းတွင် ဖော်ပြထားသည်။

သူဆိုသည်မှာ မကြာသေးမီးကမှ ပြုတ်သွားပြီး အရေးယူစစ်ဆေးခြင်းခံနေရသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ဇနီး ရော့စ်မာမင်ဆာဖြစ်သည်။ သူ့ကို မလေးရှားပြည်သူတွေက တန်ဖိုးကြီးလက်ကိုင်အိတ်ထည်လဲကိုင်သူအဖြစ် သိရုံမက၊ သူတို့အသိုင်းအဝိုင်းအတွင်းတွင် မအိုဆေး သို့မဟုတ် ဟော်မုန်းအားဆေးအတောင့်ပေါင်း ၁၅၉၀ ကို ဒေါ်လာ ၄ သိန်းခန့်ပေးပြီး စုဆောင်းမှီဝဲနေသူအဖြစ်လည်း နာမည်ကြီးနေသူဖြစ်သည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သည့် မင်ဆာသည်ယခုတော့ ဖတ်စ်လေဒီဘဝက လျှောကျပြီး သူတို့နိုင်ငံက သူခိုးမကြီးဟု စွပ်စွဲခေါ်ဆိုခံနေရသော ဘဝကို ရောက်သွားခဲ့လေပြီ။ သူက ဖိနပ်ကိုပင်နိုင်ငံခြားဆိုင်ကြီးများကို အတိုင်းပေးပြီး အော်ဒါမှာချုပ်သည်ဟု ပြောတတ်သည်။ အဝတ်အစားတွေကိုလည်း နိုင်ငံခြားဖက်ရှင် ဆိုင်ကြီးတွေကို မှာသည်ကများသည်။ လက်ရှိ ဝတ်ထားသည့် လက်စွပ်ကပင် ဒေါ်လာ ၁၀ သန်းတန်သည့် ၃၀ ကာရက်ရှိသော စိန်လက်စွပ် ဖြစ်သည်။ သူ့ကို ဖိလစ်ပိုင်မှ အီမယ်ဒါမားကို့စ်နှင့်ပင် နှိုင်းယှဉ်သည်အထိ ဖြစ်ခဲ့ရသည်။

သူ့ဟန်အမူအရာတွေက ပိုင်စိုးပိုင်နင်းနှင့် နာဂျစ် အပေါ်လွှမ်းမိုးထားသယောင်မြင်ကြရသည်။ သို့သော် သူက နာဂျစ်အလုပ်တွေကို စိတ်လည်းမဝင်စား၊ ဘယ်တော့မှလည်း ဝင်မရှုပ်ဟု အမြဲပြောတတ်သည်။ ၂၀၀၉ ခုနှစ် နာဂျစ်တစ်ယောက် ဝန်ကြီးချုပ်အဖြစ် တက်လာပြီးမှ ပြည်သူတွေ သတိထားမိသည်မှာ မင်ဆာတစ်ယောက် အသုံးအဖြုန်းကြီးစွာဖြင့် ထင်ရာလုပ်နေခြင်းကိုဖြစ်သည်။ မီဒီယာတွေကလည်း သူ့နောက်ကို တကောက်ကောက်လိုက်ပြီး ဘယ်မှာ ဘာဝယ်သည်၊ ဘာလုပ်သည်ကို သတင်းအဖြစ်ရေးနေသည်ကိုပင် ဂရုမစိုက်နေခဲ့သူ ဖြစ်သည်။ ပြည်သူတွေ သူ့ကို စောင့်ကြည့်နေသည်မှာ ချစ်၍မဟုတ်၊ မုန်းတီးပြီး စောင့်ကြည့်ဝေဖန်နေသော်လည်း သူကတစ်စက်လေးမှ ဂရုမစိုက်သူဖြစ်သည်။ 

၂၀၁၅ ခုနှစ်က မင်ဆာသည် မီဒီယာ၏ ထိုးနှက်မှုတစ်ခုကို ခံလိုက်ရသည်။ သူ၏ ခြင်္သေ့လည်ဆံပုံစံဖြင့် ထောင်ထနေသည့် ဆံပင်ကို အလှပြင်သမားအားခေါ်ပြီး ဆေးဆိုးခိုင်းရာတွင် ဒေါ်လာ ၃၀၀ သုံးသည့်ကိစ္စကို မီဒီယာကဖွသည်။ မည်သူက မည်သို့ ဝေဖန်သည်ဆိုစေ မင်ဆာပြောတတ်သည့် စကားတစ်ခွန်းမှာ “ငါ့ယောကျာ်း လစာ ဒေါ်လာ ၁၃၀၀၀၀ ထဲကနေ စုထားပြီးသုံးတာ ဘာဖြစ်သလဲ” ပင်ဖြစ်သည်။ သို့သော် သူ့ကို လက်ဆောင်တွေပေးနေရသည်ဆိုသည့် လေသံတွေကလည်း ထွက်နေသည်။ သူက -

“နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးပဲရှင်။ ကျွန်မလည်း မိန်းမပဲ ကျွန်မပုံရိပ်လေးကိုတော့ လှအောင်ပအောင် လုပ်ရမှာပေါ့။ ကျွန်မက ဖိုသီဖတ်သီ မနေတတ်ဘူးရှင့်။ ဒါကြောင့် ဝေဖန်ခံရတာပေါ့”ဟု အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။ ထို့ပြင်

“လူတွေက လက်ဆောင်ပေးရင် ဘယ်ငြင်း လို့ကောင်းမှာလဲ။ သူတို့ကိုလေးစားပြီး သိမ်းပေးထားရတာပေါ့။ တစ်နေ့တော့ သုံးကောင်းသုံးမယ်လေ” ဟု ပြောခဲ့ကြောင်း Malaysian Digest တွင်ရေးသားထားသည်။

သူသည် ကျောင်းဆရာ၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ နာဂျစ်နှင့်အတူ အလုပ်မရှိ နှစ်ပေါင်းများစွာ နေခဲ့ဖူးသည်။ သူ့ခင်ပွန်းဝန်ကြီးချုပ်ဖြစ်လာချိန်တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခန့် လစာရသည်။ ထိုငွေတွေက သူ့အတွက် တစ်သက်မမျှော်မှန်းနိုင်သော ငွေတွေဖြစ်သည်။ သူတို့ဘာတွေ လုပ်ခဲ့သည်၊ မှန်တာတွေ လုပ်ခဲ့သည်ဟု မည်မျှပြောသည်ဖြစ်စေ သူတို့ထံက သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းတွေက ယောကျာ်းလစာနှင့် မတန်တဆဖြစ်နေသည်ကတော့ အမှန်ပင်။

မလေးရှား ရဲတပ်ဖွဲ့သည် ရာဂျစ်၏ စံအိမ်တော်ကို ရှောင်တခင်ဝင်ရောက်သိမ်းပိုက်စစ်ဆေးခဲ့ရာ သေတ္တာ ၇၂ လုံးဖြင့် ငွေသားချည်းသက်သက် သိမ်းဆည်းရမိသည်။ နာရီတွေ၊ လက်ဝတ်ရတနာတွေအပြင် Hermes, Birkin, Louis Vuitton လက်ကိုင်အိတ်တွေချည်း ထည့်ထားသည့် စက္ကူသေတ္တာ ၂၈၄ လုံးခန့်ကိုပါ သိမ်းဆည်းရမိသည်။ ငွေသား၊ ရတနာပစ္စည်းနှင့် အခြားပစ္စည်းပေါင်းများစွာ၏ တန်ဖိုးကို ခန့်မှန်းကြည့်ရာ ဒေါ်လာ ၆ ဘီလီယံဖိုးခန့်ရှိမည်ဟုဆိုသည်။ 

နောက်ပိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် သိမ်းဆည်းရမိသော ငွေသားစုစုပေါင်းမှာ မလေးရှား ရင်းဂစ် ၁၁၄ သန်း (ဒေါ်လာ ၂၈ ဒသမ ၆ သန်းခန့်) ကို သေတ္တာ ၃၅ လုံးတိုက်ဖမ်းမိသည်။ ထိုငွေများကို နာဂျစ်နှင့်ပတ်သက်သည့် ကွန်ဒိုမီနီယံ တိုက်ခန်းကြီးတစ်ခန်းထဲက ရှာဖွေသိမ်းဆည်းမိခြင်း ဖြစ်သည်။ နာရီနှင့် ရတနာပစ္စည်းချည်းသက်သက် သိမ်းဆည်းထားသည့် အိတ်ပေါင်းက ၃၇ လုံးဖြစ်သည်။ ထိုတန်ဖိုးက မသတ်မှတ်နိုင်သေး။ နာဂျစ်ပိုင်သည့် တိုက်ခန်းသုံးခန်းမှ စုစုပေါင်း သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ လက်ကိုင်အိတ်အပါအဝင် တန်ဖိုးရှိပစ္စည်းများထည့်ထားသော သေတ္တာပေါင်း ၂၈၄ လုံး၊ ငွေသားနှင့်ရတနာ ထည့်ထားသော အိတ်ပေါင်း ၇၂ လုံးဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ငွေသားများကို သိမ်းဆည်းရာတွင် နိုင်ငံတကာသုံး ငွေစက္ကူ ၂၆ မျိုးကို တွေ့ရှိကြရသည်။ ဘဏ်ပေါင်း ၂၂ ခုမှ အရာရှိကြီးများကိုခေါ်ပြီး စစ်ဆေးရေတွက် ခွဲခြားခဲ့ရသည်။ လာမည့်ရက်သတ္တပတ်အတွင်း ရတနာ ပစ္စည်းများကို စစ်ဆေးပြီးတန်ဖိုးဖြတ်ရန် စီစဉ်ထားသည်။ 

လက်ပူးလက်ကျပ်မိနေသော်လည်း နာဂျစ်ရော သူ့ဇနီးကပါ သူတို့အမှားတစ်ခုမှ မလုပ်ခဲ့ကြောင်း ငြင်းနေဆဲဖြစ်သည်။ သို့သော် အသက် ၉၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်လက်သစ် မဟာသီယာကတော့ မလေးရှားနိုင်ငံ၏ အကြီးဆုံးသောခိုးမှုကြီးတစ်ခုအဖြစ် သတ်မှတ်ကာ အမှန်အတိုင်းဖြစ်စေရန် စစ်ဆေးသွားမည်ဟု ကတိပေးထားသည်။ 

မလေးရှားနိုင်ငံက ယခုတော့ နာဂျစ်ရော သူ့ဇနီးကိုပါ ပြည်ပထွက်ခွင့်ပိတ်ပြီး စတင်စစ်ဆေးမှုတွေ လုပ်နေသည်။ မင်ဆာ၏ ပစ္စည်းများကို သိမ်းစဉ်က စာရင်းပြုစုကြည့်ကြသည်။ Hermes Birkin လက်ကိုင်အိတ် ၁၂ လုံးတွေ့သည်။ ထိုအိတ်တွေချည်းသက်သက်က ဒေါ်လာ ၁၆၀၀၀ မှ ၁၂၀၀၀၀ အတွင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအထဲတွင် မိကျောင်းသားရေအစစ်နှင့်လုပ်ထားသည့် အိတ်တွေလည်း ပါနေသောကြောင့်ဖြစ်သည်။ မင်ဆာက ထိုအိတ်တွေကို လက်ဆောင်ရထားသည်ဟုဆိုသည်။

သူဝတ်ထားသည့် စိန်လက်စွပ်က ၃၀ ကာရက်ခန့်ရှိပြီး အနည်းဆုံး ဒေါ်လာ ၁၀ သန်းခန့်တန်မည်ဟု ခန့်မှန်းထားသည်။ သူဆွဲနေသည့် ရွှေရောင်ပုလဲစစ်စစ်လည်ဆွဲကြီးက အနည်းဆုံး ဒေါ်လာ ၅၀၀၀ ခန့်တန်သည်။ နာမည်ကျော် Jacob & Co ကလုပ်သည့် Zebra Safari လက်ကောက်ကြီးက ဒေါ်လာ ၅၅၀၀၀၀ တန်သည်။ Richard Mille Lady RM 007 ကထုတ်သည့် စိန်စီထားသော လက်ပတ်နာရီက ဒေါ်လာ ၂၂၀၀၀၀ ဖြစ်သည်။ သူထည်လဲပတ်နေသည့် Franck Muller Master Square Lady Date  စိန်နာရီက ဒေါ်လာ ၅၁၀၀၀၊ Hublot Big Bang Black Magic နာရီက ဒေါ်လာ ၂၆၅၀၀ တန်ကြေးအသီးသီးရှိကြောင်း သူ့ကိုရိုက်ထားသည့် ဓာတ်ပုံများထဲက ပစ္စည်းတွေကိုကြည့်ပြီး တန်ဖိုးဖြတ်ထားချက်များ ဖြစ်သည်။ 

၂၀၁၂ ခုနှစ်က မင်ဆာသည် Paddington ဖက်ရှင်ဆိုင်ကြီးကို ရောက်လာသည်။ ထိုဆိုင်သည် နာမည်ကျော် ဒီဇိုင်နာ Carl Kapp ၏ ဆိုင်ဖြစ်သည်။ သူ့နောက်ပါ အခြွေအရံ ခြောက်ဦးနှင့်အတူ ရောက်လာခြင်းဖြစ်သည်။ အဝတ်အစား ၆၁ စုံဝယ်သွားသည်။ အောက်ခံဘောင်းဘီတွေ အတွင်းခံအင်္ကျီတွေလည်း ပါသေးသည်။ ပေးချေခဲ့သော ငွေတန်ဖိုးမှာ ဒေါ်လာ ၁၀၀၀၀၀ ခန့်ဖြစ်သည်။ သူ့ယောကျာ်းလစာနှင့် ဝယ်သည်ဆိုလျှင် တစ်လစာ အပြုတ်သုံးခြင်းဖြစ်နိုင်သည်။

မင်ဆာသည် ရှူးဖိနပ်တွေကိုလည်း ရူးသွပ်သူဖြစ်သည်။ သူ့အကြိုက်ဆုံး ရှူဖိနပ်ထဲတွင် သာမန်လူအနား မကပ်နိုင်သည့် Emmett ဖိနပ်တွေပါသည်။ ဈေးတွေကလည်း တန်ဖိုးမပြောနိုင်လောက်အောင်များသည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်သည့် သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ် Biographi Rosmah Mansor ထဲတွင် “ယင်းပစ္စည်းများအား ကျွန်မကိုယ်ပိုင်ငွေဖြင့် ဝယ်သည်” ဟု ရေးသားဖော်ပြထားသည်။ မည်သည့်နေရာကငွေတွေရသနည်း ဆိုခြင်းက သူဖြေရှင်းထားပုံမှာ သူမကိုယ်ပိုင် အသံသွင်းခဲ့သည့် သီချင်းခွေမှ ဒေါ်လာသန်းချီပြီး ဝင်ငွေတွေရခဲ့ကြောင်း ဖြေရှင်းသည်။ ထိုအခွေကို သူ့ခင်ပွန်းကောင်းစားမှထုတ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးများနှင့် အစိုးရအဖွဲ့တွေက အသံပါရမီရှင်အဖြစ် အသိအမှတ်ပြုကာ အခွေကိုဝယ်ယူအားပေးခဲ့ကြခြင်းကြောင့် ဒေါ်လာ သန်းချီရကာ ဤသို့ သုံးနိုင်ဖြုန်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

နာဂျစ်နှင့် မင်ဆာတို့၏ ဆက်ဆံရေးကလည်း အလွန်လျှို့ဝှက်သည်။ သူတို့အတိတ်ကို ခြေရာကောက် ရခက်လှသည်။ သို့သော်နာဂျစ်တစ်ယောက် ဝန်ကြီးချုပ်ဘဝကို နေရာရလာမှ သူ့အကြောင်းရေးသားဖော် ထုတ်လာသမျှသာ သိကြရခြင်းဖြစ်သည်။ မင်ဆာသည် နာဂျစ်၏ ဒုတိယဇနီးဖြစ်သည်။ ၁၉၇၄ ခုနှစ်က မလေးရှားတက္ကသိုလ်မှ လူမှုဗေဒနှင့် မနုဿဗေဒဘွဲ့များရခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် လူဝီဆီယားနား တက္ကသိုလ်မှ လူမှုဗေဒနှင့် စိုက်ပျိုးရေး Master ဘွဲ့ထပ်ရသည်။

မင်ဆာတွင် မွေးစားသမီးတစ်ယောက်ရှိသည်။ နာဂျစ်၏ မယားပါသမီးဖြစ်လာပြီး ဆိုရာယာဟု ခေါ်သည်။ အနီးကပ်နေထိုင်သူများက နာဂျစ်ကို မယားကြောက်ဟုပြောကြသည်။ အဘယ်ကြောင့် ဆိုသော် တစ်နေ့တွင် နာဂျစ်ကို မင်ဆာက ခေါင်းကိုဖြတ်ရိုက်လိုက်သည်ကို နာဂျစ်သည် ဘာမှမပြောဘဲ ငြိမ်ခံနေရသည်ဟုလည်း ပြောကြသည်။ 

နာဂျစ်သည် ရွေးကောက်ပွဲတွင် မဟာသီယာကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဘဝက အနားယူ လိုက်ချိန်တွင် ဆိုရှယ်မီဒီယာပေါ်တွင် လူတွေက ဝိုင်းဝန်းဝေဖန်မှုများ ဆူညံလာသည်။ နာဂျစ်နှင့် စိန်မမကတော်ကြီးကို ဤအတိုင်းထားလိုက်လျှင် ထွက်ပြေးတော့မည်။ သူတို့ထွက်ပြေးလျှင် တိုင်းပြည်က ဗုန်းထားသမျှတော့ကုန်ပါပြီဆိုသည့် ရေးသားမှုများကိုပင် တွေ့ရသည်။

မဟာသီယာကိုလည်း ယခင်တရားသူကြီးချုပ်ဟောင်းက သတိပေးသည်။ နာဂျစ်သာ တိုင်းပြည်က ထွက်သွားလျှင် 1MDB မှ ပျောက်ဆုံးနေသည့် ရန်ပုံငွေများကို ပြန်ပြီးအစဖော်ရန်မလွယ်ဟုဆိုသည်။ ထို့ကြောင့် မဟာသီယာကလည်း နာဂျစ်အိမ်များကို ဝင်စီးရန်ခွင့်ပြုပြီး လျှပ်တစ်ပြက်ဝင်သိမ်းကာ အစဖော်လိုက်မှငွေများ၊ ပစ္စည်းများ၊ ပိုင်ဆိုင်မှုများကို မတန်တဆ သိမ်းဆည်းရမိလိုက်ခြင်းဖြစ်သည်။ နာဂျစ်နှင့် ဇနီးကိုလည်း ပြည်ပထွက်ခွာခွင့်များကို ပိတ်လိုက်သည်။ 

နာဂျစ်သည် လက်ရှိအနေအထားတွင် မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၏ စစ်ဆေးခြင်းများကို ခံနေရသည်။ နာဂျစ်ကလည်း သူ့အိမ်ကိုရဲများ ဝင်ရောက်စစ်ဆေးစဉ်က ရေခဲသေတ္တာပါမကျန် စစ်ဆေးသည့်အပြင် ချောကလက်ဘူးများကိုပါ ဖောက်ဖွင့်စစ်ဆေးခြင်းအပေါ် ဝေဖန်ပြစ်တင်နေသည်။ သူအရာကျသွားသောကြောင့် နိုင့်ထက်စီးနင်းလုပ်ခြင်း ခံရခြင်းဖြစ်ကြောင်းပြောသည်။ 

မည်သို့ဆိုစေ 1MDB ရန်ပုံငွေမှ ပျောက်ဆုံးနေသည့် ငွေများမှာ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရှိသည်။ ထိုငွေတွေကို ပြန်ဖော်ထုတ်နိုင်ရေးမှာ မဟာသီယာ၏ တာဝန်ဖြစ်သည်။ မဟာသီယာကလည်း သူ့အစိုးရဝန်ကြီးအဖွဲ့နာမည်ကောင်းယူရန် လစာတွေ လျှော့ယူခိုင်းနေသည်။ 

နာဂျစ်ကတော် ဖတ်စ်လေဒီကြီးဘဝတွင် အဆိုတော်လုပ်ခဲ့ စီဒီထုတ်ခဲ့သည့်အတွက် ငွေမည်မျှ မြတ်စွန်းသွားသည်တော့မသိ။ လက်ရှိပိုင်ဆိုင်ထားသည်များမှ သူရှာထားသည့်ငွေများဖြင့် ဝယ်ထားသည်ဆိုလျှင်ပင် သူသည် တစ်ခွေတည်းနှင့်ကမ္ဘာကျော်များထက် ပင်ချမ်းသာသူဖြစ်ကာ စံချိန်ဝင်နေပြီဖြစ်သည်။ စိန်စီသော ကတော်ကြီး မင်ဆာ၏ ဇာတ်လမ်းနောက်ဆက်တွဲများမှာ စိတ်ဝင်စားစရာပင်။

(Ref: News.com, The Coverage, Time, Bloomberg, Channel News Asia)